ပြောင်းလဲလိုက်တဲ့ စိုက်ဘဏ်ချေးငွေ စနစ်အသစ်အရ ဘာတွေဖြစ်လာနိုင်လဲ

ပြောင်းလဲလိုက်တဲ့ စိုက်ဘဏ်ချေးငွေ စနစ်အသစ်အရ ဘာတွေဖြစ်လာနိုင်လဲ
Published 21 May 2018

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာ စနစ်ပုံစံအသစ်နဲ့ အရင်ကျင့်သုံးခဲ့တဲ့ သုံးဦးလျှင်တစ်စုအဖြစ် ဝိုင်းလေးချုပ်စနစ်မှ တစ်ဦးချင်းစီကို တိုက်ရိုက်ထုတ်ချေးတဲ့ ပုံစံစနစ်အသစ်ကို ၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေမှ စတင်ကာ ပြောင်းလဲကျင့်သုံးသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တောင်သူတစ်ဦးချင်းစီကို မိမိတို့ဆန္ဒအလျောက် မိမိကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ ငွေထုတ်ချေးပေးသည့်စနစ်ဟာ တောင်သူလယ်သမားများ ကိုယ်တိုင်ကရော တောင်သူများအကျိုးပြု လေ့လာကူညီပေးနေသည့် အဖွဲ့အစည်းများကပါ အစဉ်အဆက် အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ဟာ မကြာမီရက်ပိုင်းအတွင်းမှာ ထုတ်ချေးတော့မယ့် ၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေစနစ်မှာ စတင်အသက်ဝင် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

စနစ်အသစ်မှာ ဘယ်လိုသတ်မှတ်ချက်တွေ ပါဝင်သလဲ

တောင်သူတစ်ဦးချင်းစီကို တိုက်ရိုက်ထုတ်ပေးတဲ့ ချေးငွေစနစ်အသစ်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ချေးငွေထုတ်ပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကနေ မေ ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချေးငွေညွှန်ကြားစာအရ ဘဏ်ချေးငွေမူစနစ်တွင် အချက်ငါးချက် ပါဝင်ခဲ့ပြီး ယခင်စနစ်ဟောင်းနှင့် နှိုင်းယှဉ်ပါက ကြီးမားသော အပြောင်းအလဲမရှိခဲ့ဘဲ တောင်သူတစ်ဦးကို သီးနှံ ၁၀ ဧက နှုန်းထားအထိသာ ထုတ်ချေးပေးသည့် စည်းကမ်းသတ်မှတ်ချက်က ပါဝင်နေဆဲဖြစ်ပါတယ်။ တောင်သူတစ်ဦးဟာ လယ်ဘယ်နှစ်ဧကပဲ ပိုင်ဆိုင်ထားပါစေ စိုက်ပျိုးစရိတ်ချေးငွေဟာ တစ်ဧကအတွက် တစ်သိန်းငါးသောင်းကျပ်နှုန်းနဲ့ ဆယ်ဧကအထိအတွက်သာ ထုတ်ယူခွင့်ရရှိမှာပါ။

ချေးငွေစည်းကမ်း သတ်မှတ်ချက်များမှာတော့ အချက်ကိုးချက်အထိ ပါဝင်ပြီး အချက်အားလုံးဟာ ချေးငွေထုတ်ယူမည့် တောင်သူများအပေါ် သတ်မှတ်ထားတဲ့ စည်းကမ်းချက်များပဲဖြစ်ပါတယ်။ စည်းကမ်းချက် (ခ) မှာ ပါဝင်တဲ့ ယခင်စိုက်ပျိုးစရိတ် ထုတ်ချေးခဲ့စဉ်က ဝိုင်းလေးချုပ်စနစ်ဖြင့် ထုတ်ချေးသည့်စနစ်အရ တောင်သူသုံးဦးလျှင် တစ်စုအဖြစ် ထုတ်ချေးခဲ့ပြီး အစုအဖွဲ့အတွင်း အခြားသောတောင်သူများမှ ကြွေးများ ပြန်လည်မပေးသွင်းသော်လည်း မိမိကိုယ်တိုင်က ကြွေးများကျေလည်အောင် ပြန်လည်ပေးသွင်းပြီးဆိုပါက ယခုသတ်မှတ်သည့် တစ်ဦးချင်းစီအလိုက် ထုတ်ချေးသည့်ချေးငွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကြိုဆိုရမည့်အချက်ဖြစ်ပြီးတော့ တောင်သူအားလုံးအတွက် အဆင်ပြေစေမယ့်အချက်ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို တာဝန်ယူမှု တာဝန်ခံမှုသာ ရှိရတော့မှာပါ။

