နေပြည်တော်စီမံကိန်းလို နောက်ထပ်အမှားတစ်ခု ဖြစ်လာမှာလား

နေပြည်တော်စီမံကိန်းလို နောက်ထပ်အမှားတစ်ခု ဖြစ်လာမှာလား
Published 20 May 2018

ဒေါ်လာဘီလျံများစွာ ကုန်ကျခဲ့သည့် နေပြည်တော်စီမံကိန်း တည်ဆောက်ဆဲကာလ ၂၀၀၈ ခုနှစ်မှစတင်၍ မြန်မာ့ GDP ကျဆင်းမှုကို တွေ့ရစဉ် (Infographic by EMG)

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက နေပြည်တော်မြို့သစ်စီမံကိန်းဟာ နိုင်ငံတော်ဘဏ္ဍာငွေ ကုန်ကျစရိတ် ကြီးမားစွာ ဖြစ်ပေါ်နေတာကြောင့် နေပြည်တော် တည်ဆောက်ရေးစီမံကိန်း (City Plan) စတင်ချိန်ကနေ ၂၀၁၆ ဇန်နဝါရီ ၁၅ ရက်အထိ ကုန်ကျစရိတ် ဘယ်လောက်ရှိနေပြီလဲလို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ ဒီလို မေးမြန်းခဲ့ပေမယ့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းမှာ အဖြေမရှိခဲ့ပါဘူး။

နေပြည်တော်လို့ ဆိုလိုက်တာနဲ့ ပြည်သူတွေမြင်ကြတာက အာဏာကိုချုပ်ကိုင်ပြီး သက်ဦးဆံပိုင်စနစ်ကို ပြန်သွားချင်တဲ့သူတွေရဲ့ လုပ်ရပ်လို့ မြင်နေကြတာဖြစ်ပြီး ဒီနေ့အထိ နေပြည်တော်ဟာ အလုပ်သဘောကြောင့် သွားလာမှုတွေကလွဲရင် လူမနေတဲ့ မြို့ကြီး (Ghost City) တစ်ခုလိုပါပဲ။

ဗေဒင်ကိန်းခန်းတွေအလိုအရ မင်းနေပြည်တော်တစ်ခုကို တည်ဆောက်ခဲ့ရာမှာ အကျိုးအမြတ်များစွာရခဲ့တဲ့သူတွေကတော့ နေပြည်တော်ကို တာဝန်ခံတည်ဆောက်ခဲ့တဲ့ စစ်အာဏာရှင်လက်ထက်က တပ်မတော်အရာရှိတွေနဲ့ ခရိုနီတွေပါ။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ၂၀၀၂ ခုနှစ်လောက်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ အစိုးရဝန်ထမ်းတွေကို ကြွေးကြော်သံတွေနဲ့ ပြောင်းရွှေ့စေခဲ့တဲ့ ဒီ ‘တစ္ဆေမြို့တော်စီမံကိန်း’ မှာ ခရိုနီကုမ္ပဏီ ၂၀ ကျော်က အကျိုးအမြတ် ရခဲ့ပါတယ်။ နေပြည်တော် သေမင်းတမန် အမြန်လမ်းမကြီးနဲ့ လူမရှိဘဲ ထိန်ထိန်ညီးနေတဲ့ စက်ရုပ်မြို့တော်တစ်ခုရဲ့ တရားဝင်ကုန်ကျစရိတ်ဟာ ဒီနေ့အထိ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တာ မရှိခဲ့ပေမဲ့ လူ့အသက်ပေါင်းများစွာ စတေးခဲ့တဲ့ အမြန်လမ်းတစ်ခုတင် ကျပ် ၉၁၅ ဘီလျံကျော် ကုန်ကျခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြေဆိုထားပါတယ်။

၃၅၂ မိုင်ကျော် ရှည်လျားတဲ့ အမြန်လမ်းတစ်ခုတည်းကို ကျပ် ၉၁၅ ဘီလျံကျော် ကုန်ကျခဲ့မှုနောက်မှာ ရှစ်လမ်းသွား၊ ၁၂ လမ်းသွား လမ်းမကြီးများစွာနဲ့ ၂၇၂၃ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ်ငါးခု၊ ဝန်ထမ်းအိမ်ရာနဲ့ အဆောင်ပေါင်း ၁၃၀၀ လောက် တည်ဆောက်ခဲ့တဲ့အပြင် လွှတ်တော်အဆောက်အအုံ၊ သမ္မတနဲ့ ဝန်ကြီးအိမ်ရာ၊ တပ်မတော်ဆိုင်ရာ အဆောက်အအုံတွေ အားလုံးအတွက် ဒေါ်လာလေးဘီလျံနဲ့ ငါးဘီလျံအကြားမှာ ကုန်ကျနိုင်တယ်လို့ တွက်ချက်ခဲ့ကြောင်းကို လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးစီးပွားရေးအကြံပေး Mr. Sean Turnell က The New York Times က ၂၀၀၈ ခုနှစ်မှာ ရေးသားခဲ့တဲ့ “Built to Order: Myanmar's New Capital Isolates and Insulates Junta” ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ နေပြည်တော် မြို့သစ်စီမံကိန်းအတွက် ဒေါ်လာ လေးဘီလျံနဲ့ ငါးဘီလျံအကြားမှာ ကုန်ကျနိုင်တယ်လို့ Sean Turnell က တွက်ချက်ခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်လောက်မှ အပြီးသတ်နိုင်ခဲ့တဲ့ ဒီနေပြည်တော်ကြီးရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၀ ဘီလျံနဲ့အထက် ရှိနိုင်တယ်လို့ ခရိုနီဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ခန့်မှန်းသုံးသပ်ကြပါတယ်။

စစ်ရေးအရဗျူဟာမြောက် နေရာလို့လည်း သုံးသပ်ကြတဲ့ ဒီအုပ်ချုပ်ရေးမြို့တော်ဟာ ၂၀၀၂ ခုနှစ်လောက်ကနေ ၂၀၀၅ ခုနှစ်အတွင်း တက်သုတ်ရိုက် တည်ဆောက်ခဲ့တာ ပြောင်းရွှေ့ခဲ့တာရဲ့ နောက်ကွယ်မှာ မြန်မာ့စီးပွားရေးအတွက် အချက်အချာကျတဲ့ အဓိကစီးပွားရေးမြို့တော်က လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေများစွာကို အခက်အခဲများစွာ ဖြစ်စေခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများစွာနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေများစွာဟာ ကုမ္ပဏီလုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရေးအတွက် သရဲမြို့တော်ကြီးဆီကို အချိန်ကုန် ငွေကုန်ခံပြီး သွားရောက်လုပ်ကိုင်ရမှုတွေနဲ့အတူ ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ “နာဂစ်” ဂယက်တွေအောက်မှာ မြန်မာ့ GDP ဟာ ထက်ဝက်ကျော် ထိုးဆင်းသွားခဲ့ပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်မှုကနေ စခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမှုဂယက်တွေ ပါဝင်နိုင်တယ်ဆိုပေမဲ့ တကယ်တမ်းမှာ သဘာဝဓာတ်ငွေ့၊ သဘာဝသယံဇာတက ရငွေတွေအားလုံးကို နေပြည်တော်မြို့သစ်ကြီးဆီမှာ ပုံအောသုံးလိုက်ပြီး လာဘ်စားမှုတွေ၊ အကျင့်ပျက်မှုတွေကို စိစစ်နိုင်မှုမရှိဘဲ လက်တစ်ဆုပ်စာကုမ္ပဏီ ၂၀ ကျော်နဲ့ အချိန်တိုအတွင်း မြို့သစ်ကြီး တည်ဆောက်ခဲ့မှုမှာ မြန်မာ့စီးပွားရေး ကျဆင်းမှုကို ဦးတည်ခဲ့ပါတယ်။

