KIA ရွေးရတော့မယ့်လမ်း

KIA ရွေးရတော့မယ့်လမ်း
Published 20 May 2018

တနိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့မှ ဒေသခံများ ဧပြီလအတွင်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြစဉ် (Photo: AFP)

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က မြန်မာ့ငြိမ်းချမ်းရေးခရီးအတွက် ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ထိုးစစ်ကို ပြန်တုံ့ပြန်တယ်ဆိုပြီး ကေအိုင်ကေ၊ ကိုးကန့်နဲ့ တအန်း စတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ရှမ်းမြောက်ဒေသ နေရာတော်တော်များများကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒီကိစ္စအပေါ် နိုဝင်ဘာ ၂၃ ရက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံကသာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတံခါးများ အစဉ်အမြဲဖွင့်လှစ်ထားတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမြန်ဆုံးပါဝင်ဖို့ တိုက်တွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တဲ့အပေါ် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုဝင်ဘာ ၂၉ ရက်မှာ ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

အရေးကြီးအဆိုကို ဒီဇင်ဘာ ၂ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးရာမှာ KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လွှတ်တော်က သတ်မှတ်ပေးသင့်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းအောင်တို့က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

“ယခုဖြစ်ပွားခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အများပြည်သူအသုံးပြုတဲ့ ဆက်သွယ်ရေးလမ်းကြောင်း၊ သံကူကွန်ကရစ်တံတားများ ဖောက်ခွဲဖျက်ဆီးခြင်းနဲ့ မြို့ရွာများရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနှင့် အခြေခံအဆောက်အအုံများ ပစ်မှတ်ထားပြီး ဆောင်ရွက်ခဲ့ကြတဲ့အပြင် ဒို့တာဝန်အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာတဲ့အတွက် ယခုဖြစ်ပွားနေတဲ့ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူများဖြစ်တဲ့ UNFC ဥက္ကဋ္ဌ အင်ဘန်လ၊ KIA မှ ဂမ်ရှောင်၊ TNLA မှ မိုင်းအိုက်ဖုန်း (ခေါ်) တာအိုက်ဖုန်း၊ MNDAA မှ ဖုန်ကြားရှင်နှင့် ဖုန်တာရွှင်၊ AA မှ ထွန်းမြတ်နိုင်တို့အပါအဝင် ပြစ်မှုကျူးလွန်သူကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူပြီးတော့ သူတို့ရဲ့လုပ်ရပ်များအပေါ် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဆန့်ကျင်ချေမှုန်းသင့်ပါတယ်။ ဒါကြောင့်အဆိုပါ KIA၊ TNLA၊ MNDAA နှင့် AA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လွှတ်တော်မှ သတ်မှတ်ပေးပါရန် လေးစားစွာ တင်ပြလိုပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုအရ အဆိုပါအကြမ်းဖက်အဖွဲ့များကို ရိက္ခာပစ္စည်း ထောက်ပံ့ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းများကိုလည်း တားမြစ်ရပ်ဆိုင်းစေသင့်ပါတယ်” လို့ ဗိုလ်မှူးကြီးသန်းအောင်က ဆွေးနွေးပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကတော့ “အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့ သေကျေဒဏ်ရာရစေခြင်း၊ စစ်ဘက်ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ ယာဉ်များဖျက်ဆီးခြင်း၊ ပြည်သူတို့၏ စီးပွားဥစ္စာပျက်စီးစေခြင်းတို့ကြောင့် KIA၊ TNLA၊ MNDAA နှင့် AA အဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် လွှတ်တော်မှ သတ်မှတ်သင့်သည်ဟု ယူဆပါကြောင်း တင်ပြပါတယ်” လိ့ု ဆွေးနွေးခဲ့ပါတယ်။

ဒီအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၄၄ မဲ၊ ကြားနေဆန္ဒမဲ ခုနစ်မဲဖြစ်တာကြောင့် လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်ထားရှိခဲ့တဲ့ အဆိုနည်းတူ အဆိုတစ်ခုကို ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့အစီအစဉ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက တင်သွင်းခဲ့ပါတယ်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခဲ့ပေမယ့် ကလောမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်က အဆိုကို လက်ခံဆွေးနွေးဖို့မသင့်ဘူးလို့ ကန့်ကွက်ခဲ့တာကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများတဲ့အတွက် လက်ခံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး တတိယနေ့ကို ဒီဇင်ဘာ ၇ ရက်က ကျင်းပဆွေးနွေးရာမှာ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရုံဖြင့် တိုင်းပြည်အေးချမ်းလာမည်လည်း မဟုတ်ကြောင်း၊ ကောင်းကျိုးထက် ဆိုးကျိုး ပိုမိုများလာမည်လားဟု ထင်မြင်မိပါကြောင်း၊ တိုင်းရင်းသားအရေးဖြစ်သဖြင့် အင်မတန် သိမ်မွေ့နက်နဲသော ကိစ္စဖြစ်သဖြင့် ပြည်နယ်တစ်ခုတည်းမှ မဆုံးဖြတ်သင့်ကြောင်း၊ ဤကဲ့သို့ရှုတ်ချမည့်အစား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိမည့် နည်းလမ်းများကို ဝိုင်းဝန်းစဉ်းစား အဖြေရှာသင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှာ အလုပ်များစွာရှိပါကြောင်း တင်ပြအပ်ပါတယ်” လို့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်က အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးကြန့်ကြာသွားမှာစိုးတဲ့အတွက် အဆိုကို အတည်မပြုဖို့နဲ့ မှတ်တမ်းအဖြစ်သာ ထားရှိပေးဖို့ကို ရပ်စောက် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က တင်သွင်းကန့်ကွက်ခဲ့ပါတယ်။

ဒီလို ကန့်ကွက်ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာတော့ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ခုနစ်မဲနဲ့ ထောက်ခံမဲ ၆၃ မဲ ရရှိတာကြောင့် အဆိုကို ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အဆိုကို ရှမ်းပြည်နယ်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့အတွက် အဲဒီအဖွဲ့မှာပါနေတဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) ကလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု လျော့နည်းသွားနိုင်တယ်လို့ သိန္နီမဲဆန္ဒနယ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက သုံးသပ်ပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်လိုက်ခြင်းအားဖြင့် ပြည်တွင်းစစ်ကြီး နှစ်ပေါင်း ၆၀ လောက်ဖြစ်နေတဲ့ ပြည်တွင်းစစ်က ငြိမ်းချမ်းသွားမှာလား။ ဒါက အဓိကပေ့ါနော်။ သတ်မှတ်လိုက်ခြင်းဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပိုကြီးထွားလာမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး အလှမ်းဝေးသွားမှာလည်း စိုးပါတယ်။ အိမ်ကြီးတစ်အိမ်မှာ နေထိုင်ကြတဲ့ မိဘပြည်သူ မောင်နှမတစ်တွေပါ။ ဒါဆိုဘာကြောင့် ဒီလိုဖြစ်ရလဲဆိုပြီး မိဘအနေနဲ့ သုံးသပ်ဖို့လိုတယ်။ မိဘဖြစ်သူက သားသမီးတွေကို မုန့်ဖိုးပေးတာ မညီမျှလို့လား။ ကျောသားရင်သား ခွဲခြားလို့လား။ ဒါကို ဆန်းစစ်ဖို့လိုပါတယ်။ ဒီလိုအကြမ်းဖက်အဖွဲ့ သတ်မှတ်လိုက်ခြင်းဖြင့် ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းသွားမှာ မဟုတ်ပါဘူးလို့ ထင်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကိုလည်း စိုးရိမ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ယုံကြည်ဖို့လိုပါတယ်။ ယုံကြည်မှုရှိမှ ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာပါ။ အခုအဲဒီလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်းအားဖြင့် ယုံကြည်မှု လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဒေါ်နန်းခင်ထားရီက ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ကျွန်တော်တို့ ဒါကိုကန့်ကွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က နည်းနည်းပိုခက်သွားမယ်။ စကားပြောရတာ။ အထူးသဖြင့် KIA ကို လုပ်တယ်ဆိုတော့ ပိုပြီးတော့ နည်းနည်းခက်မယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒါကိုမကြိုက်ဘူး။ ငြိမ်းချမ်းရေးရချင်တယ်။ ငြိမ်းချမ်းရေးရချင်တဲ့အတွက် ဒါကို အသိအမှတ်မပြုဖို့ပေါ့။ ဒါကို တောင်းဆိုတာပါ။ အမှန်တော့ ငြိမ်းချမ်းရေးလုပ်နေတယ်ဆို ဒါတွေက ဖြစ်လာစရာအကြောင်းမရှိဘူး။ မလုပ်သင့်ဘူးပေါ့။ ငြိမ်းချမ်းရေးအောင်မြင်အောင် လုပ်မယ်ဆိုတဲ့အခါကျရင် ဒါမျိုးတွေကို မလုပ်သင့်ဘူး” လို့ပြောပါတယ်။