တောင်သူများအတွက် အဓိကအခက်အခဲကတော့ စည်းကမ်းချက် (င) မှာ ပါဝင်တဲ့ သတ်မှတ်ချက်ပါပဲ။ စည်းကမ်းချက်ပါအရ တောင်သူတစ်ဦးဟာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ငွေချေးယူသည့်နေ့မှ စတင်ပြီးတော့ ချေးငွေပြန်လည်ပေးဆပ် အကြွေးကျေသည့်အချိန်ထိ မိမိတို့ပိုင်ဆိုင်ထားသော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှာ အပ်နှံထားရမှာပါ။ ဒါဟာ အပေါင်ထားတဲ့ စနစ်ပုံစံတစ်မျိုးလည်း ဖြစ်ပါတယ်။ ပုံစံ (၇) မူရင်းကို ဘဏ်မှာထားရခြင်းဟာ တောင်သူများအတွက် အခက်အခဲများစွာကို ကြုံတွေ့လာရမှာ အသေအချာပါပဲ။

“ပုံစံ (၇) ကို သိမ်းလိုက်မယ်။ ကျွန်တော်တို့က လယ်ဆယ်ဧကအထိပဲ ချေးလို့ရတာ။ စိုက်ဘဏ်က ကျွန်တော်တို့က လယ် ၁၀ ဧက ထက်ပိုတဲ့ ဧကတွေကျတော့ စိုက်ဘဏ်က ချေးပေးတာမရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့က ဒီပုံစံ (၇) ကို ဧက ၂၀ ရှိတယ်ဆို ၂၀၊ ၃၀ ရှိတယ်ဆို ၃၀ အဲဒီလိုတစ်ရွက်ထဲမှာ ပါသွားခဲ့ရင် ကျွန်တော်တို့က ဒီပုံစံ (၇) ကို အပေါင်ပြပြီး အခြားမှာ ချေးငွေထုတ်ရမယ့်ဟာမျိုးကို အခက်အခဲတွေဖြစ်လာနိုင်တယ်။ အရင်နှစ်တွေက မိတ္တူပဲပေးရတာ ဒီနှစ်လည်းကျရော မူရင်းပေးရမယ်ဆိုတော့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ လိုတဲ့ငွေကြေးကို ရှာဖွေဖို့ အခက်အခဲတွေအများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီအထဲမှာ သူတို့ပေးတဲ့ တစ်သိန်းခွဲဆိုတာ ကောက်စိုက်တဲ့စရိတ်နဲ့ ပျိုးနုတ်တဲ့စရိတ်လောက်ပဲ ရမှာဖြစ်တဲ့အတွက် လက်ရှိပေးတဲ့ ၁၀ ဧကမှာလည်း ငွေကြေးက လိုသေးပါတယ်။ အဲဒီတော့ ဒီပုံစံ (၇) နဲ့ အခြားနေရာတွေမှာ ကုမ္ပဏီတွေမှာပြပြီး ထပ်ချေးရပါတယ်။ အခုဒီပုံစံ (၇) မူရင်းကို ပေးမှရမယ်ဆိုရင်တော့ ကျွန်တော်တို့ လယ်သမားတွေအကုန်လုံး လုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်သွားနိုင်ပါတယ်” ဟု တောင်သူလယ်သမားအဖွဲ့ အတွင်းရေးမှူး ဦးအေးသောင်းက ကိုယ်တိုင်လယ်ယာလုပ်ငန်း လုပ်ဆောင်နေသူဖြစ်သည်မို့ တောင်သူများရဲ့ အခက်အခဲကို ထောက်ပြပြောကြားခဲ့ပါတယ်။

ထပ်မံဖြည့်စွက်တဲ့ ညွှန်ကြားချက်ဟာ တောင်သူအပေါ် ဘာတွေအကျိုးသက်ရောက်မလဲ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစနစ်အသစ်အတွက် မေ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် ချေးငွေညွှန်ကြားစာကို ထပ်မံဖြည့်စွက်သည့် ညွှန်ကြားစာအသစ်အား မေ ၁၆ ရက်က ထပ်မံထုတ်ပြန်ခဲ့ပါသေးတယ်။ ညွှန်ကြားစာအသစ်တွင် ၂၀၁၈ ခုနှစ် မိုးချေးငွေညွှန်ကြားစာ အပိုဒ် (၂) ဘဏ်ချေးငွေမူစနစ်၏ အပိုဒ်ခွဲ (ဂ) တွင် ဖော်ပြထားသည့် အချက်များအစား ‘ချေးငွေကို အိုးခွဲစား အိမ်ထောင်ဦးစီး (သို့မဟုတ်) ၎င်း၏ အိမ်ထောင်စုစာရင်းဝင်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇) အမည်ပေါက်သူတစ်ဦးကိုသာ ချေးငွေထုတ်ချေးရမည်။ ၎င်း၏ အိမ်ထောင်စုအတွင်း ပုံစံ(၇) အမည်ပေါက်သူ တစ်ဦးထက်ပိုပါက အိမ်ထောင်ဦးစီးက ထောက်ခံသည့်သူတစ်ဦးကိုသာ ငွေထုတ်ချေးရမည်၊ အိမ်ထောင်စုတစ်ခုအတွင်း တစ်ဦးထက်ပို၍ ထုတ်ချေးခြင်းမပြုရပါ” လို့ ဖော်ပြပါရှိပါတယ်။

သတ်မှတ်ချက်စည်းကမ်းကို အဓိပ္ပာယ်ဖွင့်ဆိုရပါက အိမ်ထောင်စုစာရင်း တစ်ခုတည်းမှာပဲရှိနေပြီး ဖခင်အမည်နဲ့ ပုံစံ (၇) တစ်ခု လယ်လုပ်ကွက်အစုအဖွဲ့တစ်ခု၊ မိခင်အမည်နဲ့ ပုံစံ (၇) တစ်ခု လယ်လုပ်ကွက် အစုအဖွဲ့တစ်ခု၊ သားသမီးအမည်နဲ့ ပုံစံ (၇) တစ်ခု လယ်လုပ်ကွက် အစုအဖွဲ့တစ်ခုစီ ပိုင်ဆိုင်ထားပါစေဦးတော့ အိမ်ထောင်စုစာရင်း တစ်ခုတည်းမှာ အတူပါဝင်နေသည့်အတွက် ယခင်ကဲ့သို့ ချေးငွေအသီးသီး ထုတ်ယူနိုင်တော့မှာမဟုတ်ဘဲ အိမ်ထောင်စုစာရင်းတွင် ပါဝင်သူတစ်ဦးတည်းကသာ ထုတ်ယူခွင့်ရတော့မှာပါ။

ဒီသတ်မှတ်ချက်ဟာ တောင်သူများအတွက် ကြီးမားသောအခက်အခဲပါပဲ။ ကျေးလက်နေပြည်သူဆိုတာ အိမ်ထောင်စုစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်ဆိုတာ မြို့တွေပေါ်မှာလို လွယ်လွယ်ကူကူ လုပ်ကိုင်ပြောင်းရွှေ့နိုင်ကြသူတွေ မဟုတ်ပါဘူး။ လယ်သမားမိသားစုတစ်စုမှာ သားသမီးတွေဟာ အချိန်တန်အိမ်ထောင်ကျကာ အိမ်ထောင်ခွဲနေပြီဆိုပါက လယ်ယာမြေများကိုသာ လွယ်ကူစွာ ခွဲခြမ်းပေးကြတာပါ။ မြို့ပေါ်ထိ အဆင့်ဆင့် သွားရောက်လုပ်ဆောင်နေရတဲ့ အိမ်ထောင်စုစာရင်းကိုပါ ခွဲခြမ်းအသစ် လျှောက်ထားတယ်ဆိုတာ မရှိသလောက်ပါပဲ။ အရင်စနစ်အဟောင်းအရ အဖေ့လယ်အတွက်လည်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်လို့ရဖို့ သားလယ်အတွက်လည်း စိုက်ပျိုးစရိတ် ချေးငွေထုတ်လို့ရဖို့ဆိုတဲ့ နည်းလမ်းတစ်ခုနဲ့သာ အမွေရတဲ့ လယ်ယာမြေကို ပုံစံ (၇) မှာ ပိုင်ရှင်အမည် ပြောင်းရွှေ့တာပဲ များပါတယ်။ အခုစနစ်အရ အိမ်ထောင်စုစာရင်းမှာ အတူပါဝင်နေပါက ပုံစံ (၇) နှစ်ခုပဲရှိရှိ အမည်ပေါက်နှစ်ဦးပဲရှိရှိ ချေးငွေကို ထုတ်ယူဖို့ဆိုတာ တစ်ဦးတည်းကသာ အိမ်ထောင်စုစာရင်းမှာ ပါဝင်တဲ့ မိသားစုတွေရဲ့ သဘောထားကို ရယူပြီးတော့ ထုတ်ယူခွင့်ရတော့မှာပါ။

ဥပမာတစ်ခုနဲ့ ရှင်းလင်းပြသရရင် လယ် ၂၅ ဧက ပိုင်ဆိုင်တဲ့ လယ်သမားကြီးတစ်ဦးမှာ အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ကျသွားတဲ့ သားနှစ်ဦးရှိသည်ဆိုပါက သူဟာ မိဘတို့ဝတ္တရားအရ သားကြီးကို လယ်ရှစ်ဧက အမွေပေးမယ်၊ သားအငယ်ကို လယ်ရှစ်ဧက အမွေပေးမယ် သူဟာ လယ်ကိုးဧကကို ဆက်လက်လုပ်ကိုင်နေသည်ပေါ့။ ယခင်စနစ်အဟောင်းအရ သားကြီးကလည်း သူရရှိထားတဲ့ လယ်ရှစ်ဧကကို သူ့နာမည်နဲ့ ပုံစံ (၇) ရယူပြီးတော့ စိုက်ဘဏ်ချေးငွေကို နှစ်တိုင်းရရှိနေသလို သားငယ်ရော လယ်သမားကြီးကပါ နှစ်တိုင်းချေးငွေထုတ်ယူလို့ ရရှိခဲ့ပါတယ်။ ကျေးလက်နေပြည်သူတို့၏ သဘောသဘာဝအရ အိမ်ထောင်စုအစု ခွဲသွားလည်း နေရာပြောင်းရွှေ့ နေထိုင်ကြသူတွေ အလွန်နည်းပါးပြီး ဥယျာဉ်ခြံဝင်းအတွင်းမှာသာ အိမ်ငယ်လေးများ ထပ်မံဆောက်လုပ်ကာ မိသားစုဝိုင်းဝိုင်းဝန်းဝန်းနဲ့ အိမ်ထောင်စုစာရင်း တစ်ခုတည်းနဲ့ စုစုစည်းစည်း နေကြသူတွေပါ။ အခုစနစ်သစ်အရ အိမ်ထောင်စုစာရင်း တစ်ခုတည်းမှာ ပါဝင်နေတာမို့ သူတို့စိုက်ဘဏ်ချေးငွေကို ဘယ်လိုထုတ်ယူရမလဲဆိုတာ စဉ်းစားစရာဖြစ်သွားပါပြီ။ အိမ်ထောင်စုစာရင်းအတွင်း ပါဝင်သူတစ်ဦးတည်းကသာ ချေးငွေထုတ်ယူလို့ရမှာမို့ ကျန်ရှိတဲ့ လယ်ယာမြေအတွက် ဘယ်ကစိုက်ပျိုးစရိတ်နဲ့ စိုက်ပျိုးလုပ်ကိုင်ကြမလဲဆိုတာ သူတို့အတွက် စဉ်းစားပေးကြည့်ဖို့လိုပါတယ်။ လိုအပ်သေးတဲ့ လယ်ယာမြေအတွက် အခြားမှ ငွေတိုးချေးငှားကာ လုပ်ဆောင်ကြဖို့ရှိနေပါပြီ။

နောက်ထပ် ပြင်ဆင်ဖြည့်စွက်တဲ့ ချေးငွေညွှန်ကြားစာပါ အချက်ကတော့ ၂၀၁၈ ခုနှစ် မိုးချေးငွေ ညွှန်ကြားစာ အပိုဒ် (၃) ငွေချေးစည်းကမ်း သတ်မှတ်ချက်များ၏ အပိုဒ်ခွဲ (င) တွင် ဖော်ပြထားချက်များအပြင် ‘ချေးငွေရယူမှုအတွက် အခြားသောအစိုးရဘဏ် သို့မဟုတ် အစိုးရက အသိမှတ်ပြုထားသောဘဏ်၊ စက်မှုလယ်ယာနှင့် သမဝါယမတို့တွင် ပုံစံ(၇) မူရင်းကို ပေါင်နှံထားသူဖြစ်ပါက ၎င်းတောင်သူအနေဖြင့် ဘဏ်ချေးငွေ ချေးယူမှုအခွင့်အရေး ဆုံးရှုံးနစ်နာမှုမရှိစေရန် ပုံစံ (၇) မူရင်းရယူထားသည့်ဌာန။ အဖွဲ့အစည်းများမှ ထောက်ခံချက်ပေးပါက ပုံစံ(၇) မိတ္တူကိုရယူ၍ ချေးငွေ ထုတ်ချေးပေးနိုင်သည်” လို့ ဖြည့်စွက်ထားပါတယ်။

ဖြည့်စွက်စည်းကမ်းချက်အရ တောင်သူတစ်ဦးဟာ စိုက်ပျိုးစရိတ်ချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရယူလိုပါက ၎င်းပိုင်ဆိုင်ထားတဲ့ ပုံစံ (၇) မူရင်းကို ပေးအပ်ထားရမယ်ဆိုတာ မူလထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်များမှာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ချေးပေးတာဟာ စိုက်ပျိုးစရိတ်ချေးငွေသာဖြစ်ပြီး လယ်တစ်ဧကအတွက် တစ်သိန်းငါးသောင်းကျပ် အများဆုံးမှ လယ် ၁၀ ဧကအတွက်သာ ထုတ်ချေးပေးတာပါ။ တောင်သူတစ်ဦးဟာ မိမိလယ်ယာမြေအတွင်းမှာ အသုံးပြုဖို့ ထွန်စက်ကိုင်းစက် ရိတ်သိမ်းခြွေလှေ့စက်များကို ဝယ်ယူဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် တောင်သူတစ်ဦးဟာ စက်ကိရိယာများဝယ်ယူဖို့ မိမိပိုင် ပုံစံ (၇) မူရင်းကို စက်မှုလယ်ယာ၊ သမဝါယမ၊ ဘဏ်များနှင့် အခြားသော ကုမ္ပဏီအဖွဲ့အစည်းများကို အပေါင်ပေးပြီးတော့ အရစ်ကျစနစ်နဲ့ ဝယ်ယူကြရပါတယ်။ ယခုချေးငွေစနစ်သစ်အရ ပုံစံ (၇) မူရင်းကို အပေါင်ပေးထားရမှာမို့ ယခင်က ဝယ်ယူထားတဲ့ စက်ကရိယာများအတွက် ပုံစံ (၇) မူရင်းကို အပေါင်ပေးထားတဲ့ တောင်သူတွေဟာ အခက်တွေ့မှုကို ယာယီဖြေရှင်းပေးဖို့ ဖြည့်စွက်လိုက်တဲ့ စည်းကမ်းပဲ ဖြစ်ပါတယ်။ ဖြည့်စွက်စည်းကမ်းမှာ စက်မှုလယ်ယာ၊ သမဝါယမ၊ ဘဏ်များနှင့်သာ ချိတ်ဆက်ပြီး ပုံစံ(၇) မိတ္တူကို လက်ခံပေးဖို့ဆိုတာသာ ပါဝင်နေပြီး ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူထားတဲ့ တောင်သူများအနေဖြင့် ပုံစံ(၇)ကို ဘယ်လိုရယူဆောင်ရွက်နိုင်တယ်ဆိုတာ မပါဝင်ပါဘူး။ လယ်ယာသွင်းအားစု စက်ကရိယာများကို လွယ်ကူစွာဝယ်ယူနိုင်တာဟာ ကုမ္ပဏီများထံကပဲ ဖြစ်နေတာလည်း စည်းကမ်းသတ်မှတ်သူများ သိသင့်တဲ့အချက်တစ်ခုပါပဲ။

