မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင်လူသတ်မှု တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း နေအိမ်သို့ လာရောက်ချောင်းမြောင်းသည့် သံသယရှိသူသုံးဦးအား ဖမ်းမမိသေး

မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင်လူသတ်မှု တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း နေအိမ်သို့ လာရောက်ချောင်းမြောင်းသည့် သံသယရှိသူသုံးဦးအား ဖမ်းမမိသေး
Published 21 August 2017

မင်္ဂလာဒုံမြို့နယ်ရှိ အခင်းဖြစ်နေအိမ် (ပုံကြီး) နှင့် သံသယရှိသူသုံးဦး (ပုံသေး) အား တွေ့ရစဉ်

မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရဲအရာရှိဟောင်းအပါအဝင် မိသားစုလေးဦး အသတ်ခံခဲ့ရမှုမှာ တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း အခင်းမဖြစ်မီက နေအိမ်အား လာရောက်ချောင်းမြောင်းခဲ့သည့် သံသယရှိသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သြဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

“အခင်းဖြစ်ပြီး ၁၀ လကျော်လောက်မှာ ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးထားပြီးဖြစ်ပါတယ်။ ဓာတ်ပုံထဲက သံသယရှိ တဲ့သူသုံးဦးနဲ့ပတ်သက်ပြီးတော့ စုံစမ်းနေဆဲ ပါပဲ”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ် မြအေး ချမ်းသာလမ်းနေ ဒေါ်ရီရီနွဲ့သည် ရွှေပြည်သာမြို့နယ်မှ ပြန်လာစဉ် ခြံဝင်းတံခါးနှင့် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်းသုံးဦးနှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်းပေါက် မှတစ်ဆင့် နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ သမက်ဖြစ်သူ စိုးနောင် (၃၇ နှစ်) နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃ နှစ်) တို့ မှာ အိမ်ရှေ့ခန်း၌လည်းကောင်း၊ သမီးဖြစ်သူ မချယ်ရီပွင့် (၃၄ နှစ်) မှာ မီးဖိုခန်း၌လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ် (၈ နှစ်) မှာ အိပ်ခန်းအတွင်း အိပ်ရာပေါ်တွင်လည်းကောင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အဆိုပါ အမှုကို ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၁၀ လကျော် အကြာအတွင် ရဲတပ်ဖွဲ့က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခုကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် သေဆုံးသူ စိုးနောင်သည် ဧည့်ခန်းအတွင်း၌ အဝတ်အစားမပါရှိဘဲ ပက်လက်အနေအထားဖြင့် ရင်ဘတ်တွင် ဓားသွားကန့်လန့် ထိုးသွင်းဒဏ်ရာလေးချက်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်သည် မီးဖိုချောင်ခန်းအတွင်း မျက်နှာ၊ ရင်ဘတ်၊ ကျောတို့တွင် ဓားထိုးသွင်းဒဏ်ရာ ၁၂ ချက်၊ သားအကြီးဖြစ်သူ မောင်ဟန်သူရသည် ဧည့်ခန်းအတွင်း၌ ယာဘက်နံစောင်း ထိုးသွင်းဒဏ်ရာငါးချက်၊ သားငယ်ဖြစ်သူ မောင်စွမ်းထက်မြက်သည် အိပ်ခန်းအတွင်း အိပ်ရာပေါ်၌ ဓား သွားကန့်လန့်ထိုးသွင်းဒဏ်ရာ လေးချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးသူရဲနောင်၏ ဝဲဘက်လက်အနီးတွင် အရိုးလေးလက်မ၊ အသွားခုနစ်လက်မခန့်ရှိ သတ္တုလက်ကိုင်တပ်ဆင်ထားသော သွေးစွန်းနေသည့် သက်သေခံ ဓားတစ်ချောင်းကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သေဆုံးသူစိုးနောင်၏အလောင်းအနီးမှ သွေးကွက်အတွင်း ခြေရာအချို့နှင့် သေဆုံးသူ မောင်စွမ်းထက်မြက်၏ ခုတင် ဘေးမှ သွေးစွန်းနေသည့် ကြမ်းပြင်ပေါ်၌ ဖိနပ်ရာတစ်ခု သွေးများပေကျံနေသည့် စွပ်ကျယ်တစ်ထည်နှင့် သွေးပေကျံနေသည့် ခြင်ထောင် စသည့်သက်သေခံ အထောက်အထားများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ နေအိမ်အတွင်း ပြစ်မှုကျူးလွန်သူများ ဝင်ထွက်နိုင်သည့် လမ်းကြောင်းနှင့် အခြားထူးခြားမှု သဲလွန်စများ ဖော်ထုတ်တွေ့ရှိမှုမရှိခြင်း၊ နေအိမ်ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် အခင်းမဖြစ်မီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင်ပေးထားသော ငွေစက္ကူ ကျပ် ၁၀၅၀၀၀ မှာလည်း ပုံမပျက်ရှိနေခြင်း၊ မချယ်ရီပွင့်၏စိန်နားကပ်မှာလည်း ဝတ်ဆင်ထားလျက် တွေ့ရှိခြင်းတို့ကြောင့် ပစ္စည်းတစ်စုံတစ်ရာ ရလိုမှုကြောင့် လူသတ်လုယက်ခံရခြင်းမဟုတ် ဟုယူဆနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လူမှုကွန်ရက်ပေါ်တွင် ဖော်ပြနေသော လေးလောင်းပြိုင်လူသတ်မှုမှ မချယ်ရီပွင့်ဖုန်း ဖြင့်ရိုက်ယူထားသော မသင်္ကာဖွယ်လူသုံးဦး  ၏ဓာတ်ပုံနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတဆဲဖြစ်ကြောင်း၊ သေဆုံးသူ စိုးနောင်၏ လုပ် ငန်းလုပ်ကိုင်မှုအခြေအနေအား စုံစမ်းရာ ၎င်းင်းမှာ ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက် ဆိပ်ကမ်းသာလမ်းရှိ အုတ်၊ သဲ၊ ကျောက်ဆိုင် တစ်ဆိုင်မှ အုတ်သဲကျောက်များကို အကြွေး ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အကြွေး ကျပ် ၂၇ သိန်း တင်ရှိခဲ့ကာ ဆိုင်ပိုင်ရှင်က ဖုန်းဖြင့် အကြိမ်ကြိမ်တောင်းခံမှုကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် စိုးနောင်က ငွေကျပ် ၁၀ သိန်း ပေးဆပ်ခဲ့သည် ကို ရဲတပ်ဖွဲ့မှ သိရှိခဲ့ရကြောင်း စစ်ဆေးတွေ့ ရှိချက်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်နေအိမ် ခြံဝင်းအတွင်းနှင့် ခြံဝင်းအပြင်တို့ကို စစ်ဆေးရာ သေဆုံးသူ မိသားစု၏ ဗေဒင်ယတြာချေထားသော ပစ္စည်းများတွေ့ရှိခြင်း၊ သေဆုံးသူ မချယ်ရီ ပွင့်၏ ခြေဖဝါးနှစ်ဖက်တွင် အကြွေးပေးရန် ရှိသောသူ၏အမည်ကို မင်ဖြင့်ရေးသားထားသည်ကို တွေ့ရှိခြင်း၊ နေအိမ်ဗီရိုအတွင်းမှ မှော်၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ ဝိညာဉ်နှင့် ဂမ္ဘီရ စာအုပ်များကိုလည်း တွေ့ရှိသိမ်းဆည်းရမိ ခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် တရားလိုနှင့် လွတ်လပ်သော သက်သေ ၁၅၆ ဦး၊ သင်္ကာမကင်းသူ ခုနစ်ဦးတို့အား အသေးစိတ်စိစစ်ခဲ့ရာ ကျူးလွန်သည့်အချက်အလက်အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

