ကွမ်းတောင်-ပုဏ္ဏားကျွန်း ရထားလမ်းပိုင်းအတွင်း ချောင်းငယ်တစ်ခုကို ဖြတ်သန်းစဉ် အောက်ခံကွန်ကရစ်များ ပျက်စီးနေသဖြင့် ခရီးသည်များ ရထားပေါ်မှဆင်းကာ ဖြတ်သန်းခဲ့ရ

ကွမ်းတောင်-ပုဏ္ဏားကျွန်း ရထားလမ်းပိုင်းအတွင်း ချောင်းငယ်တစ်ခုကို ဖြတ်သန်းစဉ် အောက်ခံကွန်ကရစ်များ ပျက်စီးနေသဖြင့် ခရီးသည်များ ရထားပေါ်မှဆင်းကာ ဖြတ်သန်းခဲ့ရ
Published 15 May 2018

အောက်ခံကွန်ကရစ်များ ပျက်စီးနေသဖြင့် ခရီးသည်များ ရထားပေါ်မှဆင်းကာ ဖြတ်သန်းနေမှုကို မေ ၁၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ယဉ်သိန်း)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်-ပုဏ္ဏားကျွန်း ရထားလမ်းပိုင်းအတွင်း ချောင်းငယ်တစ်ခုအား ဖြတ်သန်းစဉ် အောက်ခံကွန်ကရစ်များ မခိုင်မာဘဲ ပျက်စီးနေသဖြင့် ခရီးသည်များ ရထားပေါ်မှဆင်းကာ ဖြတ်သန်းခဲ့ရသည့် ဖြစ်စဉ်တစ်ခု မေ ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ခရီးသည်များထံမှ သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဘူတာ မှ ရထားအမှတ် ၂  နှင့် ၃ တို့ နေ့စဉ်ပြေးဆွဲ လျက်ရှိရာ မေ ၁၂ ရက်က အမှတ် ၂ ရထားသည် နံနက် ၇ နာရီခွဲက ကွမ်းတောင်ဘူတာမှ ထွက်ခွာလာခဲ့ရာ မတီးချောင်းအား ဖြတ်သန်းထိုးထားသည့် နေရာအရောက်တွင် အောက်ခံကွန်ကရစ်များနှင့် ဇလီဖားတုံးများ ပျက်စီးနေသည့် အတွက် ရထားပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနေဖြင့် ရထားပေါ်မှဆင်းကာ ဖြတ်သန်းပြီးမှ ပြန်လည်မောင်းနှင် ခဲ့ရကြောင်း သိရှိရသည်။

အောက်ခံကွန်ကရစ်များ ပျက်စီးနေသဖြင့် ရထားပေါ်မှဆင်းကာ ဖြတ်သန်းခဲ့ရသည့် ခရီးသည်များကို မေ ၁၂ ရက်က တွေ့ရစဉ်

ယင်းနှင့်ပတ်သက်ပြီး ဒေသခံခရီးသည် တစ်ဦးက “ချောင်းကို ဖြတ်ထိုးထားတဲ့ နေရာမှာပေါ့။ အောက်ဘက်မှာ ဝဲယာချောင်း နှစ်ဖက်ကို ကွန်ကရစ်နဲ့ လုပ်ထားပေမယ့် ရေတိုက်စားလို့ ပျက်စီးနေတာကြာပြီ။ ဒီလိုနဲ့ အခုမိုးတွင်း ရောက်တော့မယ်။ ပြုပြင်တာ မတွေ့ရဘူး။ အမြန်ဆုံးပြုပြင်ပေးစေ ချင်ပါတယ်။ တော်ကြာ ရထားတိမ်းမှောက်သွားရင် ခရီးသည်တွေ ဒုက္ခရောက်မှာကို စိုးရိမ်ရပါတယ်” ဟု ပြောကြားသည်။

ထိုသို့ဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး မြန်မာ့မီးရထားဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါနေရာအား ရထားကောင်းမွန်စွာ သွားလာနိုင်ရေးအတွက် ယာယီပြုပြင်ထားပြီး ဖြစ်ကြောင်းနှင့် အောက်ခံမြေသားများ ပြိုကျသဖြင့် ခရီးသည်များ ဆင်းပြီးသွားလာခဲ့ရကြောင်း၊ ချက်ချင်းပြင်ဆင်ခဲ့သည့်အတွက် ခရီးသည်များ ဆင်းစရာမလိုဘဲ ရထားကို ကောင်းစွာ သွားလာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မနေ့ကတည်းက ပြင်လိုက်ပါတယ်။ ယာယီသွားလာနိုင်အောင်လို့ လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အခိုင်အမာ ပြုပြင်နိုင်ဖို့အတွက် ဘဏ္ဍာငွေရရှိရေးတွေ ဆောင်ရွက်နေပါတယ်” ဟု စီမံကိန်းမန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။

Most Read

Most Recent