“စိုက်ဘဏ်ကနေပြီးတော့ နှစ်တိုင်း နှစ်တိုင်းကတော့ ပုံစံ (၇) မိတ္တူနဲ့ပဲ လက်ခံတာပေါ့နော်။ မိတ္တူနဲ့ လက်ခံတဲ့အတွက် ဒီလယ်သမားတွေကလည်း အပြင်မှာ ဒီပုံစံ(၇)ကို ထားပြီးတော့ ငွေရှာလို့ရတယ် စိုက်ဘဏ်က ချေးပေးတဲ့ဟာလည်းရတယ်။ ဒီနှစ်မှာတော့ စိုက်ဘဏ်က ပုံစံ (၇) မူရင်းတွေကို သိမ်းမယ်ဆိုတော့ ဒီလိုသိမ်းခြင်းအားဖြင့် ဘာဖြစ်နိုင်လဲဆိုတော့ နံပါတ် (၁) လယ်သမားရဲ့ အခက်အခဲက မှန်းကြည့်တာပေါ့နော် ခန့်မှန်းခြေပေါ့ ရာခိုင်နှုန်း ၄၀ လောက်က ပုံစံ (၇) တွေ ရနိုင်ဖို့မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပုံစံ (၇) တွေဟာ ဒို့ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ လက်ထဲရောက်နေတယ်။ ရောက်နေတဲ့အတွက် ဒီကိစ္စကလည်း လျှို့ဝှက်လုပ်တာမဟုတ်ဘူး။ ဒီစိုက်ဘဏ်ကလည်း ဒီနှစ်မှ ပုံစံ (၇) ကိုအပ်မှ ငွေထုတ်ချေးမယ်ပြောတဲ့အတွက် ဒီဖက်မှာလည်း လယ်သမားက ပုံစံ (၇) ကို နဂိုလိုသွားပြီးတော့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေဆီမှာ သွားပြီးတော့ တောင်းလို့ရမှာမဟုတ်တော့ဘူး။ ဒါ့ကြောင့် လယ်သမားတွေမှာ တော်တော်အခက်အခဲ ဖြစ်လာနိုင်တယ်။ ဒီနေ့ပဲအခု ကျောက်စောင်းဆိုတဲ့ရွာကို သွားခဲ့တယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဘဏ်ပေါင်ထားတယ်၊ လယ်သမားတွေလည်း အခုထဲက ကြိုတင်ပြီး ကြိုးစားနေတာရှိတယ်။ ကြိုတင်ပြီးတော့ ဒီလယ်ကို ပေါင်ထားလို့ရမလားဆိုတာ။ အခုစနစ်က ဧကများတဲ့ တောင်သူတွေအတွက်တော့ အခက်အခဲကသိပ်မရှိဘူး ပုံစံ (၇) ကို ခွဲထားပြီးတော့ ဘဏ်မှာလည်း ချေးလို့ရနိုင်မယ်။ ဒီဖက်မှာလည်း ပေါင်ထားလို့ရနိုင်တယ်၊ ဧကနည်း တောင်သူတွေအတွက်တော့ အခက်အခဲတွေ အများကြီးရှိလာနိုင်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

စည်းကမ်းချက်များ တင်းကျပ်ခြင်းဟာ စိုက်ဘဏ်အနေဖြင့် မှားယွင်းနေသလား

၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတစ်ဦးချင်းစီအလိုက် ချေးငွေထုတ်ပေးဖို့ စနစ်ပြောင်းလဲရာမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်များဟာ တောင်သူတွေ လိုက်နာဆောင်ရွက် ခက်ခဲတယ်ဆိုပေမယ့် စည်းကမ်းချက်တိုင်းဟာ လိုအပ်ချက် ဖြစ်ပေါ်နေသည်တော့ မပြောနိုင်ပါဘူး။

