ရေဖြူမြို့နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် ရှားပါးငါးမျိုးစိတ်ဖြစ်သည့် ငါးမန်းဖလောင်း (Whale Shark) နှစ်ကောင်ကို သေဆုံးလျက် ဖမ်းဆီးရမိ

ရေဖြူမြို့နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် ရှားပါးငါးမျိုးစိတ်ဖြစ်သည့် ငါးမန်းဖလောင်း (Whale Shark) နှစ်ကောင်ကို သေဆုံးလျက် ဖမ်းဆီးရမိ
Published 16 May 2018

ဖမ်းဆီးရမိသော ငါးမန်းဖလောင်းကို ဓမင်းဆိပ်ကမ်းခြေတွင် တွေ့ရစဉ် (Photo - Myoe Myoe)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း၌ ရှားပါးငါးမျိုးစိတ်ဖြစ်သည့် ငါးမန်းဖလောင်း (Whale Shark) နှစ်ကောင်အား သေဆုံးလျက် ဖမ်းဆီးရမိခဲ့ပြီး ဓမင်းဆိပ်ကမ်းခြေသို့ ဆွဲယူလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၃ ရက် ညနေပိုင်းက အရှည် ၁၇ ပေနှင့် လုံးပတ် ၁၀ ပေခန့်ရှိဒေသအခေါ် ဝဇီပျောက် ဟုခေါ်သည့် ငါးမန်းမျိုး နွယ်ဝင်ငါးကို ပင်လယ်အတွင်း ချထားသည့် ကျားပါးစပ်ပိုက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းငါးမှာ ပိုက်အတွင်း ဝင်တိုးမိ၍ သေဆုံးခဲ့ပြီး ငါးဖမ်းစက်လှေဖြင့် ဓမင်းဆိပ်ကျေးရွာ ကမ်းခြေသို့ ဆွဲယူလာခဲ့ခြင်း ဖြစ်သည်ဟု ဓမင်းဆိပ်ကျေးရွာနေ ဒေသခံထံမှ သိရသည်။

“ငါးက တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲမှာ ကမ်းစပ်ကိုရောက်လာတယ်။ ဒီငါးက ပိုက်ထဲကိုဝင်တယ်။ ပိုက်ထဲကိုဝင်ပြီးတော့ နုန်းမူးပြီး သေသွားတယ်။ ပင်လယ်ထဲမှာထောင်ထားတဲ့ ကျားပါးစပ်ပိုက်ထဲကို ဝင်တိုးမိပြီး ဖြုတ်မရလို့ ကမ်းကိုဆွဲသွင်းလာတာ။ လေးလပိုင်းကနေ အခုငါးလပိုင်းအထိ ဒီလိုငါးမိနေတာ လေးကောင်ရှိပြီ။ အခုမိတဲ့ကောင်က အရှည် ၁၇ ပေနဲ့ လုံးပတ် ၁၀ ပေရှိတယ်။ ငါးကမရှိတော့ဘူး။ ဌာနဆိုင်ရာကို အကြောင်းကြားတယ်။ သူတို့ကို ဘယ်လိုလုပ်မလဲမေးတော့ သူတို့က သတင်းရပြီးတော့ ရပြီဆိုပြီး ပြောလို့ ငါးကိုမြေမြှုပ်ပစ်လိုက်တယ်။ ဘက်ဟိုးနဲ့ နက်နက်တူးပြီး မြှုပ်လိုက်တယ်။ ဒီလပိုင်းထဲမှာ ကမ်းကိုရောက်လာတဲ့ ငါးလေးကောင်စလုံး ဓမင်းဆိပ်ကမ်းခြေမှာ လာတင်တာပါ။ ဒီကောင်တွေက ဆော့ရင်းဆော့ရင်းနဲ့ ရေတိမ်ပိုင်းကို ရောက်လာတဲ့အချိန် နုန်းမူးပြီးတော့ အပြင်ပြန်မထွက်နိုင်ဘူး” ဟု ဓမင်းဆိပ်ကျေးရွာဒေသခံ ကိုမိုးနိုင်က ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သော ငါးမန်းဖလောင်းကို ဓမင်းဆိပ်ကမ်းခြေတွင် တွေ့ရစဉ် (Photo : Myoe Myoe)