ဒီနေရာမှာ စစ်အစိုးရက နေပြည်တော်မြို့တော်ကြီးကို ဘယ်လိုပုံစံနဲ့ တည်ခဲ့တယ်ဆိုတာ မေးစရာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် မတိုင်ခင်အထိ မြန်မာနိုင်ငံရဲ့ တရားဝင်ငွေလဲနှုန်းက တစ်ဒေါ်လာကို ခြောက်ကျပ်အောက်မှာပဲ ရှိပါတယ်။ ဒီလိုတရားဝင်ငွေလဲနှုန်းက ခြောက်ကျပ်အောက်မှာ ဆိုပေမဲ့ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ၁၀၀၀ ကျော်ပါ။ သယံဇာတရောင်းရငွေတွေကို နိုင်ငံ့ဘဏ္ဍာဆီ တစ်ဒေါ်လာခြောက်ကျပ်နဲ့ထည့်ပြီး တစ်ထောင်ကျော် အိတ်ထဲထည့်နေတဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းဟာ ငွေမည်းတွေနဲ့ နေပြည်တော်ကို တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ရန်ကုန်မြို့သစ်ကို တည်ဆောက်မည့် NLD အစိုးရက ဘယ်လိုငွေနဲ့ မြို့သစ်တည်မှာလဲလို့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

“နေပြည်တော်ကြီး တည်တာက အခု ရန်ကုန်မြို့သစ်ကြီးတည်တာနဲ့ မတူဘူး။ မတူဘူးဆိုတာက နေပြည်တော်တည်တဲ့အချိန်တုန်းက တစ်ဒေါ်လာကို တရားဝင်ဈေးနှုန်းက ငါးကျပ်ခွဲကျော်ကျော်နဲ့ ခြောက်ကျပ်ကြားပဲ သွားနေတာ။ ပြင်ပဈေးနှုန်းက တစ်ထောင်ကျော်နဲ့ နှစ်ထောင်ကြား သွားနေတယ်။ အဲဒီတော့ ငွေလဲနှုန်းက တစ်ဒေါ်လာတစ်ထောင်ကျော် ပျောက်နေတယ်။ အဲဒီတုန်းက ဘတ်ဂျက်တွက်တဲ့အချိန်မှာ တရားဝင်ငွေလဲနှုန်းနဲ့ တွက်တယ်။ ဥပမာ Gas ရောင်းရတယ်။ Gas ရောင်းရငွေက ဒေါ်လာ ၂ ဒသမ ၅ ဘီလျံလောက်က စရောင်းရတယ်။ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကို ဝင်ငွေအနေနဲ့ ပြတဲ့အခါကျတော့ ကျပ်ဘီလျံ ၁၃၀၀၀ လောက်ပဲပြတယ်။ ပြပြီး လိုငွေပြတယ်။ ဒီလိုလုပ်နေတော့ တစ်ဒေါ်လာတိုင်း တစ်ဒေါ်လာတိုင်းမှာ ကျပ် ၁၀၀၀ ကျော်က ငွေမည်းဖြစ်သွားတယ်။ ငွေမည်းဖြစ်သွားတယ် ဆိုတာက ကျပ်ငွေတွေက ငွေမည်းဖြစ်သွားတာမဟုတ်ဘဲ ဒေါ်လာတွေက ငွေမည်း ဖြစ်သွားတာ။ ဒေါ်လာတွေဝင်လာတာ အများကြီး။ အဲဒီဝင်လာတဲ့ ဒေါ်လာတွေကို အပုံ ၁၀၀၀ ပုံ တစ်ပုံလောက်ပဲ ပြပြီးတော့ ကျန်တာတွေကို နေပြည်တော် တည်ပစ်လိုက်တာ။ အဲဒါက ဘယ်လိုပဲပြောပြော ခုသာခံသာသေးတယ်။ အခုဟာက ငွေဖြူငွေမည်း ပြဿနာက မရှိတော့ဘူး။ ဘယ်က အချောင်ရတဲ့ငွေရှိလဲ။ အဲဒီတုန်းက အချောင်ရတဲ့ငွေရှိလို့ မြို့သစ်လုပ်လိုက်စမ်းဆိုပြီး ထလုပ်တာ။ နောက်တစ်ခါ ကျောက်စိမ်း။ သူက တစ်နှစ်ကို ဒေါ်လာ ၃၁ ဘီလျံဝင်ငွေ ရှိတယ်။ အဲဒီမှာ သက်သေပြလို့ ရတာက ၂၀၁၄ ခုနှစ်။ အဲဒီနှစ်မှာ တရားဝင်စာရင်းပြတာ နိုင်ငံတော်က ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ရှိတယ်လို့ စာရင်းပြတယ်။ တကယ်တမ်းကျ ၃၁ ဘီလျံရှိတယ်။ ၃၀ ပုံ တစ်ပုံပဲ ဝင်ငွေပြပြီး ၂၉ ပုံက ပျောက်သွားတယ်။ ပျောက်သွားတာတွေက Black Money တွေဖြစ်သွားပြီး ဆိုင်ရာပိုင်ရာလူတွေကနေ နိုင်ငံခြားကိုသွားပြီး ဘဏ်အကောင့်တွေ ဖွင့်ကြတယ်။ အဲဒီလိုငွေတွေနဲ့ ဆောက်တာ။ ၂၀၁၄ တုန်းကတော့ ပေါ်ခဲ့လို့ စာရင်းသိရတာ။ အရင်တုန်းက သိခဲ့ရတာမရှိဘူး။ ဆိုလိုတာက အဲဒီလို ငွေမည်းတွေနဲ့ နေပြည်တော်ကြီးတည်ခဲ့တာ။ GDP ရော Per Capita Income ရော Trade Balance ရော အကုန်လုံး လျော့သွားတယ်။ အဝင်မှမပြတာ။ အခုကျ ဘာ Black Money မှ မရှိဘူး။ ဘာလုပ်ဖို့ နေပြည်တော်ကြီးတည်မလဲ။ နေပြည်တော်ရယ်လဲမဟုတ်။ ဒီလိုမြို့သစ်ကြီး တည်ရအောင် ဘယ်လောက်ချမ်းသာနေလို့လဲ။ ဘီလျံပေါင်းများစွာ အကုန်ခံပြီး လုပ်ရလောက်အောင် ချမ်းသာနေတာ မဟုတ်ဘူးလေ။ ဘယ်က ငွေရလို့လဲ။ ဝင်ငွေမရှိဘဲနဲ့ ဝန်ထမ်းတွေလည်း လစာတိုးပေးထားတယ်။ ဘယ်ကငွေနဲ့လဲ။ ငွေတွေ Black Money တွေမရှိဘဲ သဘာဝကျကျ တိုးချဲ့ရမယ့်အစား ဘီလျံများစွာ အကုန်ခံပြီး မလုပ်သင့်ဘူးလို့ မြင်တယ်” လို့ မဆလခေတ် ဒုတိယဝန်ကြီးရဲ့ PSO တာဝန်အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမူဝါဒရေးဆွဲရာမှာ ပါဝင်ဖူးပြီး လက်ရှိအချိန်မှာ စီးပွားရေးပညာရှင်အဖြစ် ရပ်တည်နေတဲ့ ဦးလှမောင်က သုံးသပ်ပါတယ်။

ရန်ကုန်မြို့သစ်ဟာ အခုအချိန်မှာ လုံးဝကို တည်ဆောက်သင့်တဲ့အချိန် မဟုတ်ပါဘူး။ တရုတ်နိုင်ငံအားကိုးနဲ့ တည်ဆောက်မယ် ဆိုရင်တော့ တည်ဆောက်သူတွေရဲ့ သမိုင်းအမှားနဲ့ မြန်မာ့စီးပွားရေးကို ထပ်ပြီးဆွဲချမယ့်အဖြစ်ကို ရင်ဆိုင်ရပါလိမ့်မယ်။

