ရေငုပ်ခရီးစဉ်နှင့် Aventure ခရီးစဉ်အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ကြက်မောက်ကျွန်းနှင့် ညောင်ဦးဖီးကျွန်း အပါအဝင် ကော့သောင်းရှိ ကျွန်းများသို့ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ခရီးသွား သုံးသိန်းကျော် ဝင်ရောက်

ရေငုပ်ခရီးစဉ်နှင့် Aventure ခရီးစဉ်အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ကြက်မောက်ကျွန်းနှင့် ညောင်ဦးဖီးကျွန်း အပါအဝင် ကော့သောင်းရှိ ကျွန်းများသို့ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ခရီးသွား သုံးသိန်းကျော် ဝင်ရောက်
Published 16 May 2018

မြိတ်ကျွန်းစုအတွင်းရှိ စမတ်ကျွန်း (ခ) ပါပန့်ကျွန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး(မြိတ်))

ရေငုပ်ခရီးစဉ်နှင့် Aventure ခရီးစဉ် အနေဖြင့် စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့် ကြက်မောက်ကျွန်း၊ ၁၁၅ ကျွန်းနှင့် ညောင်ဦးဖီးကျွန်း အပါအဝင် ကော့သောင်းရှိ ကျွန်းများသို့ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် နိုင်ငံခြားခရီးသွား သုံးသိန်းကျော် ဝင်ရောက်မှုမှ အမေရိကန်ဒေါ်လာ ခြောက်သိန်းကျော်နှင့် မြန်မာငွေကျပ် ၆၃၃ သိန်းကျော် ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ကော့သောင်း) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအာကာထွန်းက ပြောကြားသည်။

နှစ်စဉ် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု များလာသည့် ကျွန်းစုများသို့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၂၇၂၈၂၁ ဦးမှ ဒေါ်လာ ၄၂၇၆၄၀ နှင့် ကျပ် ၇၆၅၀၀၀၀၀၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၃၂၆၄၂၃ ဦး မှ ဒေါ်လာ ၆၃၀၅၅၀ နှင့် ကျပ် ၇၅၉၃၀၀၀၀၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားခရီးသွား ၃၄၀၁၆၀ မှ ဒေါ်လာ ၆၁၃၂၀၀ နှင့် ကျပ် ၆၃၃၉၀၀၀၀ ရရှိထားကြောင်း သိရသည်။

“မြိတ်ကျွန်းစုကို ဟိုးအရင်နှစ်တွေက နိုင်ငံခြားခရီးသွား ဧည့်သည်တွေ သိပ်သတိမထားမိကြပါဘူး။ နိုင်ငံခြားသားတွေ သတိထားမိတာက လေးငါးနှစ်လောက်ပဲ ရှိပါသေးတယ်။ မြိတ်ကျွန်းစုမှာ ခရီးစဉ်အသစ်တွေ ဖော်ဆောင်ဖို့လည်း ရှိတယ်လို့ကြားတယ်။ ဥရောပ နိုင်ငံသားတွေအပြင် ထိုင်းလူမျိုးတွေ အများဆုံး လာပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကတော့ ဥရောပနိုင်ငံသားတွေက ပြောစရာကို မလိုပါဘူး။ သူတို့ကတောင် ပြန်သင်ပေးသွားတာတွေ ရှိသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုပဲ ပြောစရာရှိပါတယ်။ ထိုင်းတို့ စင်ကာပူတို့ဆိုရင် စည်းကမ်းပိုင်းက လိုအပ်တယ်” ဟု ခရီးသွားလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သုံးသပ်ပြောကြားသည်။

အဆိုပါ မြိတ်ကျွန်းစုသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများအတွက် ရွက်လှေကုမ္ပဏီများက ရေငုပ်ခရီးစဉ်နှင့် Aventure ခရီးစဉ်ဟူ၍ ခရီးစဉ်များ ရေးဆွဲရောင်းချလျက်ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစုသို့ နိုင်ငံခြားခရီးသွားများ တစ်နှစ်ထက် တစ်နှစ် စက်တပ်ရွက်လှေများ ဖြင့် ဝင်ရောက်လေ့လာမှု များလာပြီး အဆိုပါ စက်တပ်ရွက်လှေများကို တိုင်းရင်းသားပိုင် ရွက်လှေလုပ်ငန်းနှင့် နိုင်ငံခြားသားပိုင် ရွက်လှေလုပ်ငန်းများ ချိတ်ဆက်ပြီး လာရောက် လည်ပတ်ကြကြောင်း သိရသည်။

ခရီးသွားများ လာရောက်လည်ပတ်မှု အဆင်ပြေစေရန် စက်တပ်ရွက်လှေလုပ်ငန်း ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီ ၁၄ ခုနှင့် နိုင်ငံသားပိုင် ကုမ္ပဏီ သုံးခုကို လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံသားပိုင် လုပ်ငန်းနှင့် ချိတ်ဆက်လာသော ခရီးသည်များကို ကော့သောင်းခရိုင်အထိ ဒေါ်လာ ၅၀ နှင့် မြိတ်ခရိုင်အထိ ဒေါ်လာ ၈၀ ကောက်ခံခြင်းဖြစ်ပြီး နိုင်ငံခြားသားပိုင်ရွက်လှေ လုပ်ငန်းများနှင့် ချိတ်ဆက်လာသည့် နိုင်ငံခြားသား ခရီးသွားများကို ဝင်ကြေးအဖြစ် ကော့သောင်းခရိုင်အတွင်း တစ်ဦးလျှင် ဒေါ်လာ ၁၀၀၊ မြိတ်ခရိုင်အထိ ဒေါ်လာ ၁၅၀ နှင့် လေးညအိပ် ငါးရက်ထက်ပိုပါက ရက်ပိုကြေးအဖြစ် ခရီးသွား တစ်ဦးလျှင် တစ်ရက် ဒေါ် လာ ၂၀ နှုန်း ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုများသည် ကျွန်းစုများ နီးကပ်စွာ တည်ရှိနေခြင်းကြောင့် သဘာဝဘေး အန္တရာယ် ကျရောက်နိုင်မှု နည်းပါးခြင်း၊ ကျွန်းများပေါ်၌ လူနေမှု နည်းပါးခြင်းနှင့် သဘာဝသယံဇာတများစွာ မပျက်မစီး တည်ရှိခြင်း စသည်တို့ကြောင့် နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ခြင်းဖြစ်သည်။

လက်ရှိတွင် မြိတ်ကျွန်းစုရှိ ကျွန်းများသို့ ခရီးသွားပါက အခြေခံ အဆောက်အအုံများ မဖွံ့ဖြိုးမှုကြောင့် လူတစ်ဦးလျှင် တစ်ပတ် နေထိုင်မှု ကုန်ကျစရိတ် ဒေါ်လာတစ်သိန်းခန့် ကုန်ကျနိုင်သည်ဟု သိရသည်။

Most Read

Most Recent