သက်သေခံအဖြစ် တွေ့ရှိခဲ့သည့် ခြေရာ များမှာလည်း သေဆုံးသူစိုးနောင်၏ ခြေရာ များသာဖြစ်ကြောင်း၊ ခုတင်ဘေးတွင် တွေ့ရှိ ခဲ့သည့်ဖိနပ်ရာမှာ တရားလိုဒေါ်ရီရီနွဲ့၏ ဖိနပ်ရာဖြစ်သည်ကို စိစစ်အတည်ပြုနိုင်ခဲ့ ကြောင်း၊ မချယ်ရီပွင့်သည် တစ်ခါတစ်ရံတွင် အရက်နှင့် ဝိုင်ကို သောက်လေ့ရှိကြောင်း သိရပြီး စစ်ဆေးစဉ် ထမင်းစားခန်းတွင် သောက်လက်စ ဝီစကီပုလင်းမှ အရက်လေးပုံတစ်ပုံနှင့် ရေခဲသေတ္တာအတွင်းမှ ဝိုင်အသစ် နှစ်ပုလင်းတို့ကို တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

ဓာတုဗေဒဝန်ရုံးမှ စစ်ဆေးချက်အရ သေဆုံးသူစိုးနောင်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှုမတွေ့ရှိရဘဲ မချယ်ရီပွင့်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု ၀ ဒသမ ၁၆ ရာခိုင်နှုန်းကို တွေ့ရှိခဲ့ကြောင်း၊ စိုးနောင် အနီးမှတွေ့ရှိခဲ့သည့်ဓားမှာ ၎င်းင်း၏ကိုယ်ပိုင် ဓားဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ပြီး DNA စစ်ဆေးခဲ့ရာ သေဆုံးသူလေးဦးတို့၏ DNA သာတွေ့ရကြောင်း၊ ဓားအရိုးတွင်လည်း သေဆုံးသူစိုးနောင်၏ DNA ကို တွေ့ရှိခဲ့ရကြောင်း၊ ဓားသွားပေါ်ရှိ သွေးများမှာ သေဆုံးသူလေးဦး၏ DNA များကိုသာ တွေ့ရှိ ခဲ့ရကြောင်း၊ သိမ်းဆည်းရမိသည့် စွပ်ကျယ်မှာ စိုးနောင်၏စွပ်ကျယ်ကိုချွတ်၍ သွေးများကို သုတ်ထားသည့်အနေအထားဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ရေးသားထုတ်ပြန်ခဲ့သည်။