တရုတ်နဲ့ ရန်ကုန်မြို့သစ် ဘယ်လိုဆက်စပ်သလဲ

တရုတ်နိုင်ငံရဲ့ OBOR (One Belts & One Road) စီမံကိန်းနဲ့ ချိတ်ဆက်နေပြီး တရုတ်အစိုးရက ရှယ်ယာအများစုပိုင်ထားတဲ့ CCCC (China Communications Construction Company) ကို Pre Design Tender Document ကို ရေးဆွဲဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ငွေဖြူငွေမည်းပြဿနာ၊ မြေလက်ဝါးကြီးအုပ်မှု ပြဿနာတွေနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်ချုပ်ကိုင်ထားပြီး မြေလက်ဦးမှုရယူထားတယ်ဆိုတဲ့ သတင်းဆိုးများစွာနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်သူအများစုက နှစ်လိုမှုမရှိကြပါဘူး။ ဒီလိုနှစ်လိုမှုမရှိတဲ့အပြင် အရင်အစိုးရတုန်းက အတည်ပြုခဲ့လို့ ဆက်လုပ်နေတာပါဆိုတဲ့ အခြေအနေဟာလည်း ပိုကောင်းမယ်ထင်လို့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆင်ခြေဖြစ်နေတာကိုလည်း စိတ်မကောင်းစွာ မြင်နေရတာဟာ တိုင်းပြည်အတွက်တော့ ရင်နာစရာပါ။

အရင်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ OBOR စီမံကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ နှစ်နိုင်ငံကတိကဝတ်တွေကနေ မန္တလေးကို ဗဟိုပြုပြီး ရန်ကုန်မြို့သစ်နဲ့ ကျောက်ဖြူကို ချိတ်ဆက်မယ့် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစြင်္ကံဆိုပြီး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို ပေါ်ထွက်လာတဲ့ အခြေအနေမှာ ရန်ကုန်မြို့သစ်စီမံကိန်းက ထွက်လာခဲ့တာပါ။

မြန်မာနိုင်ငံက ပင်လယ်ထွက်ပေါက်ရှိနေတဲ့ နေရာတိုင်းဟာ တရုတ်နိုင်ငံရဲ့ OBOR (Belt & Road Initiative) စီမံကိန်းအောက်မှာ Corridor အဖြစ် ပါဝင်လာမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားမှုတွေရဲ့ နောက်ကွယ်မှာ ပင်လယ်ထွက်ပေါက်နေရာတစ်ခု အနေနဲ့ အားသာချက်ရှိတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနေရာဟာ CCCC နဲ့ တရုတ်အစိုးရအတွက် မက်လုံးအဖြစ် မြန်မာ့စီးပွားရေး အချက်အခြာဗဟိုက ပင်လယ်ထွက်ပေါက်နေရာဖြစ်တဲ့ ရန်ကုန်မြို့ကို မဟာဗျုဟာအရ အုပ်စီးမိရေးပဲ ဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ အားလုံးက ကြောက်ရွံ့နေတာကတော့ သီရိလင်္ကာက ဟန်ဘန်တိုတာဆိပ်ကမ်းကို တရုတ်က ထိန်းချုပ်ပြီး ဒီဆိပ်ကမ်းက အကျိုးအမြတ် မဖြစ်တာကြောင့် တရုတ်ကို ထိုးအပ်လိုက်ရတဲ့ဖြစ်စဉ်အပြင် တခြားစက်မှုဇုန်တွေ လုပ်ငန်းတွေကိုပါ ခွင့်ပြုပေးလိုက်ရတဲ့ ဖြစ်စဉ်မျိုးကိုပါ။

ဖြတ်သွားဖြတ်လာနည်းလှသည့် နေပြည်တော်လမ်းပိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နေရိုင်း)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကလည်း လက်မခံဘူး

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က လွှတ်တော်ကို တင်ပြလာမှု မရှိဘဲ စီမံကိန်းတွေ လုပ်ဆောင်နေတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေလောက်တောင် ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုင်းဒေသကြီးအစိုးရလုပ်နေတဲ့ စီမံကိန်းတွေကို သိရှိမှုမရှိ ဖြစ်နေတာတွေကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ကန့်ကွက်ခံရမှုတွေမှာ ထိပ်ဆုံးက ရှိနေပါတယ်။

ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအစိုးရလုပ်နေတဲ့ စီမံကိန်းတွေ အားလုံးဟာ လွှတ်တော်ရဲ့ အတည်ပြုချက်တစ်ခုမှ မပါဘဲ လုပ်နေတာလို့ မှတ်ချက်ပြုခဲ့သလို လတ်တလောမှာ ဆိုရင်လည်း ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပါဝင်တဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။

“ဒီရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ကျွန်မမူအားဖြင့်လည်း ဆွေးနွေးသွားပါမယ်။ ကျွန်မ ပထမဆုံး အနေနဲ့ကတော့ အခုနက ကိုနေဘုန်းလတ်က လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားပြီဖြစ်တဲ့အတွက် ကျွန်မကတော့ မူအားအဖြစ်နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရနဲ့ပဲ နှိုင်းယှဉ်ပြီးတော့ ဆွေးနွေးသွားပါ့မယ်။ ပထမဆုံးအချက်အနေနဲ့ တင်ပြလိုတာကတော့ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ဆိုတာက JICA,KOICA,AFD ဆိုတဲ့ အဖွဲ့အစည်းတွေက ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းတွေ ဆိုပြီးတော့ နှစ်အလိုက် ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီစီမံကိန်းတွေကို ပြီးခဲ့တဲ့လွှတ်တော်မှာ စာအုပ်ကြီးတစ်အုပ်အနေနဲ့ ထားပေးခဲ့တာပါ။ ဒီစီမံကိန်းတွေကို မလွဲမသေ လုပ်ဆောင်ရမယ်။ ဒီစီမံကိန်းတွေမှာ ပါဝင်တဲ့ခေါင်းစဉ်တွေအတိုင်း လုပ်ဆောင်ရမယ်လို့ JICA တို့ကလည်း ဆိုခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လွှတ်တော်မှာ စာအုပ်ကြီးတစ်အုပ်ကို ပေးခဲ့ပါတယ်။ ပေးခဲ့ပြီးတော့ ဒီစာအုပ်ကို သိရုံ၊ တင်ပြရုံပဲ လွှတ်တော်ကိုတင်ပြခဲ့တာပါ။ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီထဲမှာ ပါဝင်တဲ့ ခေါင်းစဉ်တွေအားလုံးကို အတည်ပြုခဲ့ခြင်း မရှိဘူးဆိုတာ မှတ်တမ်းအနေနဲ့ ရှိခဲ့ပါတယ်။ အဲဒီလိုပါပဲ ကျွန်မတို့ ဒုတိယအကြိမ်သက်တမ်း လွှတ်တော်သက်တမ်းရောက်လာတဲ့ အချိန်မှာလည်း ဒီစာအုပ်ကြီးထဲမှာ ပါနေတဲ့ ဒီခေါင်းစဉ်တွေကိုပဲ ကျွန်မတို့တွေကို စီမံကိန်းဆိုပြီးတော့ စာအုပ်ကြီးပြပြီးတော့ အတည်ပြုခိုင်းတယ် ဆိုတာဟာ ကျွန်မတို့ ဘယ်လိုနည်းနဲ့မှ ဥပဒေကြောင်းအရ မညီညွတ်ဘူးဆိုတာကို ပထမဆုံး တင်ပြလိုပါတယ်။ ယခုတင်ပြထားတဲ့ ဒီစီမံကိန်းတွေမှာ အခြေခံ အဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်းဆိုတာဟာ နှစ်ခုပဲပါလာတာ တွေ့ရတယ်။ ကျန်တဲ့အဆောက်အအုံတွေ အားလုံးဟာ အိမ်ရာဆောက်လုပ်မှု ဖွံ့ဖြိုးမှုစီမံကိန်းတွေဟာ အများဆုံး ဖြစ်နေတယ်လို့ဆိုတာလည်း တွေ့ရပါတယ်။ ဒါတွေဟာ Trading ကို အခြေခံတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ အမှန်တကယ် တိုင်းပြည်ရဲ့ စီးပွားရေးကို တိုးတက်စေမယ့် Manufacturing ကို တိုးတက်ဖို့ ကုန်ထုတ်လုပ်မှုကို တိုးတက်ဖို့ မဟုတ်ဘူးဆိုတာကိုလည်း စီမံဘဏ္ဍာဝန်ကြီးက ဒီလိုစီမံကိန်းမျိုးတွေ ရှိနေသမျှ ကျွန်မတို့တိုင်းပြည် မတိုးတက်နိုင်ပါဘူးဆိုတာကို မကြာခင်ကပဲ တင်ပြသွားတာ ရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးကျဆင်းနေချိန်မှာ ကျွန်မတို့ Real Estate Development တွေကို Urban Development လုပ်သယောင်ယောင်ပုံစံနဲ့ Real Estate Development တွေ လုပ်နေတာဟာ ကျွန်မတို့ ပေါ်လစီမှားနေတယ်လို့ ပြောချင်ပါတယ်။ ဒီလို Real Estate Development တွေ လုပ်ခြင်းအားဖြင့် ကျွန်မတို့က သူတို့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် Import တွေ Substitution တွေ အများကြီးလုပ်ရမယ်။ အဲဒီအတွက် ကျွန်မတို့ ကုန်သွယ်မှုလိုငွေတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကာလတိုမှာ စီးပွားရေးတက်သယောင်ယောင်လုပ်တဲ့ စီမံကိန်းတွေပဲ ဖြစ်ပါတယ်။ အမှန်တကယ် တိုင်းဒေသကြီးအဆင့်အနေနဲ့ လုပ်ပေးရမှာက အခြေခံအဆောက်အအုံဖြစ်တဲ့ Infrastructure တွေကို တိုးတက်အောင် လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ ဒေသန္တရစီမံကိန်းမှာ ဖော်ပြထားတာက စွမ်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၅ ခု ပြုလုပ်ရန်ဆိုပြီး စာအုပ်အနီနဲ့ ကျွန်မတို့ကို ဝေထားပြီးတော့ တင်ပြထားတာလည်း ရှိပါတယ်။ စာအုပ်အနီမှာ တင်ပြထားတာက စက်မှုဇုန် အဟောင်း ၂၉ ခုကို အသစ်ပြန်လည် ဖော်ဆောင်ပြီးတော့ အဆင်မြှင့်တင်ရန်လို့ ပြောထားပေမဲ့ တကယ်တမ်းကျတော့ အခု ကျွန်မတို့ကို စာအုပ်ပေးပြီး အတည်ပြုခိုင်းနေတာက စက်မှုဇုန်အဟောင်းတွေ မပါဘဲနဲ့ စက်မှုဇုန်အသစ်တွေကို အတည်ပြုခိုင်းတာ ဖြစ်နေပါတယ်။ စက်မှုဇုန်အသစ်တွေ လုပ်ခိုင်းတယ် ဆိုတာကလည်း သဘာဝကျပါတယ်။ စက်မှုဇုန်အဟောင်းတွေက မြေဈေးကစားမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ့်သူတွေ မလာဘူး။ ဒီအတွက် မြေကွက်တွေ မရောင်းရဘူး။ ဒါကြောင့်မို့လို့ စက်မှုဇုန်အသစ်တွေ ဖော်ဆောင်ပြီးတော့ စက်မှုဇုန်အင်္ဂါရပ်နဲ့ညီတဲ့ စက်မှုဇုန် အသစ်တွေ ပြန်လည်ဖော်ဆောင် ပေးချင်တာကတော့ မူအားဖြင့် မှန်ကန်တယ်လို့ ပြောနိုင်ပေမဲ့ ဒါဟာ လက်တွေ့သိပ်မကျဘူးလို့ ပြောချင်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးအစိုးရဘက်က တင်သွင်းလာတဲ့ စီမံကိန်းတွေဟာ ပြည့်စုံမှုမရှိတာကြောင့် လွှတ်တော်က အတည်မပြုတာဖြစ်ပြီး ဒီလိုအတည်မပြုဘဲထားတဲ့ စီမံကိန်းတွေကို အစိုးရက အတင်းအဓမ္မ လုပ်ဆောင်နေရင် လွှတ်တော်နဲ့ အစိုးရဂုဏ်သိက္ခာ ကျဆင်းနိုင်တယ်လို့ ဒေါ်စန္ဒာမင်းက ဝေဖန်ပါတယ်။

ဒါ့အပြင် အစိုးရကလုပ်တဲ့ စီမံကိန်းတွေဟာ ဥပဒေနဲ့အညီဖြစ်ဖို့အတွက် လိုအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ဥပဒေနဲ့အညီလုပ်တဲ့ အစိုးရဖြစ်စေချင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်။ ပြည်သူတွေ ဘာတွေမျှော်လင့်နေလဲ။ ဒါတွေကို ကျွန်တော်တို့ လေ့လာဖို့ လိုပါတယ်။ ဒါက စီမံကိန်းတွေကို ကန့်ကွက်နေတာ မဟုတ်ဘူး။ စီမံကိန်းတွေကို စီမံချက်ကောင်းကောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့က ဆွေးနွေးနေတာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တင်မြောက်လိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ဥပဒေနဲ့အညီ လုပ်ဆောင်သော အစိုးရဖြစ်စေချင်ပါတယ်။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်ဆိုပြီးလုပ်တဲ့ အနေအထား မဖြစ်သင့်ပါဘူး။ ငါ့မြင်းမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ မြင်းပါ။ ပြည်သူတွေရဲ့သဘောကျ စီးနိုင်မှကောင်းမှာပါ” လို့ ပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းလား၊ ကျူးနှစ်သန်းတိုးမယ့် စီမံကိန်းလား

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ နဝတအစိုးရက မြို့သစ်ခုနစ်မြို့တည်ပြီး ကျူးကျော်တွေကို ရှင်းလင်းခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်တွေကို နေရာချထားပေးမှု မရှိတော့ပေမယ့် ၁၉၉၆ ကနေ ၂၀၀၅ ခုနှစ်အထိ ကျူးကျော်အိမ်ရာတွေ သိသိသာသာ တိုးပွားခဲ့တာ မတွေ့ခဲ့ရဘူးလို့ မြို့ပြပညာရှင်တစ်ဦးဖြစ်တဲ့ မြင့်မိုရ်ဆွေရဲ့ “ကျူးကျော်အိမ်ရာ ဖြေရှင်းရာဖွေရှာ နည်းလမ်းသစ်” ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ ကျူးကျော်တွေဟာ နာဂစ်ဖြစ်ပြီး ၂၀၀၈ နောက်ပိုင်းမှာ ပိုများလာပြီးတော့ ဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၁ နောက်ပိုင်းမှာ စံချိန်တင်အများဆုံးရှိလာခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အတွင်းမှာ ကျူးကျော်ထောင်ဂဏန်းကနေ သိန်းဂဏန်းဆီ ရောက်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေကနေ ၂၀၁၅ ခုနှစ်အတွင်း ကျူးကျော်ငါးဆတိုးလာတယ်လို့ မြို့ပြပညာရှင်တွေက သုံးသပ်ကြပြီး ဦးဖြိုးမင်းသိန်းတို့ ကောက်ယူထားတဲ့ နောက်ဆုံးစာရင်းတွေအရ ရန်ကုန်မြို့မှာ ကျူးကျော်အိမ်ခြေပေါင်း ၁၁၀၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၁၅၀၀၀၀ ကျော်နဲ့ လူဦးရေ ၄၅၀၀၀၀ ခန့် ရှိနေပါတယ်။