မြန်မာနိုင်ငံအတွင်းမှာ တောင်သူလယ်သမားအများစု နေထိုင်ပြီးတော့ စပါးစိုက်ပျိုးမှုကို အဓိကလုပ်ဆောင်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာပင် ၂၀၁၂ ခုနှစ် မိုးရာသီစရိတ် ချေးငွေကနေစပြီးတော့ ၂၀၁၆ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအထိ အချိန်စေ့လွန် ကြွေးကျန်ပေါင်း ၇၈၀၄၀ ဒသမ ၇၉ ကျပ်သန်းကို တောင်သူဦးရေပေါင်း ၁၈၄၃၃၄ ဦးထံကနေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကောက်ခံရရှိခြင်း မရှိသေးပါဘူး။ ၂၀၁၇ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကနေ ၂၀၁၇ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအထိ အချိန်စေ့ ကြွေးကျန်ပေါင်း ၂၈၇၅၀၇ ဒသမ ၂၀ ကျပ်သန်းကိုလည်း ရရှိဖို့ကျန်ရှိနေပါသေးတယ်။ ဒါဟာ တောင်သူများရဲ့ စိုက်ပျိုးစရိတ်ချေးငွေကို ကြေလည်အောင် မပေးသွင်းနိုင်မှုအပေါ်မှာ တင်းကျပ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ပဲ ဆိုရပါမယ်။

ယခုပြောင်းလဲလိုက်တဲ့ တောင်သူတစ်ဦးချင်း စိုက်ပျိုးစရိတ်ချေးငွေစနစ်အရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ ယခုကိန်းကဏန်များထက် ပိုပြီးတော့ ကြွေးကျန်များစွာ ထပ်တိုးလာဖို့ရှိနေပါတယ်။ ပုံစံ(၇) မူရင်းကို အပေါင်ထားရမည့် စနစ်အရ အိမ်ထောင်စုစာရင်းတွင် ပါဝင်သည့်သူများအနက် တစ်ဦးတည်းကိုသာ ထုတ်ချေးပေးမည်ဟုဆိုသော စနစ်အရ အိမ်ထောင်စုတစ်ခုတည်းကနေ အပေါ်မှာ ဥပမာပြတင်ပြခဲ့တဲ့ လယ်သမားကြီးကဲ့သို့သော မိသားစုဝင်များဟာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တစ်ဦးတည်းသာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးဖို့ ဆုံးဖြတ်ပြီး ကျန်သောလယ်ယာမြေများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကျန်ရှိနေသေးတဲ့ ပုံစံ (၇) မူရင်းနှစ်ခုကို အခြားသော ငွေရှင်များထံမှာ အပေါင်ထားပြီးတော့ ထုတ်ယူပြီး ယမန်နှစ်စိုက်ပျိုးရာသီက စိုက်ဘဏ်က ထုတ်ယူထားတဲ့ချေးငွေကို မပေးဆပ်တော့ဘဲထားရှိမှာ သေချာနေပါပြီ။ ဒီလိုလုပ်ဆောင်မှု များပြားလာခဲ့မယ်ဆိုလျှင် တောင်သူဘက်ရော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘက်ရော အကျိုးယုတ်စေမှာပါ တောင်သူအနေနဲ့လည်း အတိုးမြင့်မားစွာနဲ့ စိုက်ပျိုးစရိတ်ရှာဖွေမည်ဖြစ်သလို ဘဏ်အနေနဲ့လည်း အကြွေးဆုံးဖို့ များပြားလာခဲ့ပါပြီ။

“ကိစ္စရပ်တိုင်းမှာတော့ အကျိုးရောအပြစ်ရော ဒွန်တွဲနေတာပဲလေ အကျိုးကများရင် လုပ်သင့်တယ်ပေါ့။ အပြစ်ကများရင် မလုပ်သင့်ဘူးပေါ့။ ဒီကိစ္စက ပေါ်လစီပိုင်းဆိုင်ရာကိစ္စတွေ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ ရင်ထဲရှိတဲ့အတိုင်းအသိ အသိတိုင်း ပြောလိုက်ပြန်ရင်လည်း တချို့ကိစ္စကျ Found ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဘာကိစ္စလေးတွေရှိမလဲဆိုတော့ ဒီလယ်သမားတစ်ယောက်ကို တစ်ဧက တစ်သိန်းခွဲ ၁၀ ဧက ၁၅ သိန်း တစ်ယောက်ကို ၁၅ သိန်း ချေးပြီးတော့ အဲဒီလူက အကြောင်းကြောင်းကြောင့် သော်လည်းကောင်း၊ တမင်တကာ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း သူ့ဘာသာ ရွှေတောကျောက်တောသွားမယ်။ တမင်တိမ်းရှောင်သွားမယ် သူ့ဘာသာ ထိုင်း၊ မလေးရှား၊ စင်ကာပူ ထွက်သွားမယ်။ အချိန်တန် အကြွေးချိန်စေ့ဆို ကျွန်တော်တို့က ဘယ်လိုက်တောင်းရမလဲ။ အဲဒီလိုက်တောင်းဖို့ ခရီးစရိတ်ကအစ ၁၅ သိန်းမကဘူး။ ဒီကိစ္စက နိုင်ငံတော်ငွေ အကြွေးဆုံးဖို့က ပိုများလာတယ် အကြွေးဆုံးရင်လည်း ချေးပေးလိုက်တဲ့ ဝန်ထမ်းခေါင်းပေါ် အဲဒီလောက်လေးပါပဲ” ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသန်းဌေးအောင်က ပြောပါတယ်။

တောင်သူတွေ အကြွေးဘာကြောင့် မကျေသလဲ

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သံသရာကြွေးဆိုတာကို ကြောက်ရွံ့ကြပါတယ်။ အကြွေးတစ်ခုကို ဒီဘဝမှာ ကြေလည်အောင် မပေးဆပ်နိုင်ပါက နောင်သံသရာအဆက်ဆက် အကြွေးပြန်ဆပ်ကြရတယ်လို့ အယူရှိပါတယ်။ တောင်သူများဟာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံကနေ စိုက်ပျိုးစရိတ် ချေးငွေအကြွေးကို မဆပ်ကြတာဟာ သံသရာကြွေးမကြောက်လို့ မဟုတ်နိုင်ပါဘူး။ တကယ်မဆပ်နိုင်ကြလို့ပါ။ သီးနှံဈေးနှုန်း ကျဆင်းမှုတွေ ပြောင်းလဲလာတဲ့ ရာသီဥတု ဖျက်ဆီးမှုတွေကြောင့် တောင်သူများဟာ နှစ်စဉ်နီးပါး အရှုံးဖြင့်ရင်ဆိုင်ခဲ့ရပြီး ကြွေးကျန်များစွာ ရှိနေခဲ့ရတာဖြစ်ပါတယ်။ ယမန်နှစ် သီးနှံပေါ်ချိန်မှာ စပါးဈေးဟာ ဈေးကောင်းရခဲ့ပြီးတော့ နိုင်ငံတော်ကလည်း စပါးဈေးကို ကြမ်းခင်းဈေး ငါးသိန်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ တောင်သူများအတွက် စပါးကြမ်းခင်းဈေးကြောင့် သီးနှံဈေးနှုန်းကျဆင်းပြီး ဆုံးရှုံးမှုဖြစ်စဉ် ဖြစ်ပေါ်လာမှာတော့ ကြောက်ရွံ့နေစရာ မလိုတော့ပါဘူး။ သီးနှံကြမ်းခင်းဈေးနှုန်း သတ်မှတ်မှုမှာလည်း လိုအပ်ချက်များစွာ ရှိနေပါသေးတယ်၊ တကယ်လို့ သီးနှံပေါ်ချိန်မှာ ဈေးနှုန်းဟာ အရမ်းကျဆင်းနေခဲ့ပါက မည်သည့် ကုန်သည်အဖွဲ့အစည်းဌာနက သီးနှံကြမ်းခင်း ဈေးနှုန်းအတိုင်း ဝယ်ယူပေးမှာလဲဆိုတဲ့အချက်ဟာ မေးခွန်းထုတ်စရာ ကောင်းနေတုန်းပါပဲ။ တကယ်လို့သာ သီးနှံဈေးနှုန်းကျဆင်းနေမယ်ဆိုရင် ဝယ်သူမယ့်သီးနှံတွေကို တောင်သူတွေဟာ ထိုင်စောင့်ကြည့်နေရတာပဲ ဖြစ်နေပါလိမ့်မယ်။ တောင်သူများကို နောက်ထပ်အကြွေးတင်စေတဲ့ဖြစ်ရပ်ဟာ သီးနှံပျက်စီးမှုပါ ရောဂါပိုးမွှား ရာသီအဖျက်ကြောင့် စိုက်ပျိုးသီးနှံ ထိခိုက်ပျက်စီးပါက သွင်းအားစုအားလုံးဆုံးရှုံးရပြီး တစ်ရာသီပျက်စီးမှုကို သုံးရာသီထိ ပြန်လည်လုပ်ကိုင်မှသာ သုံးရာသီလုံးလုံး သီးနှံထပ်မံထိခိုက်မှုမရှိမှသာ တောင်သူတစ်ဦးအနေနဲ့ အကြွေးပြန်လည်ပေးဆပ်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ တောင်သူအတွက် ထပ်မံလိုအပ်နေတာဟာ သီးနှံအာမခံစနစ်ပါ တောင်သူတစ်ဦးရဲ့ သီးနှံပျက်စီးပါက အပေါင်ထားရှိတဲ့ သီးနှံအာမခံငွေနဲ့ သွင်းအားစုတွေ ပြန်လည်ရင်းတည်နိုင်တဲ့စနစ်ဟာ ကျွန်တော်တို့စိုက်ပျိုးရေးနိုင်ငံမှာ မရှိသေးပါဘူး။