UNFC က ထွက် FPNCC ထဲဝင်

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အတည်ပြုပြီးနောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ ၂၀၁၇ ခုနှစ် မေ ၂၂ ရက်နဲ့ ၂၃ ရက်ကကျင်းပခဲ့တဲ့ အလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးမှာ KIO က တရားဝင်အသိပေးခဲ့တာပါ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လကကျင်းပတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တတိယနေ့အစည်းအဝေးမှာတော့ နုတ်ထွက်ခွင့်တင်ထားတဲ့ KIO အပါအဝင် အဖွဲ့လေးဖွဲ့ကို နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အနေနဲ့ ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့ (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ထဲကို ဝင်ရောက်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီ ၁၅ ရက်ကနေ ၁၉ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အထူးဒေသ (၂)၊ ‘ဝ’ ပြည်နယ်အစိုးရဌာနချုပ် ပန်ခမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ။ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ကနေ ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ/ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSC/NDAA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့ကနေ ကိုယ်စားလှယ် ၂၇ ယောက် တက်ရောက်ခဲ့ပါတယ်။

ပန်ခမ်းအစည်းအဝေးကနေ ‘နိုင်ငံရေးဆွေးနွေးရေးကော်မတီ’ ကို ‘ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’ အဖြစ် တရားဝင်သတ်မှတ်လိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ‘ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’ အနေနဲ့ တစ်ဖွဲ့ချင်းဆွေးနွေးမှာမဟုတ်ဘဲ ကော်မတီအမည်နဲ့သာ ဆွေးနွေးသွားမယ်ဆိုတဲ့ အချက်တွေအပါအဝင် အချက်ရှစ်ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ဧပြီ ၁၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ပန်ခမ်းမှာ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ပြင်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) ရဲ့ ပြင်ပနည်းလမ်းကိုရှာဖွေဖို့ မူဝါဒချမှတ်ခဲ့ပါတယ်။

ဒါကြောင့်လည်း စတုတ္ထမျက်နှာစုံညီ အစည်းအဝေးက ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) ရဲ့ ပြင်ပနည်းလမ်းကို ရှာဖွေဖို့ ချမှတ်ခဲ့တဲ့ မူဝါဒအတိုင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့တာပါ။

ပင်လုံမှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေအနေနဲ့ သတ္တိရှိရှိ လက်မှတ်ထိုးဖို့ မေတ္တာရပ်ခံထားပါတယ်။

“ကျွန်မအနေနဲ့ အထူးပဲ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ၊ ကျွန်မတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA လက်မှတ်ထိုးဖို့ တံခါးဖွင့်ဖိတ်ခေါ်နေချိန်မှာ NCA လမ်းကြောင်းကနေမဟုတ်ဘဲ တခြားလမ်းကြောင်းကနေ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတဲ့ ‘ဝ’ ဦးဆောင်တဲ့ ကော်မတီအသစ်ကြောင့် အစိုးရအတွက်တော့ ခေါင်းကိုက်စရာပါ။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမယ့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တည်ဆဲဥပဒေတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လိုက်နာရမယ်ဆိုတဲ့ တပ်မတော်ရဲ့ မူခြောက်ချက်က ဆွေးနွေးပွဲတွေအတွက် အဖုအထစ်တစ်ခု ဖြစ်နေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ထောက်ပြကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ (ပထမအကြိမ်)အခမ်းအနား ကျင်းပတုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နုတ်ခွန်းဆက် အမှာစကားပြောကြားရာမှာ မူခြောက်ချက်နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားသွားတာကို တွေ့ရပါတယ်။