ဒီလိုကျူးကျော်တွေ တိုးပွားလာမှုအပေါ် မြို့ပြပညာရှင် မြင့်မိုရ်ဆွေက “ပြောင်းသုံးပြောင်းကြောင့်လို့ အမည်တပ်ခဲ့ပြီး ပထမပြောင်းက ‘ရန်ကုန်ကနေ နေပြည်တော်ကို အစိုးရရုံးတွေပြောင်းရွှေ့မှုကြောင့် နေပြည်တော်ရဲ့ ဖွံ့ဖြိုးမှုပဲ အာရုံစိုက်ခဲ့တာကြောင့်” လို့ သုံးသပ်ခဲ့ပြီး ဒုတိယကိုတော့ “အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲမှု” လို့ သုံးသပ်ခဲ့ပြီး တတိယကိုတော့ “မြို့သစ်တွေ၊ စက်မှုဇုန်တွေရဲ့ မြေစီမံခန့်ခွဲမှုတွေကို မြို့/အိုးဦးစီးဌာနကနေ ရန်ကုန်စည်ပင်ကို လွှဲပေးလိုက်တဲ့ အလွှဲအပြောင်းကြားမှာ သူလိုလို ကိုယ်လိုလိုနဲ့ ဌာနနှစ်ခု အပြောင်းအလဲကြား မြေစီမံခန့်ခွဲမှု အားနည်းခဲ့တယ်” လို့ သုံးသပ်ခဲ့ပါတယ်။

၁၉၅၈ မှာ တစ်ကြိမ်၊ ၁၉၈၈ နောက်ပိုင်းမှာ တစ်ကြိမ် စုပုံလာတဲ့ ကျုးတွေကို ရှင်းထုတ်ပြီးတဲ့နောက်မှာ စုပုံလာပြန်တဲ့ ကျုးတွေအတွက် NLD အစိုးရဆီကို ရောက်လာခဲ့ပြီး ကျုးကျော်တွေအတွက် အိမ်ရာဖန်တီးပေးမယ်ဆိုတဲ့ ကတိတွေနဲ့ စာရင်းကောက်ယူမှုတွေ ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ပထမဆုံးပေးခဲ့တဲ့ ကတိလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ အောင်မြင်မှုမရှိသေးပါဘူး။ ကျုးကျော်တွေအတွက် တိုက်ခန်းတွေ ပေးမယ်ဆိုတာကြောင့် နှစ်နှစ်အတွင်းမှာ ပိုမိုတိုးပွားလာတဲ့ ကျုးကျော်တွေလည်း ရှိနေပြန်ပါတယ်။ အဲဒါကြောင့်လည်း ဦးဖြိုးမင်းသိန်းတို့က ကျူးကျော်အရေအတွက် သုံးသိန်းလောက်ပဲရှိမယ် ခန့်မှန်းထားခဲ့ပေမဲ့ လက်တွေ့မှာ လေးသိန်းကျော် ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ကျူးကျော်တွေအတွက် နေရာချထားမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ စတင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပေမဲ့ လက်ရှိအချိန်အထိ ဖြစ်မလာသေးပါဘူး။

ဒီလိုအခြေအနေ ဖြစ်နေချိန်မှာ ရန်ကုန်မြို့သစ်စီမံကိန်းဟာ အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းကို ဖန်တီးပေးမယ်လို့ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေနဲ့ NYDC ရဲ့ CEO ဦးသိမ်းဝေတို့က ကြွေးကြော်ကြပါတယ်။

ဒီလိုကြွေးကျော်ပေမဲ့ လက်တွေ့မှာ ကြွေးကြော်သလိုဖြစ်ဖို့ အလွန်ခဲယဉ်းပါတယ်။ မြန်မာနိုင်ငံမှာ Skill Labour လုံးဝကို မရှိသလောက်လို့ ပြောလို့ရတဲ့အခြေအနေမို့လို့ တရုတ် CCCC ကုမ္ပဏီက သူခေါ်လာတဲ့ သူ့လုပ်သားတွေနဲ့ တည်ဆောက်သွားတာမျိုး၊ မြို့သစ်စီမံကိန်းမှာ ပါဝင်ခွင့်ရတဲ့ ပြည်ပကုမ္ပဏီတွေက သူ့နိုင်ငံသားတွေ ခေါ်လာတာမျိုးပဲ ဖြစ်လာမှာဖြစ်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်းဆိုတာ မြန်မာနိုင်ငံသားတွေအတွက် ဖြစ်လာမယ့် အခြေအနေမှာ မရှိပါဘူး။ ပိုဆိုးတာက နိုင်ငံတစ်ဝန်းမှာ အလုပ်လက်မဲ့ အခြေအနေတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးစနေပြီဆိုတာနဲ့ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားသိန်းနဲ့ချီပြီး ရန်ကုန်ဆီ ရောက်လာပါလိမ့်မယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သဘော သဘာဝဟာ ငွေကြေးအခက်အခဲကြောင့် နေစရာ၊ သွားစရာ အခက်မကြုံအောင် စီမံကိန်းပတ်လည်မှာပဲ အဆင်ပြေသလိုနေကြမှာဖြစ်လို့ ရန်ကုန်မြို့သစ်စီမံကိန်းပတ်လည်မှာ ကျုးကျော်တွေ ပိုများလာပြီး ဒုတိယလှိုင်သာယာ ဖြစ်လာပါလိမ့်မယ်။

Skill Labour မရှိလို့ တိုင်းပြည်အတွက် အလုပ်အကိုင် အခွင့်အလမ်းနှစ်သန်း ဖန်တီးပေးမယ်ဆိုတာက အိပ်မက်စိတ်ကူးပဲ ဖြစ်လာမှာဖြစ်ပြီး လက်ရှိကျူးတွေနဲ့ အရင်ကျူးတွေပေါင်းပြီး သူဌေးတွေအတွက် ရန်ကုန်မြို့သစ်ကြီးဟာ ကျူးတွေနှိမ်နင်းနေရတာ၊ နေရာပေးနေရတာနဲ့ပဲ ရှေ့မဆက်နိုင်ဘဲ ကျူးနှစ်သန်းတိုးမယ့် စီမံကိန်းဖြစ်သွားနိုင်ပါတယ်။

