သားအမိနှစ်ဦးကို ဓားဖြင့်ထိုးသတ်မီးရှို့ခဲ့သူအား ထောင်ဒဏ် ၁၀ နှစ်နှင့် သေဒဏ်ကျခံစေရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်

သားအမိနှစ်ဦးကို ဓားဖြင့်ထိုးသတ်မီးရှို့ခဲ့သူအား ထောင်ဒဏ် ၁၀ နှစ်နှင့် သေဒဏ်ကျခံစေရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်
Published 9 May 2018

သားအမိနှစ်ဦးကို ဓားဖြင့်ထိုးသတ် မီးရှို့ခဲ့သူအား မေ ၈ ရက် မန္တလေးခရိုင်တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ်တွင် သားအမိနှစ်ဦးကို ဓားဖြင့်ထိုးသတ် မီးရှို့ခဲ့သူအား ထောင်ဒဏ် ၁၀ နှစ်နှင့် သေဒဏ်ကျခံစေရန် မေ ၈ ရက်က မန္တလေးခရိုင် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်နေ ဒေါ်နန်းခင်ထွေးဝင်း (၃၇ နှစ်)နှင့် သုံးနှစ်အရွယ် သမီးဖြစ်သူ နန်းရွှေရည်မိုးတို့ နှစ်ဦးကို ဇန်နဝါရီ ၁၉ ရက် ညနေ ၅ နာရီခန့်က နေအိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေကာ အလောင်းများကိုလည်း မီးရှို့ထားခဲ့သည့်ဖြစ်စဉ် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးချက်များအရ သေဆုံးသူ မနန်းခင်ထွေးတူမ၏ ခင်ပွန်းမှ သတ်ခြင်း ဖြစ်နိုင်ကြောင်း သံသယရှိသဖြင့် ဖမ်းဆီးစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ တစ်အိမ်တည်းအတူနေသူ အသက် ၂၀ အရွယ် ခိုင်ဝေဆိုသူမှ ကျူးလွန်ခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း၊ ပစ္စည်းရလိုမှု လောဘကြောင့် လူသတ်မှုကျူးလွန်ခဲ့ခြင်း၊ အလောင်း ဖျောက်ဖျက်ရန်အတွက် ဓာတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ကနဦး ထွက်ဆိုထားခဲ့ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ခိုင်ဝေအား မေ ၈ ရက်က ရုံးထုတ်လာစဉ်

တရားခံခိုင်ဝေမှာ တူမဖြစ်သူ၏ ခင်ပွန်းဖြစ်သောကြောင့် တစ်အိမ်တည်းအတူ နေထိုင်သူဖြစ်ပြီး သမဝါယမချေးငွေ ကျပ် ၁၀ သိန်းပေးရန်ရှိရာ အဒေါ်ဖြစ်သူထံ ကနဦး ငွေချေးခဲ့သော်လည်း ရရှိခဲ့ခြင်း မရှိသဖြင့် ရွှေဆွဲကြိုးနှစ်ကုံး၊ ဟန်းချိန်းတစ်ခု၊ လက်စွပ်နှစ်ကွင်း၊ ရွှေဆွဲသီးတစ်ခုတို့ကို ယူဆောင်ခဲ့ကာ လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်နန်းခင်ထွေးဝင်း၏ သမီးဖြစ်သူကိုပါ တစ်လက်စတည်း ဓားဖြင့်ထိုးသတ်ခဲ့ပြီး အဝတ်ပုံးနှင့် ခရီးဆောင်အိတ်များအတွင်းထည့်ကာ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များ ကျူးလွန်ခဲ့သည့်အတွက် ခိုင်ဝေကို ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် (ပ) ၅၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း အမိန့်ချချိန်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁-ဂ) ဖြင့် သေဒဏ်ကိုလည်းကောင်း၊ ပုဒ်မ ၄၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန်နှင့် ပြစ်ဒဏ်များကို သီးခြားစီကျခံစေရန် မန္တလေးခရိုင် ဒုတိယ တရားသူကြီး (၇) ဒေါ်တင့်တင့်ခိုင်က အမိန့်ချမှတ်ခဲ့သည်။

“ချမှတ်သွားတဲ့အမိန့်ပေါ် ကျေနပ်ပါတယ်။ သူလုပ်သွားတဲ့ လုပ်ရပ်တိုင်း သူခံစားရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာတွေပါ” ဟု သေဆုံးသူ ဒေါ်နန်းခင်ထွေးဝင်း၏ ခင်ပွန်း ကိုတင်ထွန်းဝင်းက အမိန့်ချမှတ်အပြီး ပြောကြားသည်။

အဆိုပါအမှုကို ရုံးချိန်းပေါင်း ၅၅ ချိန်း၊ တရားလိုပြသက်သေ ၁၅ ဦး၊ တရားခံပြသက်သေတစ်ဦး၊ အချိန် တစ်နှစ်နှင့် သုံးလခန့် စစ်ဆေးခဲ့ကြောင်း မန္တလေးခရိုင်တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိ ဦးစောဝီလီထံမှ သိရသည်။

 

Most Recent