ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူထားပြီး ဆင်တူယိုးမှား မှတ်ပုံတင်ထားခြင်းများမှာ မလုပ်သင့်သော လုပ်ရပ်များဖြစ်ကာ တရားရင်ဆိုင်ပါကလည်း ရှုံးနိမ့်နိုင်သည့်အပြင် မြန်မာ့ပုံရိပ်ပါ ထိခိုက်နိုင်

ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူထားပြီး ဆင်တူယိုးမှား မှတ်ပုံတင်ထားခြင်းများမှာ မလုပ်သင့်သော လုပ်ရပ်များဖြစ်ကာ တရားရင်ဆိုင်ပါကလည်း ရှုံးနိမ့်နိုင်သည့်အပြင် မြန်မာ့ပုံရိပ်ပါ ထိခိုက်နိုင်
Published 18 May 2018

WIPO (World Intellectual Property Organization) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို လိုက်နာရသည့် မြန်မာနိုင်ငံတွင် ကမ္ဘာကျော်ကုန် အမှတ်တံဆိပ်များကို လက်ဦးမှုရယူထားပြီး ဆင်တူယိုးမှား မှတ်ပုံတင်ထားခြင်းများမှာ မလုပ်သင့်သော လုပ်ရပ်များဖြစ်နေပြီး တရားရင်ဆိုင်ပါကလည်း ရှုံးနိမ့်နိုင်သည့်အပြင် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုပါ ထိခိုက်နိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားသည်။

ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် အမေရိကန်အခြေစိုက် နာမည်ကျော် Starbucks Coffee မြန်မာဈေးကွက်သို့ စတင်ဝင်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မေ ၁၂ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် အတည်ပြုမိန့်ရရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၂၇၀၀၀ ခန့်ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ဒေါ်လာခြောက်သန်းမြှုပ်နှံကာ ဆိုင်ခွဲပေါင်း ၂၀ ခန့်ဖွင့်လှစ်ရန် ဝင်ရောက်လာချိန်တွင် အဆိုပါ “STAR BUCKS” COFFEE ဆိုကာ Starbucks Coffee အမည်ကို တိုက်ရိုက်ကူးချပြီး Starbucks Coffee ၏ Logo ကိုပါ ဆင်တူယိုးမှားပြုလုပ်၍ မန္တလေးမြို့ စာချုပ်စာတမ်းမှတ်ပုံတင် ဌာနမှူးရုံးတွင် မူပိုင်ခွင့်တင်ထားမှု ရှိနေသည်။ ထိုသို့ မူပိုင်ခွင့်တင်ထားပြီး မြန်မာတစ်နိုင်ငံလုံးတွင် ဖြန့်ချိရောင်းချနေသဖြင့် “STAR BUCKS” COFFEE အမည်ရှိ “ကော်ဖီအမျိုးမျိုးနှင့် စားသောက်ကုန်အမျိုးမျိုး” ကုန်အမှတ်တံဆိပ်၏ တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပုံသဏ္ဌာန်တူအောင် တုပခြင်းမပြုလုပ်ရန် သတိပေးကြေညာလိုက်ပြီး ဆင်တူယိုးမှား တုပသုံးစွဲပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်မှု ရှိလာသည်။