“ကျူးကျော်တွေကို မြန်မာနိုင်ငံမှာရော တစ်ကမ္ဘာလုံးမှာပါ ရှင်းလင်းကြတယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျူးကျော်တွေဆိုတာက သူတို့ရဲ့အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့နေရာမှာ သွားနေကြတယ်။ လှိုင်သာယာ စက်မှုဇုန်မှာနေတဲ့သူ တစ်ယောက်ကို မြောက်ဒဂုံမှာ သွားထားရင် သူက ကားခနဲ့တင်ကို သူ့ဝင်ငွေထက်ဝက်လောက် ကုန်သွားမယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီတော့ သူတို့က လှိုင်သာယာစက်မှုဇုန်နားမှာပဲ သွားနေကြတယ်။ အဲဒီလိုပဲ တောင်ဒဂုံ၊ မြောက်ဒဂုံစက်မှုဇုန်တွေမှာ အလုပ်လုပ်တဲ့သူတွေကလည်း အဲဒီနားမှာပဲ သွားနေတယ်။ ဆေးရုံနဲ့ပတ်သက်ပြီး ရှင်သန်နေကြတဲ့သူတွေကလည်း ဆေးရုံနားပတ်ဝန်းကျင်မှာပဲ မရရအောင် နေတယ်။ ဈေးကို မှီခိုပြီးနေတဲ့သူတွေကလည်း ဈေးနားမှာပဲ မရရအောင်နေရတယ်။ အဲဒီအခြေခံ အချက်တွေ မစဉ်းစားနိုင်ဘဲနဲ့ ကျူးကျော်တွေကို Upgrade လုပ်ပေးလိုက်မယ်။ အိမ်ရာလုပ်ပေးလိုက်မယ် ဆိုတာမျိုးနဲ့ မရဘူး” လို့ ရန်ကုန်မြို့သစ် စီမံကိန်းမှာပါဝင်တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ Modular Architects Firm ရဲ့ MD ဦးခိုင်ဝင်းလတ်က Next for Yangon ဆွေးနွေးပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ကျူးကျော်မိသားစုများ၏ မြင်ကွင်း (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

နှစ်နှစ်အတွင်း စီမံကိန်းမှန်သမျှ အောင်မြင်ခဲ့လား

စီးပွားဖြစ်သြင်္ကန်ကို ပြောင်းလဲမယ်ဆိုပြီး ကြွေးကြော်မှုနဲ့ စတက်လာခဲ့ပေမဲ့ နှစ်နှစ်အကြာမှာ စီးပွားဖြစ်သြင်္ကန်ကို ပြန်ခွင့်ပြုခဲ့ရတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ဘာလုပ်လုပ်အောင်မြင်အောင် လက်စသတ် မလုပ်နိုင်ဘူးဆိုတဲ့ နာမည်တွေနဲ့ နာမည်ကျော်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အထပ်မြင့် အဆောက်အအုံတွေ ရပ်ဆိုင်းလိုက်မှုဟာ NLD အစိုးရလက်ထက် နှစ်နှစ်ကျော်အထိ စီးပွားရေးကျဆင်းမှုတွေရဲ့ ဇာတ်ကောင်အဖြစ် သုံးသပ်ခံနေရသလို ကမ်းနားလမ်းညဈေးဟာလည်း မအောင်မမြင်နဲ့ ပြောင်းလဲနိုင်မှု နည်းပါးခဲ့ပြီး ဘီလျံပေါင်းများစွာ ကုန်ကျမှုတွေပဲ အဖတ်တင်ခဲ့ပါတယ်။

သုံးရက်နဲ့ ပြောင်းလဲနိုင်ခဲ့တယ်ဆိုတဲ့ YBS စီမံကိန်းဟာ လိုအပ်ချက်များစွာရှိနေပြီး ညဦးပိုင်းပြန်ချိန်အခက်အခဲ၊ ငွေအကြွေပြဿနာတွေနဲ့ပါ။ စီးနင်းသူမရှိသလောက် ဖြစ်နေပြီး အပျော်စီးနင်းသူတွေပဲ စီးနေကြတဲ့ Water Taxi၊ နောက်ဖေးလမ်းကြား စီမံကိန်းတွေရဲ့ မအောင်မြင်မှု၊ ယာဉ်ကြောပိတ်ဆို့မှု မလျှော့ချနိုင်တာတွေနဲ့ တစ်ချိန်လုံးပြောနေခဲ့တဲ့ မီးပွိုင့်စနစ်ကို အသက်မသွင်းနိုင်မှုစတဲ့ အခြေအနေတွေဟာ အစမှာ မကောင်းခဲ့သလို အဆုံးသတ်မှာလည်း ဝေဖန်ခံရမှုတွေ အပြည့်နဲ့ပါ။ အခုအချိန်အထိလည်း မအောင်မြင်ပါဘူး။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုစရိုက်သမားတွေအတွက် နေရာမရှိစေရဘူးဆိုတဲ့ ကျုံးဝါးသံဟာလည်း ရန်ကုန်ဟာ ဘေးကင်းလုံခြုံမှုမရှိဆုံးမြို့တွေထဲမှာ ဒုတိယလိုက်မှုနဲ့ အဆုံးသတ်ခဲ့ရတာပါ။

အဆိုးဆုံးကတော့ ပြည်သူတွေအတွက် မက်လုံးပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စတက်လာကတည်းက လုပ်ဆောင်ပေးမယ်ဆိုတဲ့ ကျူးကျော်အိမ်ရာစီမံကိန်းပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ဒီစီမံကိန်းကို ပြောထားတဲ့အတိုင်း လုပ်ဆောင်မပေးနိုင်ဘဲ ပြည်သူကိုပေးထားတဲ့ ကတိပျက်နေပါတယ်။ ချမ်းသာသူတိုင်း မာစီဒီးစီးရဖို့ထက် မရှိဆင်းရဲသားတိုင်း ကျောတစ်ခင်းစာရဖို့နဲ့ ထမင်း၀၀စားနိုင်ဖို့ ပိုအရေးကြီးပါတယ်။

လက်ရှိ ရန်ကုန်မြို့သစ် တည်ဆောက်မယ့်ပုံစံကို ကြည့်မယ်ဆိုရင် CCCC က မြို့သစ်နဲ့ ပတ်သက်တဲ့ စီမံကိန်းအကြို အဆိုပြုလွှာရေးမယ်။ ဒီဟာကို ပြည်သူတွေဆီ ချပြမယ်။ အဲဒီ စီမံကိန်းအကြို အဆိုပြုလွှာထက် ပိုကောင်းအောင်လုပ်နိုင်သူ မည်သူမဆိုပါ ဝင်ယှဉ်ပြိုင်လို့ ရတယ်ဆိုတဲ့ ပုံစံဖြစ်သလို လက်ရှိရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကုမ္ပဏီတည်ထောင်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပါဝင်တည်ဆောက်မှုတွေ လုပ်ကိုင်မယ်ဆိုတဲ့ အခြေအနေမျိုးပါ။ တိုင်းပြည်မှာ ကျပ်တည်းနေလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြိုနေပါပြီလို့အော်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဘယ်ကငွေနဲ့ ဒီလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

“PPP ဆိုတာက Public Private Partnership လုပ်တာ။ Private က ဘယ်ကငွေရလို့လဲ။ အခုက ခရိုနီလည်း မရှိတော့ဘူး။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပဲ ရှိတယ်။ အဲဒီလုပ်ငန်းရှင်တွေက ဘယ်ကငွေရလို့ PPP ပြောပြောနေတာလဲ။ Private တွေက ဘယ်ကငွေရလို့ Public အစိုးရကိုကူပြီး Partnership လုပ်ပြီးတော့ မြို့တော်ကြီး တည်ဆောက်မှာလဲ။ ဒီပြည်တွင်း လှည့်လည်ငွေထဲကပဲ ဘယ်ဘက်အိတ်ထဲကနေ ညာဘက်အိတ် ပြောင်းရတာ။ ငွေက တိုးလာတာမှ မဟုတ်ဘဲ။ အကယ်၍ နိုင်ငံခြားက ကုမ္ပဏီကြီးတွေက Invest လုပ်ရင်တော့ မဆိုးဘူးပေါ့။ ဒါပေမဲ့ Loan ကို မချေးနဲ့။ နောင်လာနောင်သားတွေ သားစဉ်မြေးဆက် ဆပ်နေရမယ်” လို့ ဦးလှမောင်က ဆက်လက်ပြောပါတယ်။

