စီးပွားရေး လုပ်ငန်းရှင်တိုင်းသည် အစိုးရထံမှ ရနိုင်သမျှ အခွင့်အရေးကို တစ်ခုမကျန် ရအောင် ကြိုးစားတတ်ကြသော်လည်း ပေးဆောင်ရမည့် အခွန်ကိစ္စအား မသိကျိုးကျွန်ပြုတတ်ပြီး အခွန်ဆောင်ရန် ပျက်ကွက်ခြင်းသည် လုပ်လို့ရ၍ လုပ်နေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စီးပွားရေး လုပ်ငန်းရှင်တိုင်းသည် အစိုးရထံမှ ရနိုင်သမျှ အခွင့်အရေးကို တစ်ခုမကျန် ရအောင် ကြိုးစားတတ်ကြသော်လည်း ပေးဆောင်ရမည့် အခွန်ကိစ္စအား မသိကျိုးကျွန်ပြုတတ်ပြီး အခွန်ဆောင်ရန် ပျက်ကွက်ခြင်းသည် လုပ်လို့ရ၍ လုပ်နေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 18 May 2018

မေ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် အစိုးရထံမှ ရနိုင်သမျှ အခွင့်အရေးကို တစ်ခုမကျန်ရအောင် ကြိုးစားတတ်ကြသော်လည်း ပေးဆောင်ရမည့် အခွန်ကိစ္စကို မသိကျိုးကျွန်ပြုတတ်ပြီး အခွန်ဆောင်ရန် ပျက်ကွက်ခြင်းသည် လုပ်လို့ရ၍ လုပ်နေခြင်းဖြစ်ကြောင်း ဝက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။

နေပြည်တော်၌ မေ ၁၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အ၀ ရရှိရေးအ  တွက် ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ စိစစ် ကြပ်မတ် ကောက်ခံပေးနိုင်ရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေး လုပ်ငန်းရှင်တိုင်းဟာ အခွန် နဲ့ မကင်းကြောင်း ကောင်းကောင်း နားလည် ကြပေမဲ့ နိုင်ငံတော်ထံ အခွန်ပေးဆောင်ဖို့ ပျက်ကွက်နေခြင်းဟာ လုပ်လို့ရလို့ လုပ်နေကြခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရထံက ရနိုင်သမျှ အခွင့်အရေးကို တစ်ခုမကျန် ရအောင် ကြိုးစားတတ်ကြသော်လည်း ပေးဆောင်ရမယ့် အခွန်ကိစ္စရပ်ဘက်မှာတော့ မသိကျိုးကျွန် ပြုတတ်ကြပါတယ်။ ထိုပုဂ္ဂိုလ်တွေ အခွန်ထမ်း ပျက်ကွက်ခြင်းအတွက် ပညာပေး စည်းရုံးခြင်းမပြုဘဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားဖို့ လိုပါတယ်” ဟု ဦးမြင့်သိန်းက ပြောကြားသည်။

ထို့ပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကုန်မီ အခွန်ဆောင်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီများကို တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူတရားစွဲမည်ဖြစ်ကြောင်း နှိုးဆော် ထားသော်လည်း ယခုအချိန်အထိ အခွန်ပြေကျေအောင် ပေးဆောင်ကြပြီး ဖြစ် မဖြစ် မည် သူတို့ ကျန်ရှိပြီး မည်ကဲ့သို့ အရေးယူထားကြောင်းနှင့် တရားစွဲဆိုထားကြောင်း စသည်များကို ပြည်သူများသည် ပွင့်ပွင့်လင်းလင်း မမြင်တွေ့ရကြောင်း အဆိုရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။

ဆက်လက်ပြီး အခွန်နှုန်းထားနည်းနည်း ဖြင့် အခွန်အခြေကို ချဲ့ထွင်ပြီး ရသင့်ရထိုက်သည့် အခွန်များပြည့်ဝစွာ ကောက်ခံရန် နိုင်ငံတော်အနေနှင့် မဟာဗျူဟာ အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်သော်လည်း အခွန်တိမ်း ရှောင်သူများနှင့် အခွန်ဌာနများရှိ ဝန်ထမ်း များ၏ မလျော်မကန် ဆောင်ရွက်နေမှုများကိုလည်း တွေ့ရှိရပြီး အခွန်ကြွေးကျန်ခြင်း၊ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း၊ အခွန် တိမ်းရှောင်ခြင်း၊ အခွန် အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်းများ ရှိနေခြင်းသည် အခွန်ပေးဆောင်ခြင်း အသိပညာပေး စည်း ရုံးဆောင်ရွက်မှု အားနည်းခြင်းဟုဆိုကာ စဉ်းစားစရာ ဖြစ်လာရသည်ဟု ၎င်းက ပြောကြားသည်။

အခွန်ဥပဒေနှင့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် နိုင်ငံ့အခွန်ငွေများ အပြည့်အ၀ မရရှိသည့်အတွက် ကောက်ခံသင့် ကောက်ခံထိုက်သော အခွန်များကို ထိထိရောက်ရောက် ကောက်ခံနိုင်ရေး၊ အခွန် တိမ်းရှောင်မှု အခွန်ငွေ ထိမ်ချန်မှု၊ တရားမဝင် ကုန်စည်တင်သွင်းမှု၊ ထုတ်လုပ်ရောင်းဝယ် ဖောက်ကားမှုများကို ထိထိရောက်ရောက် ကာကွယ် တားဆီးရေးအတွက် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း အဆိုရှင်က ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းဟာ အခွန်အကောက်တွေကို ပေးဆောင်ဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားလို့လည်း နိုင်ငံတော်ရဲ့ အခွန်တွေ ပြည့်ပြည့်၀၀ ရရှိရေးဟာ အစိုးရအဖွဲ့အစည်းတွေ သာမက ပြည်သူတွေမှာလည်း တာဝန်ရှိမှာ ဖြစ်ပြီး ယခုအဆိုဟာ အခွန်ကို တိုးမြှင့်ကောက်ခံဖို့ အဆိုပြုတင်ပြခြင်းမဟုတ်ဘဲ တည်ဆဲ ဥပဒေတွေအရ နိုင်ငံတော်က ရသင့်ရထိုက်ပြီး အားနည်းချက် အမျိုးမျိုးကြောင့် လစ်ဟင်းနေတဲ့ ကွက်လပ်တွေကို ပြန်လည်စိစစ်ပြီး စနစ်တကျ ပိုမို ဖြည့်တင်းဆောင်ရွက်သွား နိုင်ဖို့ တင်ပြရတာဖြစ်တယ်”  ဟု အဆိုရှင်ဝက် လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း တင်သွင်းသည့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အကောက်များ အပြည့်အ၀ ရရှိရေးအတွက်  ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ စိစစ်ကြပ်မတ် ကောက်ခံပေးနိုင်ရေး ပြည်ထောင်စုအစိုးရကို တိုက်တွန်း ကြောင်းအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော် အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူခဲ့သည်။

Most Read

Most Recent