“လက်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာလည်း တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ် အခြေခံပြီး နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒသုံးရပ်အပေါ်မှာ ရပ်တည်ပြီး အဖွဲ့အစည်းမျိုးစုံနဲ့ လက်တွဲပူးပေါင်း ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်များအောင်မြင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားပါမယ်။ ဖြစ်နိုင်သည်များအားလုံးလည်း ညှိနှိုင်းဆောင်ရွက်သွားပါမယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်း တစ်လျှောက်မှာ တွေ့ကြုံသိမြင် ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေတွေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကတော့ NCA လမ်းကြောင်းအတိုင်းသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာလည်း တပ်မတော်ချမှတ်ထားတဲ့ မူခြောက်ချက်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ရင် NCA လမ်းကြောင်းကနေမဟုတ်ဘဲ တခြားလမ်းကြောင်းကနေ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတဲ့ ‘ဝ’ ဦးဆောင်တဲ့ ကော်မတီသစ်ရဲ့ သဘောထားနဲ့ တပ်မတော်ရဲ့ရပ်တည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်နေပါတယ်။

“အဓိကပြဿနာကတော့ ညှိနှိုင်းလို့မရတဲ့ ပြဿနာလို့ပဲ ပြောရမှာပေါ့” လို့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ဦးမောင်မောင်စိုးက မှတ်ချက်ပြုပါတယ်။

KIO ခေါင်းဆောင်အပြောင်းအလဲ

၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာတော့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ထဲမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဦးဇောင်းဟရား အနားယူပြီး တာဝန်အပြောင်းအလဲလုပ်ရာမှာ အရင်ဒုဥက္ကဋ္ဌတာဝန် ယူထားသူ ဗိုလ်ချုပ်ကြီး အင်ဘန်လက နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်းခေါင်းဆောင်မှုကို တာဝန်ယူခဲ့ပါတယ်။

နိုင်ငံရေးအဖွဲ့ (KIO) နဲ့ အုပ်ချုပ်ရေးအဖွဲ့ (KIC) (ကချင်ပြည်လွတ်မြောက်ရေးကောင်စီ) ဥက္ကဋ္ဌတာဝန်တွေကို ဗိုလ်ချုပ်ကြီး အင်ဘန်လက တာဝန်ယူခဲ့ပေမယ့် စစ်ဘက်တာဝန်ဖြစ်တဲ့ ကချင်ပြည်တွင်း လွတ်မြောက်ရေးတပ်မတော် (KIA) ခေါင်းဆောင်မှုပိုင်းမှာတော့ အပြောင်းအလဲမရှိဘဲ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က တာဝန်ယူပါတယ်။

သဘောထားတင်းမာသူလို့ လေ့လာသူတချို့က သုံးသပ်ထားတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ရဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှာလည်း ပူးတွဲဥက္ကဋ္ဌတာဝန်ကို ယူထားသူပါ။

ခေါင်းဆောင်မှု အပြောင်းအလဲအရ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဟာ KIO ဒုဥက္ကဋ္ဌ (၁) ဖြစ်လာပြီး KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ဒုဥက္ကဋ္ဌ (၂) ဖြစ်လာပါတယ်။

အုပ်ချုပ်ရေးပိုင်းမှာတော့ KIC ဒုဥက္ကဋ္ဌ (၁) အဖြစ် ဗိုလ်ချုပ်ဂွန်မော်ကို ရွေးချယ်ခဲ့ပြီး KIC ဒုဥက္ကဋ္ဌ (၂) တာဝန်ကို ဗိုလ်မှူးချုပ် ဇုန်းဘုတ်ထန်းက တာဝန်ယူခဲ့ပါတယ်။ ဗိုလ်ချုပ်ဂွန်မော်ဟာ အရင်က KIA ဒုစစ်ဦးစီးချုပ် တာဝန်ယူခဲ့သူဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ရရှိရေးအပါအဝင် အစိုးရနဲ့ဆွေးနွေးမှုတွေမှာ KIO ကိုယ်စားလှယ်အဖြစ် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလို KIO ထဲမှာ ခေါင်းဆောင် အပြောင်းအလဲဖြစ်လာတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုပြီး နိုင်ငံရေးလေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။

ပြင်းထန်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ

ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) ဟာ ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီနဲ့ တစ်ကြိမ်၊ ၁၉၇၂ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၈၀၊ ၈၁ ခုနှစ်မှာ မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ နိုင်ငံတော်သမ္မတဦးစန်းယုနဲ့ တစ်ကြိမ်စီ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်လည်း အောင်မြင်မှုမရခဲ့ပါဘူး။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီမှာ နဝတအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေး ကာလအတွင်းမှာ နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့တာကြောင့် အချိန်ကာလ ကြာလာတာနဲ့အမျှ အဆိုးဘက်ကိုပဲ ဦးတည်ခဲ့ပါတယ်။

“၁၇ ခုနှစ် ကျွန်တော်တို့ Cease-fire လုပ်ခဲ့တယ်။ ကျွန်တော်တို့မျှော်မှန်းတဲ့ ပေါ်လက်တစ်ကယ် ဒိုင်ယာလော့ဘက် မရောက်ဘူး။ တိုက်ပွဲပြန်ဖြစ်လာတယ်။ ဒီတိုက်ပွဲဖြစ်ရခြင်းက Cease-fire လုပ်ခြင်း၊ မလုပ်ခြင်းနဲ့မဆိုင်ဘဲနဲ့ နိုင်ငံရေး အဖြေထုတ်ခြင်း၊ မထုတ်ခြင်းက ရှိ၊ မရှိအပေါ်မှာ အခြေခံတယ်လို့ပဲ နားလည်တယ်” လို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက သုံးသပ်ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လမှာတော့ ၁၇ ခုနှစ်တာ အပစ်အခတ်ရပ်စဲရေးဟာ အစိုးရနဲ့ KIO ကြားမှာ ပျက်ပြယ်ခဲ့ရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ၂၀၁၁ ခုနှစ် ဇွန်မှာ KIO ထိန်းချုပ်နယ်ဖြစ်တဲ့ လဂျားယန်မှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပဋိပက္ခတွေကတော့ သိသိသာသာ လျော့နည်းသွားခြင်းမရှိပါဘူး။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွေနဲ့ KIO က ဆွေးနွေးနိုင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ကနေ တစ်ကျော့ပြန် ပြန်ဖြစ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခမီးဟာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြားမှာ ပိုမိုကြီးထွားလာပါတယ်။ လက်ရှိအချိန်အထိလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောက်နေဆဲ ဖြစ်ပါတယ်။

တပ်မတော်နဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA) တို့အကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုက ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ၂၃ ကြိမ်၊ ဖေဖော်ဝါရီမှာ ရှစ်ကြိမ်၊ မတ်မှာ ကိုးကြိမ်နဲ့ ဧပြီမှာ ၃၈ ကြိမ်အထိ တဖြည်းဖြည်း မြင့်တက်လာတယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအင်စတီကျု (Myanmar Institute for Peace and Security) ၏ အစီရင်ခံစာက ဆိုပါတယ်။ ဒါပေမဲ့ အမှန်တကယ် မြေပြင်ထိတွေ့မှု အရေအတွက်ဟာ MIPS က မှတ်တမ်းတင်ထားတဲ့ အရေအတွက်ထက် ပိုများပြားနိုင်ပါတယ်။

တပ်မတော်နဲ့ KIA ကြားဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ အကြီးစားထိတွေ့မှုတွေဖြစ်ခဲ့ပြီး လက်နက်ကြီးအသုံးပြုခြင်း (ဒါမှမဟုတ်) လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှုများ (ဒါမှမဟုတ်) လေကြောင်းပစ်ကူရယူမှုများ ပါဝင်ခဲ့တဲ့အပြင် ရာချီတဲ့တပ်မတော်သားတွေက KIA စခန်းတွေကို သိမ်းပိုက်ဖို့အားထုတ်ခဲ့တယ်လို့ သိရကြောင်း အစီရင်ခံစာက ဆိုပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု (MIPS) ရဲ့ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက်အလက်ဒေတာဘေ့စ် (Township-based Conflict Monitoring System Database) မှတ်တမ်းတွေအရ ဧပြီလအတွင်းမှာ မြန်မာနိုင်ငံထဲက မြို့နယ် ၂၁ မြို့နယ်မှာ လက်နက်ကိုင်ထိတွေ့မှု ၅၃ ကြိမ်နဲ့ ဒေသန္တရလက်လုပ်မိုင်း အသုံးပြုတိုက်ခိုက်မှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလထဲမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်းထား အများဆုံးကြုံတွေ့ရတဲ့ မြို့နယ်ကတော့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဖြစ်ပြီး ဝိုင်းမော်၊ ဖားကန့်၊ မူဆယ်မြို့နယ်တွေမှာလည်း အနည်းဆုံးငါးကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ KIO အကြားဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဧပြီလဆန်းပိုင်းစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၆၈၀၀ ကျော် အသစ်ထပ်မံ နေရပ်စွန့်ခွာ တိမ်းရှောင်းခဲ့ရတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar) က ခန့်မှန်းထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေကတော့ တနိုင်း၊ ဖားကန့်၊ မိုးမောက်၊ မိုးကောင်း၊ အင်ဂျာယန်၊ ချီဖွေနဲ့ လိုင်ဇာဒေသတို့ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ပဋိပက္ခတွေ ရပ်တန့်သွားပေမယ့် အင်ဂျာယန်နဲ့ ချီဖွေဒေသမှာတော့ ဧပြီ ၂၉ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် တနိုင်း၊ ဖားကန့်၊ အင်ဂျာယန်ဒေသက အရပ်သားတွေအနေနဲ့ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကနေ ထွက်ခွာနိုင်ခြင်းမရှိသေးဘူးလို့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar) က ဆိုပါတယ်။

တပ်မတော်နဲ့ KIO ခေါင်းဆောင်သစ် တွေ့ဆုံမှု

ကချင်မှာ လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာတဲ့အပေါ် တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့မှာ တပ်မတော်နဲ့ KIO တွေ့ဆုံခဲ့ပါတယ်။

တပ်မတော်ဘက်က ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းနောင်နဲ့ KIO ဘက်က ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ တွေ့ဆုံခဲ့ကြတာပါ။

KIO ဘက်ကဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စအပါအဝင် ဒေသတည်ငြိမ်ရေး၊ တိုက်ပွဲများ လျှော့ချရေး၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အားလုံးပါဝင်ရေးနဲ့ ပင်လုံစာချုပ် ကတိကဝတ်တွေနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆွေးနွေးခဲ့ပြီး တပ်မတော်ဘက်က KIA တပ်ရင်း (၁၄) ဌာနချုပ်အပါအဝင် တပ်စခန်းတွေကို ဖယ်ရှားပေးဖို့နဲ့ KIA ရဲ့ တချို့တပ်မဟာတွေကို အသိအမှတ်မပြုဘူးလို့ ဖိအားပေးဆွေးနွေးခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုတဲ့ သဘောတူညီမှု တစုံတရာမရရှိခဲ့ပေမယ့် ထပ်မံတွေ့ဆုံဆွေးနွေးသွားဖို့ နှစ်ဖက်စလုံးက သဘောဆန္ဒရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒါက ထိပ်သီးဆွေးနွေးပွဲဖြစ်တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လုပ်ရအောင်။ တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေကို ရပ်ပါ။ KIO ဘက်ကလည်း တံတားဖောက်ခွဲတာမျိုးတို့၊ ချုံခိုတိုက်တာမျိုးတို့၊ ပြောက်ကျားတိုက်တာမျိုးတို့ကို မလုပ်တော့ဘူး ရပ်မယ်။ အဲဒီအဆင့်အထိ ကျွန်တော်တို့ ညှိနှိုင်းခဲ့တာ ရှိပါတယ်။ တိုက်ပွဲကို ကျွန်တော်တို့ နားလည်တဲ့ဟာက NCA ထိုးခြင်း၊ မထိုးခြင်းနဲ့ မဆိုင်တော့ဘူး” လို့ KIO နည်းပညာအထောက်အကူပြုအဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဆိုပါတယ်။