မြေပေးမယ်။ တံတားနဲ့လဲမယ်ဆိုတဲ့ အတွေးမျိုးဟာ လုံးဝမဖြစ်သင့်သလို လက်ရှိ ရန်ကုန်ဟာ နေရာအနှံ့မှာ မြေလွတ်မြေလပ် အများကြီးရှိနေတာကြောင့်မို့လို့ လက်ရှိ လူဦးရေရဲ့ နှစ်ဆတက်လာရင်ကို မြို့သစ်ချဲ့စရာမလိုပါဘူး။ ဥပမာအားဖြင့် လက်ရှိ ရန်ကုန်လူဦးရေ သိပ်သည်းဆဟာ တစ်စတုရန်း ကီလိုမီတာမှာ ၄၅၉၈ ဦးရှိပြီးတော့ ဘန်ကောက်ဟာ ၉၅၁၀ ဦး ရှိပါတယ်။ လူဦးရေ သိပ်သည်းဆမြင့်ပြီးတော့ Mega City အဆင့်ရောက်နေတဲ့ ဘန်ကောက်တောင် မြို့သစ်မချဲ့သေးချိန်မှာ ရန်ကုန်က အိုးကမပူ စလောင်းပူပြီး မြို့သစ်ချဲ့ချင်နေတာဟာ မှားယွင်းမှုပါ။ ဒါ့အပြင် ဘယ်သူတွေခန့်မှန်းမသိတဲ့ ဦးသိမ်းဝေကို NYDC CEO အဖြစ် မြို့သစ်စီမံကိန်းကို ပုံအပ်လိုက်မှု၊ တင်ဒါမခေါ်ဘဲ CCCC ကို ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ပုံအပ်လိုက်မှု၊ ဘယ်အချိန်က တင်ဒါခေါ်မှန်း မသိလိုက်ဘဲ နယ်သာလန်အခြေစိုက် Royal Haskoning DHV ကို ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲဖြတ်ချက် ပြုလုပ်ဖို့အကြံပေးအဖြစ် ရွေးချယ်လိုက်မှုတွေကလည်း ဆိုးရွားပါတယ်။ နောက်ထက် ဘယ်လောက်အထိ ပြည်သူနဲ့ လွှတ်တော်ကို ချမပြဘဲ လုပ်နေတဲ့စီမံကိန်းတွေ ဘယ်လောက်အထိ ရှိနေလဲမသိရတာက ပိုဆိုးပါတယ်။

ပြည်ထောင်စုလွှတ်တော်က တာဝန်ခံအတည်ပြုရမယ့် ရန်ကုန်မြို့သစ်

လက်ရှိတည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းနေရာဟာ လှိုင်သာယာအောက်ဘက်ဖြစ်ပြီး Sea Level အောက် ၁၀ ပေလောက် ရောက်နေတာကြောင့် အစိုးရအဆက်ဆက် မြို့သစ်တည်ဆောက်တဲ့အချိန်မှာ ချန်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။

ဒီလိုနေရာကို မြို့သစ်တည်မယ်ဆိုရင် မြေဖို့ရမှာက Sea Level အထက်ရောက်ဖို့အတွက်ဆိုရင် အနည်းဆုံး ပေ ၃၀ လောက်မြင့်အောင် မြေဖို့ရမှာဖြစ်လို့ ပထမအဆင့်မှာတင် ကုန်ကျစရိတ် များပြားလွန်းပါတယ်။

ဖို့ထားတဲ့မြေ အသားသေဖို့ စောင့်ရမယ့်အချိန်၊ ဖို့မြေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ မြို့သစ်မှာ တည်ဆောက်လာမယ့် အဆောက်အအုံတွေရဲ့ ဖိအားဟာ ငလျင်ဒဏ်ကို ကြောက်ရွံ့ရမယ့် အခြေအနေလည်း ဖြစ်နေပြန်ပါတယ်။ ဒီလိုအခြေအနေမှာ ဒီရန်ကုန်မြို့သစ်နေရာရဲ့ တစ်ခုတည်းသော မက်လုံးဟာ ပင်လယ်ထွက်ပေါက်နေရာတစ်ခုပဲ ဖြစ်နေပါတယ်။ ဒီလို ပင်လယ်ထွက်ပေါက်နေရာဆိုတာလေးတစ်ခုကလည်း ရေစူးအခြေအနေကြောင့် များစွာတူးဖော်ရဦးမှာပါ။

ဒီလို ဘက်ပေါင်းစုံက ညံ့ဖျင်းနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနေရာကို ဘယ်သူက ရွေးချယ်မှန်းမသိဘဲ ပါဝင်လာတဲ့ CCCC ဟာလည်း အခြေအနေမှန်ကို မသိဘဲနဲ့ သူတို့ တရုတ်အစိုးရရဲ့ OBOR စီမံကိန်းမှာ ဒီနေရာသာ ပင်လယ်ထွက်ပေါက်နေရာဖြစ်ရင် လက်ဦးမှုရယူတဲ့သဘောနဲ့ပဲ စီမံကိန်းမှာ ပါဝင်နေတာဖြစ်ပြီး ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး Eleven Media Group က တရုတ်နိုင်ငံဆီ သွားရောက်တဲ့ ခရီးစဉ်မှာလည်း ရေရာတဲ့ အဖြေပေးနိုင်ခဲ့မှု မရှိပါဘူး။

၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကန့်သတ်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အမိန့်ကြော်ငြာစာ ၁၅/၂၀၁၇ နဲ့ ထုတ်ပြန်ချက် တစ်စောင် ထုတ်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်အရ မြို့သစ်တည်ထောင်ခြင်းလုပ်ငန်းတွေအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက် ရယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့သစ်စီမံကိန်းတွေ လုပ်ဆောင်နေရာမှာ တိုင်းဒေသကြီးလွှတ်တော်ရဲ့ သဘောတူညီမှုမယူဘဲ တင်ဒါခေါ်တာတွေ၊ စီမံကိန်းတွေအတွက် သဘောတူစာချုပ်ချုပ်ဆိုနေတာတွေ လုပ်နေရုံမက ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက် ရယူထားမှု ရှိ မရှိကိုလည်း ရှင်းလင်းမှုမရှိဘဲ တိုင်းအစိုးရရဲ့ လုပ်ပိုင်ခွင့်ဆိုပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ အတည်ပြုချက်လည်း မရသေးဘဲ ကုမ္ပဏီတွေ စာချုပ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ အထိန်းအကွပ်မရှိ လုပ်ကိုင်နေတာတွေဟာ သင့်လျော်မှုရှိ မရှိ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ စတင်လုပ်ဆောင်မယ်ဆိုတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ မြို့သစ်ဆိုတာ တစ်ခုထက် တရုတ်အကျိုးအမြတ် ရေနက်ဆိပ်ကမ်း ထွက်ပေါက်တစ်ခု ဖြစ်နေတယ်ဆိုတာဟာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ခြင်း အကြောင်းအချက် တစ်ခုဖြစ်နေပြီး ဒီအချက်ဟာ မြန်မာ့အချုပ်အခြာအာဏာအတွက် အရေးကြီးပါတယ်။

