ဥရုမြစ်၏ အဓိကချောင်းလက်တက်ဖြစ်သော ချောင်းကြီးချောင်းအတွင်း တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်း ထောင်ဂဏန်းခန့်ရှိနေပြီး ထိရောက်စွာ စစ်ဆေး အရေးယူပေးရန် တိုင်းအစိုးရထံ တင်ပြ

ဥရုမြစ်၏ အဓိကချောင်းလက်တက်ဖြစ်သော ချောင်းကြီးချောင်းအတွင်း တရားမဝင် ရွှေတူးဖော်သည့် လုပ်ငန်း ထောင်ဂဏန်းခန့်ရှိနေပြီး ထိရောက်စွာ စစ်ဆေး အရေးယူပေးရန် တိုင်းအစိုးရထံ တင်ပြ
Published 18 May 2018

ချောင်းကြီးချောင်းအတွင်း တရားမဝင်ရွှေတူးဖော်နေစဉ်

ဥရုမြစ်၏ အဓိကချောင်းလက်တက် ဖြစ်သော ချောင်းကြီးချောင်းအတွင်း တရားမဝင်ရွှေတူးဖော်သည့် လုပ်ငန်းထောင်ဂဏန်းခန့်ရှိနေပြီး ထိရောက်စွာ စစ်ဆေးအရေးယူပေးရန် တိုင်းဒေသကြီးအစိုးရထံ တင်ပြထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချောင်းကြီးချောင်း ဖြတ်သန်းစီးဆင်းရာ ဟဲဖက်ကျေးရွာအနီးတွင် ချောင်းအတွင်း တရားမဝင်ရွှေတူးဖော်သည့်လုပ်ငန်း ထောင်ဂဏန်းခန့်ရှိနေပြီး မြို့နယ်အဆင့်အနေဖြင့် အရေးယူရန် ခက်ခဲမှုများ ရှိနေသောကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိရောက်စွာအရေးယူပေးရန် တင်ပြထားကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။

“တရားမဝင်မျော (ရွှေတူးဖော်သည့်လုပ်ငန်းများ) တွေက အများကြီးပဲ။ ထောင်ဂဏန်းလောက်ရှိမယ်။ ချောင်းဘေးမှာ မဟုတ်ဘဲ ချောင်းထဲမှာကို ဆင်းပြီးလုပ်နေကြတာ။ အကုန်လုံးချောင်းထဲမှာပဲ။ ဖြစ်ချင်သလို ဖြစ်နေကြတာ။ မျောတွေ အများကြီးဆိုတော့ မြို့နယ်အနေနဲ့လည်း မတတ်နိုင်တော့ဘူး။ လုပ်နေတဲ့ လူကအများကြီးဆိုတော့ သွားဖမ်းမယ်ဆိုရင် လုံခြုံရေးကအစ စိုးရိမ်နေရတယ်။ ဟိုတစ်ခါသွားဖမ်းတော့ ချုံထဲကနေစောင့်နေကြတာ။ နောက်ပြီး ဖမ်းခဲ့ပြီဆိုရင် မျောတိုက်တဲ့ စက်ပစ္စည်းတွေကို သယ်ဖို့ ကားတွေငှားရတာ၊ စက်ပစ္စည်းတွေကို သယ်ယူဖို့လူအင်အားနဲ့သယ်ယူစရိတ်ကအစ အခက်အခဲရှိ တယ်။ ကားငှားရင်လည်း ဘယ်ကားမှမလိုက်ချင်ကြဘူး။ ဌာနဆိုင်ရာတွေလည်း အဲဒီအခက်အခဲတွေရှိတာပေါ့။ ဌာနဆိုင်ရာဘက် ကလည်း ဒီလိုအခက်အခဲတွေ ရှိနေပြီး မျော တွေကလည်း အများကြီးဆိုတော့ ချက်ချင်းကြီးတော့ ဖြေရှင်းလို့မရနိုင်ဘူး။ ဒါကြောင့် စီမံကိန်းနဲ့သေချာစိစစ်ပြီး စနစ်တကျ အရေးယူပေးဖို့ တိုင်းဒေသကြီးအစိုးရကို တယ်။ ပြည်သူ့လွှတ်တော်မှာလည်း တင်ပြပေးဖို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကို တင်ပြခိုင်းထားတယ်” ဟု ဦးကျော်ဌေးလွင်က ပြောကြားသည်။