သေဆုံးသူစိုးနောင်၏ ဝဲဘက်လက်သန်းတွင် သွေးခြည်ဥ ဒဏ်ရာတွေ့ရှိသဖြင့် မှုခင်းဆရာဝန်မှ စစ်ဆေးရာ သက်သေခံဓား၏ သတ္တုအရိုးအား တင်းကျပ်စွာကိုင်ဆောင်၍ အချက်ပေါင်းများစွာထိုးစဉ် ရရှိနိုင်သော သွေးခြည်ဥဒဏ်ရာ ဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ ထို့ပြင် သေဆုံးသူတစ်ဦးချင်းစီတွင် တွေ့ရှိရ သော ဓားဒဏ်ရာများမှာ သိမ်းဆည်းရမိခဲ့သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိခဲ့သော ဒဏ်ရာများဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စိုးနောင်၏ကိုယ်ပေါ်တွင် တွေ့ ရှိရသော ကန့်လန့်ပုံဓားထိုးသွင်းဒဏ်ရာ လေးချက်သည်လည်း သေဆုံးသူအနေဖြင့် ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုးဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကိုယ် ထိုးသွင်းရရှိသည့်ဒဏ်ရာ ဖြစ်သည်ကို မှုခင်းဆရာဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူစိုးနောင်သည် ဒဿနိကဗေဒဘွဲ့ရရှိထားသူဖြစ်ပြီး စိတ်မြန်လက်မြန် ဆောင်ရွက်တတ်သူဖြစ်ကြောင်း၊ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တတ်သည့် အလေ့အထ ရှိကြောင်း၊ ၎င်းတို့ဇနီးမောင်နှံမှာ အိမ်ထောင်မပြုမီအချိန်မှစ၍ သေဆုံးချိန်အထိ အိမ်ထောင်ရေးပြဿနာများ၊ လူမှုရေး ပြဿနာများရှိနေခဲ့ကြောင်း၊ အခင်းမဖြစ်မီ သုံးလခန့်မှစပြီး မိသားစုစီးပွားရေး အကျပ်အတည်းများကြုံတွေ့နေရကြောင်း၊ လင်မယား မကြာခဏစကားများမှုရှိပြီး ထိုသို့ဖြစ်နေ သည့်အတွက် စိုးနောင်မှာ အအိပ်အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိသည်ကို ပတ်ဝန်းကျင်သက်သေများက ထွက်ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့မိသားစု၏ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာများအား ကောင်းစွာသိရှိသူ ရှစ်ဦးမှာလည်း သက်ဆိုင်ရာတရားရုံးတွင် ကြိုတင်ထွက်ဆိုချက်များ ပြည့်စုံစွာ ထွက်ဆို ပေးထားပြီးဖြစ်ကြောင်းနှင့် သက်သေကျွမ်းကျင်သူ ပညာရှင်များ၊ သက်မဲ့သက်သေ အထောက်များမှ စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုအား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး သုံးရက်ခန့်အကြာတွင် သေဆုံးသူမိသားစုက အခင်းဖြစ်နေအိမ်တွင် မီဒီယာများအား သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲတွင် သေဆုံးသူ ကိုစိုးနောင်၏အစ်ကိုဖြစ်သူ ဆရာတော် ဦးဝိစာရနှင့် သေဆုံးသူ မချယ်ရီပွင့်၏မိခင် တို့က ရှင်းလင်းပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ကိုစိုးနောင်သည် ဘယ်သန်ဆို သည်မှာ မဟုတ်မှန်ဘဲ ညာသန်ဖြစ်ကြောင်း၊ ဂမ္ဘီရစာအုပ်များတွေ့ရှိခြင်းနှင့်ပတ်သက်၍ ကိုစိုးနောင်မှာ စာဖတ်ဝါသနာပါခြင်းမရှိဘဲ သားအကြီးဖြစ်သူသာ စာဖတ်ဝါသနာပါ ကြောင်း၊ နေအိမ်လမ်းထိပ်ရှိ ဂမ္ဘီရစာအုပ်ရေးသူကို ခင်မင်သည့်အတွက် စာအုပ်များဝယ်ယူထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ကထုတ်ပြန်သည့် ကိုစိုးနောင်မှာ အကြွေး ၂၇ သိန်းရှိပြီး ၁၀ သိန်းကို ပေးဆပ်ထားသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ အကြွေး ခုနစ်သိန်းသာ ဆပ်ရန်ကျန်ရှိကြောင်း၊ သံသယရှိသူသုံးဦးအား ဖမ်းဆီး၍ မစစ်ဆေးနိုင်သည့်အခြေအနေတွင် ယခုကဲ့သို့ မထုတ်ပြန်သင့်ကြောင်း၊ အမှုဖြစ်စဉ်အား ရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေးပေးရန်  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီနေ့က တစ်နှစ်ပြည့်တယ်ပေါ့နော်။ အာ့ကြောင့် အိမ်မှာ စိုးနောင်ရဲ့အစ်ကို ဘုန်းဘုန်းကိုခေါ်ပြီး ဆွမ်းကပ်တယ်။ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကွဲလွဲကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဆက်သွယ်လာတာတော့ မရှိဘူး။ အန်တီတို့က ဓာတ်ပုံထဲက သုံးယောက်ကို ရဲတပ်ဖွဲ့အနေနဲ့ အရင်ဖမ်းဆီးပြီး ဟုတ်၊ မဟုတ် စစ်ဆေးစေချင်ပါတယ်” ဟု ဒေါ်ရီရီနွဲ့က သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။

Most Read

Most Recent