“မြို့သစ်မှာ ဘယ်လိုလူတွေ နေမလဲ။ ဘယ် Target ကို အဓိကထားပြီး ဖော်ဆောင်မလဲဆိုတာ အရေးကြီးပါတယ်။ အဲဒါတွေအတွက် Social Policy, Urban Development Guideline တွေက ရှိထားရမယ်။ ရှိထားတဲ့အပေါ် မူတည်ပြီးတော့မှ တစ်ဆင့်ချင်းပေါ့။ ဘယ်လို Investment လုပ်မယ်။ ဘယ်လိုတွေ စီမံခန့်ခွဲအုပ်ချုပ်မယ်။ ဘယ်လိုအဖွဲ့အစည်းတွေက မြို့သစ်မှာ ပါဝင်လာမယ်။ ဘယ်လိုအဖွဲ့အစည်းတွေက မြို့သစ်တည်ထောင်မှုမှာ ပါဝင်မလဲ။ ဘယ်လိုအဖွဲ့အစည်းတွေက မြို့သစ်စီမံခန့်ခွဲမှုတွေမှာ ပါဝင်လာမလဲ။ မြို့သစ်လေး တိုးချဲ့လိုက်မယ်။ အကွက်ဆွဲလိုက်မယ်။ လူတွေ ရောင်းလိုက်မယ်။ အိမ်တွေ တည်ဆောက်လိုက်မယ်ဆိုတာမျိုး သိပ်ပြီးရိုးရှင်းတဲ့ကဏ္ဍ မဟုတ်ပါဘူး” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က Next for Yangon ဆွေးနွေးပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပင်လယ်ထွက်ပေါက်ကြောင့် မြန်မာနိုင်ငံအတွက် အကျိုးရှိရှိ မရှိရှိ တရုတ် CCCC က ငွေစိုက်ထုတ်ပြီးလုပ်မယ်။ အဲဒီလိုလုပ်တဲ့အတွက် တရုတ်နိုင်ငံကို မြန်မာနိုင်ငံက ဒေါ်လာဘီလျံများစွာ ပေးဆပ်ရမယ်။ မြို့သစ်ကြီးတည်ပြီး နေပြည်တော်လို နေမယ့်သူမရှိ၊ သွားမယ့်သူမရှိဘဲ ဒီစီမံကိန်းကြီးက Ghost City ကြီးဖြစ်နေမယ်ဆိုရင် နစ်နာရမှာက မြန်မာနိုင်ငံပဲ ဖြစ်ပါလိမ့်မယ်။

“မြို့သစ်စီမံကိန်းဟာ မြန်မာနိုင်ငံ အခုလိုအခြေအနေမျိုးမှာ တည်ဆောက်ဖို့ အကောင်အထည်ဖော်ဖို့ မသင့်သေးဘူးလို့ စီးပွားရေးရှုထောင့်က သုံးသပ်လို့ရပါတယ်။ ရန်ကုန်မြို့က ကြီးလာတယ်ဆိုပေမဲ့ အခုအချိန်မှာ Metropolitan အဆင့်ပဲ ရောက်ပါသေးတယ်။ Mega City အဆင့်မရောက်သေးပါဘူး။ Mega City ဆိုတာ လူဦးရေ ၁၀ သန်းကျော်မှ သတ်မှတ်တယ်။ ဘန်ကောက်ဆို ကျော်သွားပြီ။ မွမ်ဘိုင်းတို့ ရှန်ဟိုင်းတို့၊ တိုကျိုတို့ဆိုတာ Mega City တွေ။ အဲဒီလို Mega City တွေတောင် မြို့သစ်မတည်ကြဘူး။ ဘာလို့မတည်လဲဆိုတော့ သူ့ဟာသူ သဘာဝကျကျ တိုးချဲ့သွားတာပေါ့။ မြို့သစ်တည်တယ်ဆိုတာ ဥပမာ မလေးရှား။ ပူထရာဂျာယားဆိုတဲ့ နေပြည်တော်မြို့တော်ကြီး တည်တယ်။ သူကအရမ်း စီးပွားရေးတိုးတက်အောင်မြင်တဲ့အချိန်မှာ လုပ်တာ။ အခု မြန်မာပြည်ကျတော့ စီးပွားရေးမတိုးတက်ဘဲ လုပ်လိုက်တော့ စီးပွားရေးကျတယ်။ တန့်တယ်ပေါ့။ မြန်မာနိုင်ငံမှာက လက်ရှိအခြေအနေမှာဆိုရင် GDP,GNI,Inflation တို့ Trade Deficit တို့ ဘတ်ဂျက်လိုငွေပြတာတို့ ထင်ထင်ရှားရှားဖြစ်နေချိန်မှာ မြို့သစ်တည်စရာအကြောင်း မရှိပါဘူး။ လွှတ်တော်ကိုယ်စားလှယ် တော်တော်များများကလည်း များသောအားဖြင့် မြို့သစ်မတည်ဖို့ဘက်က ဆွေးနွေးကြပါတယ်။ သူတို့ကတော့ စီးပွားရေးရှုထောင့်ဆိုတာထက် လွှတ်တော်ကို အတည်ပြုချက်မယူဘဲနဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ဦးသိန်းစိန်အစိုးရတုန်းက ရေးဆွဲထားတဲ့ စီမံကိန်းကြီးကို ဒီအတိုင်းဆက်ပြီး အကောင်အထည်ဖော်မယ်။ အကောင်အထည်ဖော်မယ့်နေရာမှာလည်း လူသာပြောင်းမယ်။ မြို့သစ်ကလည်း တစ်ခုတည်းမဟုတ်ဘူး။ ရန်ကုန်တစ်ဖက်ကမ်းမှာတစ်ခု၊ လှည်းကူးဘက်မှာတစ်ခု။ ဒီလိုလုပ်နေတာတွေက စီးပွားရေးရှုထောင့်ကကြည့်ရင်လည်း မလိုအပ်ဘူး ထင်ပါတယ်” လို့ စီးပွားရေးဆောင်းပါးရှင် အောင်ချိန်ဘွားက သုံးသပ်ပါတယ်။

ရန်ကုန်က ဆင်းရဲသားတွေက ကျူးကျော်တဲတွေနဲ့ နေနေရချိန်မှာ နေပြည်တော်ဟာ လူမနေတဲ့အိမ်တွေနဲ့ ကျဆင်းနေတဲ့ မြေဈေးတွေနဲ့ပါ။ ယာဉ်ကြောပိတ်ဆို့မှုကို ရန်ကုန်မြို့မှာ လျှော့ချဖို့ မလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ နေပြည်တော်ဟာ ဘီလျံပေါင်းများစွာ ကုန်ကျခံထားရတဲ့ လမ်းမကြီးတွေနဲ့ သွားလာသူမရှိလို့ စပါးလှန်းနေရတဲ့ အခြေအနေပါ။ နေပြည်တော်မြို့သစ်ဟာ မြန်မာ့စီးပွားရေးကို ဆွဲချသွားသလိုမျိုး ရန်ကုန်မြို့သစ်ဟာလည်း မြန်မာ့စီးပွားရေးကို ထပ်ပြီးဆွဲချပါလိမ့်မယ်။ ဒီလိုအခြေအနေတွေ၊ တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းအောက်မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကြွေးဗရပွနဲ့ ထိုးအပ်ရမယ့် အခြေအနေတွေကို ကျော်လွန်ဖို့၊ မြန်မာ့အချုပ်အခြာအာဏာအတွက် ရန်ကုန်မြို့သစ်စီမံကိန်းဟာ တိုင်းတစ်ပါးရဲ့ ထိန်းချုပ်မှုအောက် မရှိဖို့ဆိုရင် ဒီရန်ကုန်မြို့သစ်စီမံကိန်းဟာ ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ခံအတည်ပြုမှုတွေ ရှိနေဖို့ လိုအပ်ပါတယ်။ နေပြည်တော် တည်ဆောက်မှုကြောင့် မြန်မာ့စီးပွားရေး ကျဆင်းခဲ့ရသလိုမျိုး နောက်ထပ်သမိုင်းအမှားတစ်ခုကို NLD အစိုးရနဲ့ လွှတ်တော်က မကျူးလွန်မိဖို့ဆိုရင် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြည်သူတွေဆီချပြပြီး ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။

Most Read

Most Recent