<

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် ဘုရားဖူး ၁၆ ဦး တစ်နာရီကျော်ကြာ ပိတ်မိ

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် ပိတ်မိနေသူများအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (Photo: ရွှေတိဂုံဘုရားရုံးအဖွဲ့မှူး )

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် တစ်နာရီကျော်ကြာ ပိတ်မိနေသည့် ကလေးငယ်နှစ်ဦး အပါအ၀င် ဘုရာဖူးလာသူ ၁၆ ဦးအား ကယ်ထုတ်ခဲ့ရမှု မေ ၁၉ ရက် နံနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ရွှေတိဂုံဘုရားရုံးအဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်မှာ ဒဂုံမြို့နယ် ဘရားကြီးရပ်ကွက် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ညာဘက်အခြမ်း အတက်ဓာတ်လှေကားသည် နံနက် ၇ နာရီ ၅၀ မိနစ်တွင် ကလေးငယ် နှစ်ဦး၊ ကျား ၅ ဦးနှင့် မ ၉ ဦး တင်ကာ ၂၅ ပေအရောက်၌ ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် ဓာတ်လှေကားအတွင်း ကလေးငယ်နှစ်ဦး၊ အမျိုးသား ငါးဦးနှင့် အမျိုးသမီး ကိုးဦးတို့မှာ တစ်နာရီကျော်ကြာ ပိတ်မိခဲ့ကြောင်း ရွှေတိဂုံဘုရားရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

ဓာတ်လှေကားအတွင်း ပိတ်မိနေသူများကို နံနက် ၈ နာရီခန့်တွင် ရွှေတိဂုံဘုရားရှိ လုံခြုံရေးများ၊ မီးသတ်ဝန်ထမ်းများ၊ ဓာတ်လှေကားဝန်ထမ်း အစရှိသူများက ကယ်ဆယ်ခဲ့ရကြောင်း၊ ဓာတ်လှေကား အမိုးဖွင့်ကာ ကြိုးဖြင့် ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရကြောင်း ၄င်းကပြောကြားသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဓာတ်လှေကား စက်ချို့ယွင်းမှုကြောင့် ပိတ်မိနေသူများအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် (Photo: ရွှေတိဂုံဘုရားရုံးအဖွဲ့မှူး)

” ဒီနေ့ မနက် ၇ နာရီ ၅၀ မိနစ်မှာ အရှေ့ဘက်မုဒ်ဓာတ်လှေကား အောက်ကနေကြည့်ရင် ညာဘက်ခြမ်းပေါ့။ ကျား ခြောက်ဦး၊ မ ကိုးဦး၊ ကလေးငယ်နှစ်ဦး တင်လာရင်း ၂၅ ပေ အရောက်မှာ စက်ချို့ယွင်းပြီး ရပ်သွားတယ်။ ရပ်သွားတဲ့အတွက် ကျွန်တော်တို့ အရင်တုန်းကလိုမျိုးပဲ ဓာတ်လှေကားသည် ရပ်သွားရင် အော်တိုဘရိတ်ဖမ်းပီး ရပ်သွားတာပေါ့။ ရပ်သွားတဲ့အခါမှာ ကျွန်တော်တို့က manual နဲ့ ပြန်ဆွဲတာပေါ့။ အပေါ်စက်အိမ်ထဲဝင်ပြီး ဘရိတ်လျော့လျော့ပြီး manual နဲ့ ချဖို့ကြိုးစားပေမဲ့ မရပါဘူး။ အဲဒီလို လုပ်လို့မရလို့ ၈ နာရီ ၁၅ မှာ ကြိုးနဲ့ပဲ ဆွဲဆင်းပြီးတော့ ဓာတ်လှေကား အမိုးဖွင့်တယ်။ အဲဒီကနေ ကြိုးနဲ့သိုင်းပြီး အပေါ်ကိုလှေကားနဲ့ ဆွဲတင်ကယ်ထုတ်ခဲ့ရပါတယ်။ တစ်နာရီကျော်လောက် ပိတ်မိခဲ့တာပေါ့။ ၉ နာရီ ၁၅ မှာ အားလုံးပြီးစီးသွားပါတယ်” ဟု ရွှေတိဂုံဘုရားရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း၊ ပိတ်မိနေသည့် ကလေးငယ်နှစ်ဦးမှာ အသက်နှစ်နှစ်နှင့် သုံးနှစ်အရွယ်ရှိကြောင်း ၄င်း၏ ပြောကြားချက်အရ သိရသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဓာတ်လှေကားအား တွေ့ရစဉ် (ဓာတ်ပုံ – အောင်မျိုးသန့်)

အဆိုပါ ဓာတ်လှေကားမှာ မစ်ဆူဘီရှီကုမ္ပဏီမှ လာရောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီ ၃ ရက်က ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများလည်း ဓာတ်လှေကား ပိတ်မိသည့်အချိန်တွင် လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေတိဂုံဘုရားတွင် ယင်းကဲ့သို့ ဓာတ်လှေကား ပိတ်မိသည့်ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်တွင်လည်း ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင်လည်း လူအများအပြား ပိတ်မိခဲ့ကြောင်း သိရသည်။ ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော်သူမှာ နေ့စဉ် ရှစ်သောင်းခန့် ရှိကြောင်း၊ အခါကြီးရက်ကြီးများတွင် နှစ်သိန်းမှ သုံးသိန်းအကြားရှိကြောင်း သိရသည်။

 

May 19, 2018














Copy Protected by Chetan's WP-Copyprotect.