ယခုနှစ် ဧပြီလကုန်ပိုင်းမှ မေလလယ်ပိုင်းအထိ ရက် ၂၀ ခန့်အတွင်း ဓမင်းဆိပ်ကျေးရွာကမ်းခြေသို့ ရောက်ရှိလာသည့် မြန်မာအခေါ် ငါးမန်းဖလောင်း ဟုခေါ်သော ငါးမန်းလေးကောင်မှာ အရှည် ၁၅ ပေမှ ပေ ၂၀ ခန့်အတွင်းရှိခဲ့ပြီး ယင်းအနက်တစ်ကောင်မှာ ကမ်းခြေသို့ သေဆုံး၍ လာရောက်သောင်တင်ခဲ့ခြင်းဖြစ်ကာ ကျန်သုံးကောင်မှာ ပင်လယ်ပြင်အတွင်း ချထားသည့် ကျားပါးစပ် ငါးဖမ်းပိုက်အတွင်း ဝင်တိုးမိရာမှ ပြန်မထွက်နိုင်ဘဲ နုန်းမူး၍ သေဆုံးသဖြင့် ကမ်းစပ်သို့ ဆွဲယူလာခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီငါးကို မြန်မာအခေါ် ငါးမန်းဖလောင်း၊ ငါးမန်းကြီးလို့လည်း ခေါ်တယ်။ သိပ္ပံအခေါ်ကတော့ Rhincidom၊ နိုင်ငံတကာအခေါ်ကတော့ Whale Shark လို့ခေါ်တယ်။ ဒီမှာတော့ ဝဇီပျောက်လို့ခေါ်တယ်။ တစ်နေရာနဲ့ တစ်နေရာ အခေါ်အဝေါ် မတူဘူး။ အများအားဖြင့် ငါးမန်းဖလောင်းလို့ခေါ်တယ်။ ကိုယ်မှာ အစက်အပြောက်လေးတွေ ပါတယ်။ အများအားဖြင့် ဒီလိုကမ်းခြေပိုင်းမှာနေတယ်။ လူကိုအန္တရာယ်မပေးဘူး။ အဓိက ငါးနီတူတို့လို ငါးအသေးလေးတွေစားတယ်။ သူ့မှာ သွားအကြီးတွေမပါဘူး။ ရှားပါးတဲ့ငါးမျိုးစိတ်ပါ” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောကြားသည်။

အဆိုပါ ရှားပါးမျိုးစိတ်ဖြစ်သည့် ငါးမန်းဖလောင်းခေါ် Whale Shark ကိုဖမ်းယူ၊ သတ်ဖြတ်၊ အနှောင့်အယှက်ပြုခြင်း၊ သယ်ယူသိုလှောင်၍ လက်ဝယ်ထားရှိ ရောင်းချခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၈ ရက် ရက်စွဲပါ အမိန့်ကြေညာစာအမှတ် ၂/၀၁ ဖြင့် တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက်ပါက ၁၉၉၀ ပြည့်နှစ် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူ ချမှတ်ခြင်း ခံရနိုင်သည်ဟု သိရသည်။ ယင်းငါးမျိုးစိတ်မှာ ကမ်းနီးရေတိမ်ပိုင်းနှင့် ပင်လယ်ရေမှော်များ ပေါများသည့်နေရာတွင် နေထိုင်လေ့ရှိပြီး ငါးနီတူ (ဒေသအခေါ် ရေကြည်ငါး) ကဲ့သို့သော ငါးအသေးများကိုသာ စားသုံးကြောင်း၊ ထို့ပြင် ၎င်းငါးမှာ ဈေးကွက်ဝင် ငါးအမျိုးအစား မဟုတ်သည့်အတွက် စီးပွားဖြစ် ဖမ်းလေ့မရှိဘဲ မတော်တဆ ဖမ်းမိခြင်းများသာရှိကာ အရှည် ပေ ၄၀ ခန့်အထိရှိကြောင်း ဦးမြင့်ရွှေက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် မေ ၁၀ ရက်ကလည်း ရေဖြူ မြို့နယ်၏ အနောက်ဘက် ပင်လယ်ပြင်အတွင်း ချထားသည့် ကျားပါးစပ် ငါးဖမ်းပိုက် အတွင်း၌ အရှည်ပေ ၂၀ ခန့်ရှိ ငါးမန်းဖလောင်းတစ်ကောင် ဖမ်းဆီးရမိခဲ့ပြီး ဓမင်းဆိပ်ကျေးရွာ ကမ်းခြေသို့ သယ်ယူလာခဲ့ဖူးကြောင်း သိရသည်။

 

Most Read

Most Recent