“ဒါက လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ၂၀၁၅ မှာ အမှုသည်က လွှဲအပ်ညွှန်ကြားတာကြောင့် ကြေညာထားတာပေါ့။ ဒီအမှုသည်တောင် အခုဘယ်ရောက်နေမှန်း ကျွန်တော်တို့ သိတောင်မသိတော့ပါဘူး။ ဒီအမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို သူ့ရဲ့လွှဲအပ်ညွှန်ကြားချက်ကြောင့် ကျွန်တော်တို့က ဥပဒေနဲ့အညီတင်ပေးလိုက်တာပါ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကလည်း ဥပဒေနဲ့အညီ မှတ်ပုံတင်ပေးလိုက်တာပါ။ ကျန်တဲ့ကိစ္စကတော့ တရားစွဲလို့ အမှုဖြစ်တာ မဖြစ်တာ၊ တရားစွဲတာ၊ မစွဲတာ၊ ဆုံးဖြတ်တာတွေကတော့ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒါက ကာယကံရှင်တွေနဲ့ ဆိုင်တာပေါ့။ မြန်မာ STAR BUCKS နဲ့ နိုင်ငံခြား Starbucks နဲ့ ပိုင်ရှင်တွေက ဒီဘက်က STAR BUCKS မှတ်ပုံတင်ထားသူတွေကို တရားစွဲမလား။ ဒီဘက်က အမှတ်တံဆိပ်က စွဲမလား။ သူတို့နဲ့ ဆိုင်မှာပေါ့လေ။ ကျွန်တော်တို့ဆီမှာက မူပိုင်ခွင့်ဥပဒေနဲ့ ပတ်သက်ပြီး အားနည်းချက်လေးတွေရှိတယ်။ ဒါကကျတော့ ကျွန်တော်တို့ အနေနဲ့ ပြောရမယ်ဆိုရင် သူ့ဥပဒေရှိထားတဲ့အတိုင်းပဲ အမှုသည်က လွှဲအပ်ညွှန်ကြားတဲ့အတိုင်းပဲ ကျွန်တော်တို့က တင်ပေးလိုက်တာပေါ့။ အခု အမှုသည်တောင် ဘယ်မှာရှိနေမှန်းတောင် ကျွန်တော်တို့တောင် မသိပါဘူး။ ဒါက ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ ရှုံးခြင်း နိုင်ခြင်းဆိုတာထက် ဥပဒေပြဿနာဖြစ်ပွားလာပြီဆိုရင် တရားရုံးက အဓိကရှင်းပါလိမ့်မယ်” ဟု “STAR BUCKS” COFFEE အမည်ဖြင့် မန္တလေးမြို့ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးရုံးတွင် မူပိုင်ခွင့်တင်ပြီးနောက် အမှုသည်၏ လွှဲအပ်ညွှန်ကြားချက်အရ ကုန်အမှတ်တံဆိပ် သတိပေးကြေညာချက် ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည့် အထက်တန်းရှေ့နေ ဦးဉာဏ်ဝင်းအောင်က မေ ၁၇ ရက်တွင် ပြောကြားသည်။

“STAR BUCKS” COFFEE ကို မန္တလေးမြို့ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ထားသူကပင် ထိုင်းနိုင်ငံ၏ နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သော 7 Eleven ကိုပါ မူပိုင်ခွင့်တင်ထားသည်။ မြန်မာနိုင်ငံတွင် ထိုသို့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ၊ အရောင်းဆိုင်များ အများအပြား ရှိနေသည်။ မြန်မာနိုင်ငံကဲ့သို့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်များကို လက်ဦးမှုရယူပြီး မူရင်းကုမ္ပဏီမှ ဝင်ရောက်လာပါက တရားစွဲဆိုခြင်း၊ လျော်ကြေးတောင်းခံခြင်း ကဲ့သို့ဖြစ်စဉ်များတွင် တရုတ်နိုင်ငံမှာ နာမည်ကျော်သည်။ ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစု၌ အသုံးပြုနေသည့် Facebook အမှတ်တံဆိပ်ကို တရုတ်အခြေစိုက်ကုမ္ပဏီ တစ်ခုက ၂၀၁၄ ခုနှစ်တွင် Face Book ဟု မှတ်ပုံတင်ထားမှုကြောင့် မူပိုင်ခွင့်ကိစ္စ အငြင်းပွားမှုများ ရှိခဲ့သည်။ သို့သော် တရုတ်တရားရုံးက အမေရိကန် Facebook ကို အသာပေးခဲ့ပြီး တရုတ်ကုမ္ပဏီ၏ ကျင့်ဝတ်ပိုင်း အခြေခံစောင့်ထိန်းမှုများကို ပျက်ကွက်ကြောင်း ရှုတ်ချခဲ့သည့်အပြင် လူသိထင်ရှားအမှတ်တံဆိပ်တစ်ခုကို ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာအမြတ်ထုတ်ရန် ကြံစည်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် WIPO၊ WTO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို လိုက်နာရသော်လည်း လက်ရှိအချိန်အထိ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအပါအဝင် မူပိုင်ခွင့်ဥပဒေများနှင့် နည်းဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်မှု မရှိဖြစ်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မြှုပ်နှံရန် စုံစမ်းမေးမြန်းရာတွင်လည်း ထိုသို့ Intellectual Property ဥပဒေများ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားမှု မရှိသည့်အတွက် အကာအကွယ်မရရှိနိုင်သဖြင့် ဝင်ရောက်လိုမှု နည်းပါးကြသည်။ ထိုသို့ဝင်ရောက်လိုမှု နည်းပါးနေချိန်တွင် မြန်မာနိုင်ငံမှ ကုမ္ပဏီအချို့က ကမ္ဘာကျော် အမှတ်တံဆိပ်များကို တုပ၍ မူပိုင်ခွင့်တင်၊ လက်ဦးမှုရယူထားသည်များမှာ မြန်မာ့ပုံရိပ်ကို ကျဆင်းစေကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

“နိုင်ဖို့ရာ လမ်းမရှိဘူး။ ဒါက Focus ပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ Squatting လုပ်တဲ့ကိစ္စမျိုးက အကြောင်းအရာတွေက ဥပဒေမှာ အရေးကြီးတာက Good Faith လား၊ Bad Faith လားဆိုတာ အရေးကြီးတယ်။ တမင်သက်သက် လုပ်တဲ့ဟာမျိုးတွေကျရင် Bad Faith လို့ပဲ ကျွန်တော်တို့က ယေဘုယျသုံးသပ်တာပေါ့။ သို့သော် အမှုနိုင်ခြင်း မနိုင်ခြင်းဆိုတာကတော့ အမှုအခင်းဖြစ်တဲ့အချိန်မှာ ရုံးတော်ကို စာရွက်စာတမ်း တင်သွင်းတဲ့အခါကျတော့ အထောက်အထားတွေ၊ သက်သေခံချက်တွေအပေါ်မှာ တရားသူကြီးက ဆုံးဖြတ်တာကိုး။ လျော်ကြေးပေးခြင်း၊ ညှိနှိုင်းခြင်း၊ မညှိနှိုင်းခြင်းဆိုတာ သက်ဆိုင်ရာကုမ္ပဏီရဲ့ သူ့ရဲ့ရည်ရွယ်ချက်နဲ့ဆိုင်တယ်။ မြန်မြန်ပြီးချင်တယ်။ ရော့ တစ်သိန်း ယူလိုက်။ တစ်သောင်းယူလိုက် ပေးတာကတော့ သူ့ကုမ္ပဏီရဲ့ အကြောင်းခြင်းရာနဲ့ဆိုင်တယ်။ A ပဲဖြစ်ဖြစ် B ပဲဖြစ်ဖြစ်။ ဘယ်ကုမ္ပဏီရယ်လို့ ကျွန်တော်မဆိုလိုဘူး။ အဲဒီလိုမျိုး လျော်ကြေးပေးပြီး ပြန်ပြီးတော့ ဝယ်လိုက်ပြုလိုက်တာမျိုး။ မှတ်ပုံတင်ထားတာကို ပယ်ဖျက်ခြင်းက နိုင်တယ်ရှုံးတယ် သတ်မှတ်လို့မရဘူး။ နိုင်ခြင်းရှုံးခြင်းဆိုတာ ဥပဒေမှာပြဋ္ဌာန်းချက်တွေ၊ တရားရုံးရောက်ပြီး ဆုံးဖြတ်ချက်အရ အနိုင်အရှုံးကိုပဲ ဥပဒေပါ ပြဋ္ဌာန်းချက်အရ အနိုင်အရှုံးလို့ သတ်မှတ်တယ်။ ကြားဝင်ဖျန်ဖြေတာနဲ့ ညှိနှိုင်းတာတွေကို အနိုင်အရှုံးလို့ မသတ်မှတ်ဘူး။ တရားခွင်ရောက်မယ်ဆိုရင် ရှုံးမှာက ရာခိုင်နှုန်း ၉၀ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ တစ်အချက် ကျွန်တော်တို့ဆီမှာ တိတိကျကျသတ်မှတ်တဲ့ ကုန်အမှတ်တံဆိပ်ဥပဒေဆိုတာ မရှိသေးဘူး။ နှစ်အချက် ဒါမျိုးပြဿနာတွေဆိုတာ ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိကျတဲ့ ကုန်အမှတ်တံဆိပ်ဥပဒေမရှိတော့ ကုန်အမှတ်တံဆိပ်နဲ့အညီ မှတ်ပုံတင်တာကို လက်ခံတဲ့အချိန်မှာ တူတာ မတူတာကို စတဲ့ Proper Magnism မရှိတော့ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ။ ဒုတိယတစ်ပိုင်းကျတော့ ကျွန်တော်တို့က WTO အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဒီလိုဖြစ်တော့ ကျွန်တော်ဆိုခဲ့သလိုပဲ Trade- Related Intellectual Property Right Agreement ဆိုတာ ရှိတယ်။ အဲဒီ Agreement မှာ ပြဋ္ဌာန်းချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ရတာပေါ့။ လိုက်နာဆောင်ရွက်တဲ့နေရာမှာ Trade Agreement အောက်မှာ National Treatment ဆိုတာရှိတယ်။ WTO အဖွဲ့ဝင်နိုင်ငံတိုင်းသည် National Treatment ပေးရတယ်။ အဲဒီ Treatment ပေးတဲ့အခါမှာ နိုင်ငံခြားမို့လို့ ပြည်တွင်းမို့လို့ဆိုပြီး ခွဲခြားပြီး ဆက်ဆံလို့မရဘူး။ ဒါက National Treatment ရဲ့ အဓိကကျတဲ့တစ်ခုပေါ့။ မြန်မာမို့လို့ အမျိုးသားရေးတို့ဆိုတာတွေက လက်ရှိအခြေအနေတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒါက International Convention တွေ Treaty တွေရဲ့ အနေအထားပေါ့။ နောက်တစ်ခုက ကျွန်တော်တို့က Asean Framework Agreement on Intellectual Property Right ကို လက်မှတ်ထိုးထားရတဲ့ အာဆီယံနိုင်ငံဖြစ်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်းမှာဆိုရင်လည်း ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို အကာအကွယ်ပေးမှ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူစွာစီးဆင်းမြှုပ်နှံနိုင်မှာ။ ဒါက နိုင်ငံတကာအမြင်ပေါ့။ ပြည်တွင်းအခြေအနေနဲ့ ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ ဘာတို့ အားလုံးမှာ ကုန်အမှတ်တံဆိပ်တို့၊ လိုင်စင်တို့ Patent တို့ စသဖြင့် အားလုံးကို Capital အနေနဲ့ သတ်မှတ်ပေးထားတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလာဖို့ဆိုရင် Intellectual Property Right ကို အကာအကွယ်မပေးဘဲ လာမှာမဟုတ်ဘူး။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေတွေမှာလည်း တိတိကျကျ အကာအကွယ်ပေးထားတော့ သူတို့နေရာဦးချင်ဦး၊ ခုံဦးချင်ဦး။ တရားခွင်မှာ တင်ပြချက်တွေသည် ပြည့်စုံမှန်ကန်မယ်ဆိုရင် ဦးထားတဲ့ဟာတွေသည် အရှုံးတရားနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါက လက်တွေ့ဆန်ဆန် ကျွန်တော်ပြောတာ။ ဘာလုပ်မှာလဲ။ အချိန်လဲကုန်တယ်။ ငွေလဲကုန်တယ်။ ဒါမျိုးတွေ မလုပ်သင့်ဘူး။ ကျွန်တော်တို့ကြည့်ရမှာက Micro ပိုင်းနဲ့မကြည့်ဘဲ Macro ပိုင်းနဲ့ကြည့်ရမှာ။ ဂုဏ်ရှိတဲ့ တိုင်းပြည်။ ဂုဏ်ရှိတဲ့နိုင်ငံအဖြစ် တည်ဆောက်ရမှာ။ ရှက်ဖို့ကောင်းတာပေါ့” ဟု South-East Asia IPR SME Help Desk မှ Myanmar Expert ဦးမင်းတေဇညွန့်တင်က သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အမှတ်တံဆိပ်များကို တုပအသုံးပြုမှုကြောင့် ဂျပန်နိုင်ငံရှိ Family Mart Head Office မှ Notice ပေးပို့ခဲ့သည့် ဖြစ်စဉ်များရှိနေသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများကလည်း မြန်မာနိုင်ငံ၌ ယင်းတို့၏ အမှတ်တံဆိပ်ကို တုပထားသည့် မြန်မာလုပ်ငန်းများထံသို့ ကန့်ကွက်မှုများရှိခဲ့ကြောင်း Intellectual Property Right လုပ်ဆောင်သည့် ဥပဒေပညာရှင်များထံမှ စုံစမ်းသိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာကျော်အမှတ်တံဆိပ်များကို မူပိုင်ခွင့်တင်ထားသည့် အခြေအနေများအတွက် မန္တလေးမြို့ စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးရုံး အပါအဝင် “STAR BUCKS” COFFEE နှင့် 7 Eleven မှတ်ပုံတင်ခဲ့သူနှင့် စာချုပ်စာတမ်း မှတ်ပုံတင်နိုင်သည့် ကြေးတိုင်နှင့် မြေစာရင်း ရုံးများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ကနဦးဆက်သွယ်ရရှိခြင်းမရှိဘဲ ယင်းကိစ္စနှင့် ပတ်သက်၍ အချက်အလက်များ ထပ်မံရရှိခဲ့ပါက ဖော်ပြပေးမည်ဖြစ်သည်။

