ပြည်-ရန်ကုန် လမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး ကလေးနှစ်ဦး အပါအဝင် ရှစ်ဦးသေဆုံး

ပြည်-ရန်ကုန် လမ်းမကြီးတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး ကလေးနှစ်ဦး အပါအဝင် ရှစ်ဦးသေဆုံး
Published 11 May 2018

ဓာတ်ပုံ - ဝေလင်း (ပြည်)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့ ပြည်-ရန်ကုန် အဝေးပြေး ကားလမ်းမတွင် ယနေ့ (မေလ ၁၁ ရက်) နံနက် ၁ နာရီခွဲခန့်က ခရီးသည်တင် Express တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မြရတနာ ခရီးသွားဝန်ဆောင်မှု အမြန်ယာဉ်မှာ မေလ ၁၀ ရက်နေ့ ညနေ ၇ နာရီက တောင်တွင်းကြီးမြို့မှ ရန်ကုန်သို့ ထွက်ခွာလာခဲ့ပြီး မေလ ၁၁ ရက် နံနက် ၁ နာရီခွဲ တွင် အင်းအမြို့ မိုင်တိုင်အမှတ် ၁၅၃/၅ အရောက် လမ်းချော်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အင်းမနယ်မြေ ရဲစခန်းမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင်း ကလေး ၂ ဦး အပါအဝင် ကျား ၅ ဦး၊ မ ၃ ဦး သေဆုံးခဲ့ကာ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများကို အင်းမနယ်မြေ ဆေးရုံ၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတို့သို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအား ဖမ်းဆီးထားပြီး အင်းမနယ်မြေရဲစခန်းတွင် ယာဉ်(ပ) ၁၂/၂၀၁၈၊ ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄-က တို့ဖြင့် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent