<

စွပ်စွဲထားသည့် အချက်များမှာ မဟုတ်မှန်ကြောင်း အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ခံထားရသည့် FDA ညွှန်ချုပ် မီဒီယာများအား ပြောကြား

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် FDA ညွှန်ချုပ်အား မေ ၁၈ ရက်ရုံးချိန်းတွင် တွေ့ရစဉ်

စွပ်စွဲထားသည့် အချက်များမှာ မဟုတ်မှန်ကြောင်း အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် FDA ညွှန်ချုပ် မီဒီယာများအား ပြောကြားခဲ့သည်။

စီမံကိန်းများ လုပ်ကိုင်ခွင့် ချထားပေးမှုများသည် အဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းကြောင့် မိမိသည် လုပ်ပိုင်ခွင့်ရှိသူ မဟုတ်ကြောင်းနှင့် စွပ်စွဲထားသည့် အိမ်ဆောက်ခိုင်းသည်ဆိုသော ခြံဝင်းမှာလည်း ၎င်းပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသော FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်က မေ ၁၈ ရက်ရုံးချိန်းတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ကျပ်သိန်း ၁၅၀၀ ကျော် အဂတိလိုက်စားသည် ဟုဆိုကာ ဧပြီ ၂၀ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှုဖွင့်ဖမ်းဆီးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ပြီး မေ ၄ ရက်မှစ၍ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့် ပတ်သက်၍ အဆောက်အအုံများ အရည်အသွေး ပြည့်မီမှု မရှိခြင်း၊ ဌာနအကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာအပေါ် ကိုယ်ကျိုးသုံးစွဲခြင်းများကို ဖော်ထုတ်စစ်ဆေးပေးရန် တိုင်ကြားလာမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးက ထုတ်ပြန်ခဲ့သည်။

မေ ၁၈ ရက်ရုံးထုတ်တွင် ၎င်းက အဆိုပါဌာန၏ တာဝန်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစ၍ အစမ်းခန့်တာဝန် ပေးအပ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ အစိုးရသစ်လက်ထက်တွင် အတည်ပြု ခန့်အပ်ခံခဲ့ရကြောင်း၊ လုပ်သက်နှစ်နှစ်ခွဲခန့် ရှိပြီဖြစ်ကာ ၎င်းတာဝန်ယူသည့် အချိန်မှစ၍ မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် အန်ကယ်အခု ပြဿနာတက်တာ Laboratory (ဓာတ်ခွဲခန်း) ဆောက်တဲ့ ကိစ္စပါပဲ။ တည်ဆောက်မှုတွေ အတွက် အဆင့်ဆင့် တင်ရပါတယ်။ဘဏ္ဍာငွေပိုတင်လို့ ဘယ်လိုမှ မရပါဘူး။ တင်ဒါရွေးတဲ့အခါမှာ အန်ကယ်တစ်ယောက်တည်း ရွေးလို့မရပါဘူး။ ကော်မတီအဆင့်ဆင့်ကနေ ရွေးတာ။ အဆင့်မြင့်ဆုံး ၀န်ကြီးရုံးရဲ့ EC ကနေ အတည်ပြုရတာ။ ဒါကြောင့် မျှတစွာ ရွေးချယ်ရတာ ဖြစ်ပါတယ်။ သတင်းထဲမှာ သူတို့ကြေညာသလို ကွာလတီကိုလျှော့ပြီး လုပ်လို့ဘယ်ရမလဲ။ ကမ္ဘာ့ပညာရှင်တွေ ပါပါတယ်။ ကွာလတီကို တာဝန်ယူရတာလည်း ကုမ္ပဏီက ယူရတာပါ။ ကုမ္ပဏီက QC ငှားရတယ်။ နေပြည်တော် အစိုးရ ဖွဲ့ပေးထားတဲ့ ကြီးကြပ်ကော်မတီရှိတယ်။ အဲဒီတော့ ကွာလတီနဲ့ ပတ်သက်လို့ ထိန်းထားတာ အများကြီးပဲ။ အဲဒီလို အဖွဲ့နဲ့ ပေးထားတဲ့ အတွက်ကြောင့် အန်ကယ်ဟာ လုပ်ပိုင်ခွင့်ရှိသူ မဟုတ်ဘူး” ဟု FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ်က မီဒီယာများကို ပြောကြားသည်။

ဆက်လက်ပြီး စွပ်စွဲထားသည့် အိမ်ဆောက်ခိုင်းထားသည်ဆိုသော မြေကွက်မှာလည်း ၎င်းပိုင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ ရုံးချိန်းအသီးသီးတွင် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လုပ်ကိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားပြီး ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများကို လည်းကောင်း၊ ၎င်းပိုင်ဆိုင်သည့် အခြားမြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ် တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခု စုစုပေါင်း တန်ဖိုး ငွေ ၁၅၁၄၃၉၇၈၆ ကျပ်အား အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည် ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒေါက်တာသန်းထွဋ်အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

May 18, 2018














Copy Protected by Chetan's WP-Copyprotect.