“မူပိုင်ခွင့်ဥပဒေတွေက အခုမှ ရေးဆွဲနေတုန်းပဲ ရှိသေးတယ်။ တကယ်တမ်းပြောရရင် ဉာဏပစ္စည်းမူပိုင်ခွင့်အောက်မှာ ခုနစ်ခုရှိတယ်။ Trademark, Patent, Geographic Design, Trade Secret တို့ အများကြီးပဲ။ အခုဟာက တကယ်တမ်းဆို မှတ်ပုံတင်ထားမျိုး ပြည်တွင်းက မလုပ်သင့်ဘူး။ ကျွန်တော်တို့နိုင်ငံကလည်း WIPO အဖွဲ့ဝင်နိုင်ငံပဲ။ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက သူ့နိုင်ငံမှာ မှတ်ပုံတင်ထားတယ်။ သူတို့နိုင်ငံတွေကလည်း WIPO အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာက IP Law တွေက ထွက်တောင်မထွက်သေးဘူးဆိုတော့ ခိုင်ခိုင်မာမာမရှိတဲ့အတွက် ပြည်တွင်းက မူပိုင်ခွင့်တင်ထားတာတွေက မလွယ်ဘူး။ ရှုံးနိုင်တယ်။ ကျွန်တော်တို့ကလည်း WIPO အဖွဲ့ဝင်၊ IP Law တွေက လွှတ်တော်တင်ထားဆဲဖြစ်တယ်။ အခုဟာက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ကြတာ။ အဲဒီရုံးတွေက မြေယာနဲ့ပတ်သက်ပြီး အဓိကကိုင်ကြတာ။ Law Scope က အဲဒီလောက်ပဲရှိတယ်။ IP Law တွေ ထွက်လာမှပဲ မှတ်ပုံတင်လို့ရမယ်။ မှတ်ပုံတင်ရင်လည်း ကမ္ဘာမှာရှိနေတဲ့ အမှတ်တံဆိပ်တွေဆို မရဘူးပေါ့။ သူများ မှတ်ပုံတင်ထားပြီးတွေ” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။

Most Read

Most Recent