အိန္ဒိယ-မြန်မာ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နှစ်နိုင်ငံနယ်စပ်တံတားတွင် ကားများဖြတ်သန်းခွင့်ပိတ်ထား

အိန္ဒိယ-မြန်မာ နယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နှစ်နိုင်ငံနယ်စပ်တံတားတွင် ကားများဖြတ်သန်းခွင့်ပိတ်ထား
Published 23 May 2018

ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ အိန္ဒိယ-မြန်မာနယ်နယ်စပ်တံတားကို တွေ့ရစဉ်

အိန္ဒိယ - မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ နှစ်နိုင်ငံပိုင်ဆိုင်သည့် နယ်စပ်တံတားတွင် ကားများဖြတ်သန်းခွင့်ကို အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်မှ ပိတ်ပင်ထားသည်ဟု သိရှိရပါသည် ။

“မနေ့က ပိတ်ထားတယ်။ ကုန်တော့ မပိတ်ဘူး။ ကားအသွားအလာတွေ ပိတ်တာ။ ကုန်တွေက လူနဲ့ပဲဖြစ်ဖြစ်၊ တွန်းလှည်းတွေနဲ့ပဲဖြစ်ဖြစ် တွန်းကြသွားကြတယ် ။ အမြဲတမ်းတော့ ကုန်တွေက မကြာခဏ ပိတ်တတ်တယ်။ ဒါပေမဲ့ ရေကန်မှာ လာမယ့်ကားတွေကျတော့ သူတို့ဘက်က (အိန္ဒိယနိုင်ငံဘက်ကကားတွေ) ဘယ်တော့မှ မပိတ်ဘူး။ မနေ့ကစပြီး ပိတ်သွားတာ ဘာသဘောလဲတော့ မသိဘူး။ အိန္ဒိယ အာသံရိုင်ဖယ်ကနေပြီး ပိတ်တယ်လို့ ကြားတယ် ။ သူတို့ရဲ့အမိန့်နဲ့ ဂိတ်မှာရှိတဲ့ ရဲတွေ၊ ကာစတန်တွေကို အမိန့်ပေးပြီးပိတ်တယ်လို့ ကြားတယ်” ဟု ရိခေါဒါရ်မြို့ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက ပြောကြားသည် ။

အဆိုပါနယ်စပ်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခွားသာကျေးရွာနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်တို့ကို ချောင်းတစ်ခု ခြားထားပြီး အဆိုပါချောင်းကို နှစ်နိုင်ငံပိုင်ဆိုင်သည့် နယ်စပ်တံတားဖြင့် ဆက်သွယ်ထား၍ နယ်စပ်ကုန်သွယ်ရေးများလည်း ပြုလုပ်သည်ဟု သိရသည်။

“စ,ပိတ်တာကျတော့ မနေ့က မေ ၂၁ ရက်နေ့က။ ပိတ်တာက အာသံရိုင်ဖယ်တပ်က ပိတ်တာတဲ့။ ဘာအကြောင်းကြောင့် ပိတ်တယ်ဆိုတာကတော့ ဘယ်သူမှ မသိရသေးဘူး။ ဟိုဘက်ကမ်းက (အိန္ဒိယနိုင်ငံဘက်က) ရဲတွေ၊ အကောက်ခွန်တွေရော သွားမေးသေးတယ်။ မပြောတတ်ဘူးတဲ့ ဘာကြောင့်ပိတ်ထားတယ်ဆိုတာ မသိပါဘူးတဲ့။ ဒီကနေ့ရော ပိတ်ထားသေးတယ်။ ဘယ်အချိန်အထိ ပိတ်ထားမယ်ဆိုတာလည်း မပြောတတ်သေးဘူးတဲ့။ ကုန်ကားတွေတင် မဟုတ်ဘူး။ ဘီးလေးဘီး တပ်ထားတဲ့ယာဉ်တွေ ဖြတ်လို့မရဘူး။ လူစီးယာဉ်၊ အငှားယာဉ်တွေပါ ပါတယ်။ ချင်းတွန်းလှည်း (ခမ်မထူးမော်တော်) တွေတော့ ကုန်စည်တွေပို့ဖို့ဆိုပြီး ခွင့်ပြုထားတယ်။ ကွမ်းသီးတွေကျတော့ လူရယ်၊ တွန်းလှည်းရယ် ပို့မယ်ဆိုရင် ကုန်ကျစရိတ်က များလာမှာဆိုတော့ မပို့တော့ဘူးတဲ့။ ဒီအတိုင်းနားလိုက်ဦးးမယ် ဆိုပြီးတော့ ကွမ်းသီးကတော့ မသွားဘူး။ တခြား မူဆယ်ပစ္စည်းတွေနဲ့ ကုန်စည်တွေကတော့ တွန်းလှည်းတွေ၊ လူတွေထမ်းပြီး သွားတာရှိတယ်။ ဟိုဘက်ကမ်းက (အိန္ဒိယနိုင်ငံ) ပို့လာတဲ့ ကုန်စည်ကျတော့ လူကိုယ်တိုင် ထမ်းပြီးလာပို့ကြတယ်။ တခြားလမ်းတွေကလည်း လုံးဝပိတ်ထားတယ်။ တံတားရှောင် လမ်းတွေက အများကြီး အဲဒါတွေကို သူတို့ဘက်က (အိန္ဒိယနိုင်ငံ) စက်ကြီးတွေနဲ့ ထိုးပြီးတော့ ဖျက်ဆီးသွားတာလေ။ သွားလို့ မရအောင်ပေါ့” ဟု ရိခေါဒါရ်မြို့ခံတစ်ဦးက ပြောကြားသည် ။ ရိခေါဒါရ်မြို့တွင် အသည်းနှလုံးပုံ ရိဒ်ရေကန်ရှိပြီး ပြည်တွင်းဧည့်သည်များနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ဒေသခံများကားများဖြင့် မကြာခဏလာရောက်လည် ပတ်လေ့ရှိသည်ဟု သိရသည် ။

“ကားအသွားအလာပိတ်တာနဲ့ ပတ်သက်လို့တော့ သတင်းက အမျိုးမျိုးကြားနေရတာပဲ၊ ဘာ့ကြောင့်ဆိုတာ တိတိကျကျမသိဘူး။  ကားအဝင်အထွက် ပိတ်ထားတာကတော့ မှန်တယ် ။ ကွမ်းသီးပို့တာတွေကတော့ နားထားတာပေါ့” ဟု ရိခေါဒါရ်မြို့မှ ကိုအောင်အောင်က ဆိုသည်