ချောင်းအတွင်းရှိ တရားမဝင်ရွှေတူးဖော်သည့် လုပ်ငန်းများကို ဒေသခံများက စုပေါင်းကန့်ကွက်သင့်ပြီး စွန့်ပစ်မြေစာများ နှင့်ရေဆိုးများကြောင့် လယ်မြေများပျက်စီးနေကြောင်း ဦးကျော်ဌေးလွင်က ဆက်လက် ပြောကြားသည်။

“အဓိက ပြောချင်တာက ဒေသခံတို့၊ အုပ်ချုပ်ရေးမှူးတို့ သူတို့က အစကတည်းက စုပေါင်းပြီး ကန့်ကွက်ခဲ့ရင်  အခုလောက်ကြီး မဆိုးဝါးနိုင်ဘူး။ သူတို့က အဲဒီမှာနေတဲ့ လူတွေလေ။ အခုတော့ ဒီတိုင်းဆက်လုပ်နေရင် အဲဒီနားက ရွာတွေပျက်တော့မှာ။ မိုးတွင်းရေ ကြီးလာရင် ရေက စီးစရာနေရာ မရှိတော့ဘူး။ ဘေးနားကတွေ အကုန်မြုပ်မှာပဲ။ အခုကိုပဲ အနီးအနားက လယ်တွေပျက်ကုန်ပြီ။ မျောတွေက တိုက် စွန့်ပစ်မြေစာနဲ့ ရေဆိုးတွေက လယ်ထဲကိုဝင် လယ်က ပျက်တယ်။ အဲဒါကို မျောတိုက်မယ့်လူက ပိုက်ဆံနဲ့ ပေါက်လို့ ဝယ်တယ်။ ဒေသခံတွေကလည်း လယ်တွေပျက်တဲ့အတူတူ မထူးဘူးဆိုပြီး ပြန်ရောင်းလိုက်ရတယ်။  ဒီလိုနဲ့ပဲ လယ်တွေလည်း ကုန်တော့မှာ”  ဟု ဦးကျော်ဌေးလွင်က ပြောကြားသည်။

ဒေသခံများအနေဖြင့် ကန့်ကွက်လိုသော်လည်း အသက်အန္တရာယ် စိုးရိမ်ရမှုများ ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ သဘောမတူဘူး။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင်ကြီးလည်း မပြောရဲဘူး။ ဒါကို ကန့်ကွက်တဲ့လူတစ်ယောက် ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကပဲ အသတ်ခံလိုက်ရတယ်။ သတ်တဲ့လက်သည်လည်း မပေါ်ဘူး။ အဲဒီလိုဖြစ်ပြီးကတည်းက ဘယ်သူမှ သိပ်မပြောရဲကြတော့ဘူး။ အခုဆိုရင် လယ်တွေလည်းတဖြည်းဖြည်းပျက်ကုန်ပြီ။ ချောင်းလည်းပျက်နေပြီ။ ချောင်းရေက အောက်ကိုမစီးတော့ဘူး။ အလယ်မှာပဲ အိုင်နေတာ။ တချို့နေရာမှာဆိုရင် အထက်ကိုတောင် ပြန်စီးနေတာ။ လာမယ့်မိုးရာသီ ရေကြီးရင်တော့ ချောင်းကြီးတစ်လျှောက်က ရွာတွေ အကုန် ဒုက္ခရောက်မှာသေချာတယ်”  ဟု ဟဲဖက်ကျေးရွာသားတစ်ဦးက ပြောကြားသည်။

ချောင်းကြီးချောင်းသည် ချင်းတွင်းမြစ်၏ အဓိကချောင်းလက်တက်ဖြစ်သော ဥရုချောင်း၏ အကြီးဆုံး အဓိက ချောင်းလက်တက်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent