<

ပင်လယ်ထွက်ပေါက် ရှိနေသည့်နေရာတိုင်း OBOR အောက်တွင် Corridor အဖြစ် ပါဝင်လာမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်္ကြံ MoU အတွက် အပြီးသတ်ညှိနှိုင်းမှု ယနေ့ဆွေးနွေးမည်

ရခိုင်ပြည်နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်းအား ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံ၌ ပင်လယ်ထွက်ပေါက် ရှိနေသည့်နေရာတိုင်းမှာ တရုတ်နိုင်ငံ၏ OBOR (Belt & Road Initiative) စီမံကိန်းအောက်တွင် Corridor အဖြစ် ပါဝင်လာမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစင်္ကြံ နားလည်မှုစာချွန်လွှာအတွက် MoU ကို နောက်ဆုံးအကြိမ် အပြီးသတ်ညှိနှိုင်းမှုအား မေ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

နှစ်နိုင်ငံခေါင်းဆောင်များအကြား သဘောတူညီထားပြီးဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ဆောင်ရွက်မည့်လုပ်ငန်းများမှာ ကြီးမားသည့်လုပ်ငန်းများဖြစ်ပြီး လေဆိပ်များ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများလည်း ပါဝင်လာမည်ဖြစ်ကာ နှစ်နိုင်ငံအကြား MoU ရေးထိုးပြီး၍ လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်မည့် စီမံကိန်းများကို ပြည်သူများသိရှိစေရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။

“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အကောင်အထည်ဖော်ဖို့ သဘောတူညီထားပြီးသား ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဆက်ပြီး အကောင်အထည်ဖော်မယ့်အချိန်ကျရင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခေါင်းစဉ်အောက်က လုပ်ငန်းတွေဟာ ကြီးမားတဲ့ စီမံကိန်းတွေဖြစ်လာမှာပါ။ နှစ်နိုင်ငံ ဆက်လက်လုပ်ဆောင်ရမယ့် စီမံကိန်းတွေဖြစ်ပြီး ကြီးမားတဲ့လုပ်ငန်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီး MoU ရေးထိုးပြီးချိန်မှာ ကျွန်တော်တို့ ပြည်သူတွေသိရှိအောင် ကျွန်တော်တို့နိုင်ငံက ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အတိအကျတင်ပြပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာချိန်တွင် တရုတ်နိုင်ငံသားများ၏ လူနေမှုအဆင့်မြင့်မားလာခြင်း၊ ၀င်ငွေကောင်းမွန်လာခြင်းကြောင့် ကမ္ဘာအနှံ့သို့ ခရီးသွားသန်းနှင့်ချီ ထွက်ခွာခြင်းများ ရှိနေချိန်တွင် နေ့ချင်းပြန်သွားလာနိုင်သည့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားငါးသိန်းပင် ၀င်ရောက်ခြင်းမရှိခြင်းနှင့် ထိုသို့ခရီးသွားများ ၀င်ရောက်ရန် လေဆိပ်များ ကောင်းမွန်မှုမရှိခြင်းကြောင့် ရှိနှင့်ပြီးဖြစ်သည့် ဟဲဟိုး၊ မကွေး၊ ပခုက္ကူလေဆိပ်ကဲ့သို့ လေဆိပ်များအား အဆင့်မြှင့်တင်ခြင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်တွင် စီမံကိန်းအသေးစားများအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောကြားသည်။

“ဒီလိုလုပ်ငန်းတွေမှာ ပါဝင်ချင်တဲ့လုပ်ငန်းရှင်တွေက ကျွန်တော်တို့ ဘယ်လိုလုပ်ငန်းတွေမှာ ပူးပေါင်းချင်တယ်ဆိုတာကို တင်ပြလို့ရတယ်။ အားလုံးကို ကျွန်တော်တို့ဖိတ်တယ်။ လုပ်ချင်တဲ့ပုဂ္ဂိုလ်ကို လုပ်ခွင့်ပေးထားတယ်။ လုပ်ချင်ကိုင်ချင်တဲ့ပုဂ္ဂိုလ်တွေ လုပ်နိုင်ကိုင်နိုင်သမျှ အားလုံးကို ပါဝင်ခွင့်ပေးထားတယ်။ ကျွန်တော်တို့ကတော့ ခင်ဗျားက ဒီမှာလုပ်၊ ခင်ဗျားက ဟိုမှာလုပ် ၀င်ပြီးတော့ မစီမံ၊ မခန့်ခွဲဘူး။ ကိုယ့်ရဲ့စွမ်းရည်၊ စွမ်းအားနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းမှန်သမျှကို ကိုယ်တစ်ဦးတည်း ရာနှုန်းပြည့်မြှုပ်နှံတာပဲဖြစ်ဖြစ်၊ သို့တည်းမဟုတ် တရုတ်ပြည်က လုပ်ငန်းရှင်နဲ့ပေါင်းပြီးတော့ JV လုပ်လို့ရပါတယ်” ဟု ဦးကျော်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ (မူကြမ်း) အတွက် အပြီးသတ်ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း သတင်းထုတ်ပြန်ထားပြီး ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် ၀န်ကြီးအဆင့်အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ningzizhe (Ministeral Level) နှင့်အတူ တက်ရောက်၍ စီးပွားရေးစင်္ကြံ တည်ထောင်ရေးအပေါ် သဘောထားအမြင်များ ဖလှယ်ကြပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးလုပ်ငန်းများအတွက် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား စီးပွားရေးစင်္ကြံလမ်း တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) အား အပြီးသတ်ညှိနှိုင်းမှုပြုခဲ့ကြောင်း သိရသည်။

“ခြုံပြောရရင် တရုတ်နိုင်ငံက မြန်မာနယ်နိမိတ်ကစပြီး ရန်ကုန်အထိ စင်္ကြံတွေဆောက်ဖို့ရှိတယ်။ အဲဒီအထဲမှာ ကဏ္ဍတွေအများကြီးပါတယ်။ စီးပွားရေးစင်္ကြံလို့ ပြောတဲ့အတွက်ကြောင့် သူက လမ်းသက်သက် အခြေခံအဆောက်အအုံသက်သက် မဟုတ်ဘူး။ အဲဒီမှာ စင်္ကြံနဲ့ဆက်စပ်ပြီး မြို့ပြတွေပေါ်လာတာရှိမယ်။ စိုက်ပျိုးရေးဇုန်တွေ ပေါ်လာတာရှိမယ်၊ စက်မှုဇုန်တွေ ပေါ်လာတာရှိမယ်၊ နောက်ပြီး အိုင်တီနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေပေါ်လာတာရှိမယ်။ ကုန်သွယ်မှုနဲ့ ဆက်စပ်ပြီး Logistics ပေါ့၊ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပေါ်လာတာရှိမယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်တာတွေ ခရီးသွားကဏ္ဍနဲ့ ပတ်သက်တာတွေ ပါလာတာရှိမယ်။ ခြုံပြောရရင်တော့ OBOR ရဲ့ခေါင်းစဉ်အောက်ထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်သွားဖို့ရှိတယ်။ အဲဒီကို ပြီးခဲ့တဲ့လမှာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီးသွားပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်းတာအားလုံး ပြီးပြတ်တဲ့အဆင့်ပေါ့။ လက်မှတ်ထိုးတဲ့အဆင့်ကိုတော့ မရောက်သေးဘူး။ နှစ်နိုင်ငံအကြီးအကဲတွေ ဆက်လက်ညှိနှိုင်းပြီးတော့မှ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

May 13, 2018














Copy Protected by Chetan's WP-Copyprotect.