KIO အနာဂတ်

“KIA က NCA လမ်းကြောင်းပေါ် တက်လာမှပဲရမယ်။ တက်မလာဘူးဆိုရင် နိုင်ငံတော်အစိုးရကို လက်နက်ကိုင်ပြီး တော်လှန်ပုန်ကန်နေသူတွေအဖြစ် သတ်မှတ်ပြီး အစွမ်းကုန်ရှင်းမှာပဲ”

ဒီစကားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်က ၂၀၁၈ ခုနှစ် မေ ၁၁ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ သတင်းမီဒီယာအဖွဲ့ကနေ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်ခဲ့ရတဲ့ အကြောင်းအရင်း၊ တပ်မတော်ရဲ့ သဘောထားနဲ့ နေရပ်စွန့်ခွာသူတွေအတွက် ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို မေးမြန်းရာမှာ ဗိုလ်ချုပ်တေဇကျော်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ တပ်မတော်က KIA ကို ရာဇသံပေးလိုက်တာလို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မီဒီယာတွေ မေးမြန်းရာမှာ တပ်မတော်ရဲ့ သဘောထားဆိုတာပါနေတဲ့အတွက် တိုင်းမှူးရဲ့စကားက တပ်မတော်သဘောထားဖြစ်ဖို့ ရာနှုန်းပြည့်နီးပါး သေချာနေပါတယ်။

“အပြုတ်တိုက်မလား။ မတိုက်ဘူးလား ဆိုတာကတော့ တော်တော်ပြောရခက်တယ်။ ဒါကလည်း ကျွန်တော်တို့ နှစ် ၇၀ အတွင်းမှာ အတွေ့အကြုံအရတော့ အပြုတ်တိုက်လို့ ရတယ်ဆိုရင်တော့ အနှစ် ၇၀ မကြာဘူး။ တကယ်လို့သာ အခုအခြေအနေကတော့ အပြုတ်တိုက်လို့မရလို့ ကျွန်တော်တို့မှာ အခြေအနေက ကြာပြီးတော့ ပြဿနာတွေ ဖြစ်နေတယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ အပြုတ်တိုက်လို့ရတယ် မရတယ်ဆိုတာထက် ဆွေးနွေးဖြေရှင်းမယ့် သဘောထားမရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဘာတွက်ရမလဲဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြီးတော့ ဆိုးရွားလာတာတွေ့ရမယ်လို့ ထင်ပါတယ်” လို့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်နဲ့ ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်ရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်တဲ့ NCA လမ်းကြောင်းပေါ်မှာ မသွေမဖည် ခိုင်ခိုင်မာမာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ NCA လမ်းကြောင်းကို လျှောက်လှမ်းရာမှာလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ခြောက်ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေး နှုတ်ခွန်းဆက်အမှာစကားမှာ ထည့်သွင်းပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း ‘ဝ’ တပ်ဖွဲ့ (UWSA) အပါအဝင် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းနေပါတယ်။

“အစကတည်းက တိုက်တွန်းနေတာပေါ့လေ။ ဒါကတော့ ဘယ်လိုပြောရမလဲ။ ထိုးခိုင်းစေချင်တဲ့သဘောပေါ့ဗျာ။ ကျွန်တော် သိသလောက်ကတော့ နယ်စပ်ဒေသ တည်ငြိမ်ဖို့အတွက် အဲဒီ NCA ထိုးဖို့ တိုက်တွန်းတာပေါ့” လို့ ‘ဝ’ တပ်ဖွဲ့ (UWSA) ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် Mr.Sun Guoxiang (မစ္စတာဆွန်ကော်ရှန်း) ရဲ့ ဖိတ်ကြားချက်အရ ၂၀၁၈ ခုနှစ် မေ ၁၈ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင်တွေ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ FPNCC အဖွဲ့ဝင်တွေအနေနဲ့ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့၊ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေး ပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းအကြံပြုချက်တွေအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ၂၁ ရာစု တတိယအကြိမ် ပင်လုံအစည်းအဝေးကို FPNCC အဖွဲ့ဝင်တွေ တက်ရောက်ဖို့အတွက် ဖိတ်ကြားလာပါက တက်ရောက်ကြဖို့ကိုလည်း အာရှရေးရာ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့ကြောင်းနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ FPNCC အဖွဲ့ဝင်တွေအနေနဲ့ အဆင်သင့်ရှိတယ်လို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်အရ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်လုပ်ဆောင်ပေးမှုကြောင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ရဲ့ သဘောထား ပျော့ပျောင်းလာမှုကိုလည်း တွေ့နေရပါတယ်။

ဒါ့အပြင် NCA လက်မှတ်ရေးထိုးနိုင်ရေးအပါအဝင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ ‘ဝ’ တပ်ဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) က ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေက အဆင်ပြေချောမွေ့နေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ ‘ဝ’ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့အပြင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့လည်း NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နေတာကြောင့် တကယ်လို့သာ ‘ဝ’ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့က NCA မှာ လက်မှတ်ထိုးဖို့ ခေါင်းညိမ့်လိုက်မယ်ဆိုရင် KIA အတွက်တော့ တကယ့်အကျပ်အတည်းကာလတစ်ခုကို ရောက်လာနိုင်ပါတယ်။ လက်ရှိ တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေမှာလည်း KIO ဘက်က စခန်းတော်တော်များများကို စွန့်လွှတ်လိုက်ရတယ်လို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဆိုပါတယ်။

“ကျွန်တော်တို့ ရှေ့တန်းစခန်းတွေ တော်တော်လေး စွန့်လွှတ်လိုက်ရတဲ့ အနေအထားရှိတယ်။ စွန့်လွှတ်လိုက်ရတာကလည်း ကျွန်တော်တို့က မဆုတ်တမ်း ခံစစ်တိုက်လို့မရဘူး။ လက်နက်ကြီးပိုင်းကို ကျွန်တော်တို့ ယှဉ်လို့မရဘူး။ လေကြောင်းစစ်ဆင်ရေးကို ကျွန်တော်တို့ခုခံဖို့ အခက်အခဲရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကနေ ဒီမတန်တရာ ထိုးစစ်ဆင်တဲ့အပေါ်မှာ မဆုတ်တမ်းခံစစ်လုပ်ပြီးတော့ အသေခံပြီးတော့ ကျွန်တော်တို့က တိုက်ပွဲဆင်နွှဲလို့မရဘူး။ ဒါက ကျွန်တော်တို့ဘက်က ပကတိအနေအထားပဲ။ ဒါပေမဲ့လည်း ရေရှည်တိုက်ပွဲကတော့ ဖြစ်သွားမှာပဲ” လို့ သူက ဆိုပါတယ်။

ဒါကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အနေနဲ့ လက်ရှိအချိန်မဟုတ်ရင်တောင် ‘ဝ’ ဘက်က အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်လာခဲ့ရင်တော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထီးရိပ်အောက်ကို ဝင်မလား ဒါမှမဟုတ် ဒီအတိုင်းပဲ လက်နက်ကိုင်ပဋိပက္ခကို ဆက်သွားမလား KIA အနေနဲ့ အနာဂတ်ကို ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ဦးမောင်မောင်စိုးက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးမှာ ပြောရရင် တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို မငြင်းပယ်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျန်တဲ့အဖွဲ့အစည်း၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေပေမဲ့ တစ်ဖက်ကလည်း ဒီလေးဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သဘောထားပြီးတော့ လက်နက်ကိုင်ပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့ သဘောထားကို တွေ့နေရတယ်။ အဲဒီအခြေခံအောက်မှာတော့ KIA နဲ့ တပ်မတော်ကြားမှာ မပြေလည်မှုတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ရှိနေတယ်လို့ ပြောရမယ်” လို့ သုံးသပ်ပါတယ်။

Most Read

Most Recent