ပြောင်းလဲလိုက်တဲ့ စိုက်ဘဏ်ချေးငွေ စနစ်အသစ်အရ ဘာတွေဖြစ်လာနိုင်လဲ

၂၀၁၈ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအတွက် တောင်သူတစ်ဦးချင်းစီကို မိမိကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုအရ ထုတ်ချေးပေးမည့် စနစ်ဟာကြိုဆိုရမည့် စနစ်ပါ။ စနစ်တစ်ခု ကောင်းမွန်းလှသော်လည်း လိုအပ်ချက်များစွာရှိနေရင် အကျိုးထက် အပြစ်ဟာ များလာပါလိမ့်မယ်။ တောင်သူတိုင်းဟာ သွင်းအားစု စက်ကရိယာတွေကို မပိုင်ဆိုင်နိုင်သေးပါဘူး။ ဒီအတွက် မိမိတို့ပိုင်ဆိုင်ထားတဲ့ ပုံစံ(၇)ကိုသာ အပေါင်တစ်ခုလို အာမခံချက်တစ်ခုလို ထားရှိပြီးတော့ စက်ကရိယာတွေ ဝယ်ယူကြရတာ ရှိနေပါတယ်။ ယခုလို ပုံစံ(၇)မူရင်းကို အပေါင်အဖြစ် အပ်ထားရခြင်းဟာ တောင်သူတစ်ဦးအတွက် လုံးဝအဆင်မပြေပါဘူး။ ဒါ့အပြင် စိုက်ဘဏ်ရဲ့ချေးငွေဟာ ၁၀ ဧကအထိသာဖြစ်ပါတယ်။ ၁၀ ဧကအထက် ပိုင်ဆိုင်မှုရှိနေတဲ့ တောင်သူများအတွက် ဒီပုံစံ(၇)ကို အပေါင်ထားပြီး ပြင်ပကနေ ထပ်မံချေးငှားရတာပါ။ ဒါဟာလည်း စိုက်ဘဏ်အနေနဲ့ တစ်ဦးချင်း ချေးငွေထုတ်ပေးရာမှာ အပေါင်တစ်ခုလို သတ်မှတ်ရယူထားတာ နည်းလမ်းကျပါတယ်။ သို့ပေမဲ့ လုံလောက်သော စိုက်ပျိုးစရိတ်ချေးငွေနဲ့ တောင်သူများအတွက် လုံလောက်သော စက်ကရိယာ သွင်းအားစုများကို နိုင်ငံတော်မှ မဖန်တီးပေးနိုင်သေးတဲ့အချိန်မှာ လုပ်ဆောင်မှုဟာ တောင်သူများအတွက် အခက်ဖြစ်စေပါတယ်။ ဒီ့အတွက် တောင်သူအများစုထံကနေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ အကြွေးများစွာ ဆုံးရှုံးဖို့ရှိနေပါတယ်။

နောက်ထပ်တစ်ချက်ကတော့ အိမ်ထောင်စုစာရင်းတစ်ခုမှာ ပါဝင်တဲ့ လယ်သမားမိသားစုဝင်များအနက်မှ တစ်ဦးတည်းကိုသာ ထုတ်ချေးပေးမယ်ဆိုတာဟာ ပုံမှန်လည်ပတ်နေတဲ့ လယ်သမားမိသားစုများအတွက် အခက်အခဲဖြစ်နေပြီးတော့ စိုက်ဘဏ်ဟာ အကြွေးများစွာကို ဆုံးရှုံးနိုင်သည့်အပြင် တောင်သူများကလည်း ပြင်ပကနေ စိုက်ပျိုးစရိတ်ချေးငွေကို အတိုးကြီးကြီးဖြင့်ရယူရဖို့ သေချာနေပါပြီ။

နောက်ဆုံးဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲကတော့ ပြုပြင်ပြောင်းလဲလိုက်တဲ့ နည်းစနစ်အရ ဘဏ်ဝန်ထမ်းတွေဟာ တောင်သူတစ်ဦးကို ငွေထုတ်ချေးတော့မယ်ဆိုရင် ပုံစံ (၇)တွေ သိမ်းဆည်းရ၊ အိမ်ထောင်စုစာရင်းတွေ စိစစ်ရနဲ့ လုပ်ငန်းပိုမိုများပြားလာပါပြီ။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တစ်ခုမှာ ဘဏ်ဝန်ထမ်းဟာ အလွန်နည်းပါးလှပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကဲ့သို့သော တိုင်းဒေသကြီးတစ်ခုမှာဆိုလျှင် ဘဏ်ဝန်ထမ်းတစ်ဦးဟာ တောင်သူဦးရေ တစ်သောင်းခွဲလောက်ထိကို တာဝန်ယူစီမံဆောင်ရွက်နေရတဲ့ အချိုးအစားရှိပါတယ်။ ဒါတွေဟာ လိုအပ်ချက်တွေပါပဲ။ စနစ်တစ်ခုဟာ ကောင်းမွန်သော်ငြားလည်း လိုအပ်ချက်တွေကို အသေအချာ ပြင်ဆင်ဖြည့်စွက်ပြီးမှာ ဆောင်ရွက်တာဟာ အကျိုးအပြစ်မျှတမှုများ ရှိလာနိုင်မယ်လို့ ယူဆမိပါတယ်။

Most Read

Most Recent