မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ MoU ရေးထိုး

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ MoU ရေးထိုး
Published 9 May 2018

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်တို့ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးစဉ်

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ဒုတိယအုပ်ချုပ်ရေးမှူးအဖွဲ့သည် မေ ၈ ရက် နံနက်က နားလည်မှုစာချွန်လွှာ MoU ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနားလည်မှုစာချွန်လွှာကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းနှင့် ပေါက်စန်းပြည်နယ်ခွဲ ဒုတိယမြို့တော်ဝန် ဒူးချွမ်ချန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်မျိုးညွန့်၊ ဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ တွမ်ကြည်ဂွေ့တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက “ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါက်စန်းပြည်နယ်ခွဲ အစိုးရကို ကြိုဆိုပါတယ်။ MoU လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားကြတဲ့ နှစ်ဖက်သောအဖွဲ့များကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ် ဖက်နှစ်နိုင်ငံအတွက် နှစ်ဖက်သော ပြည်သူတွေအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ MoA ၊ JVA ရေးထိုးနိုင်ရေးအတွက်လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်တော့ ညှိနှိုင်းရဦးမှာပါ။ တည်ဆောက်ရေးကာလက JVA စာချုပ်ချုပ်ပြီးမှပါ။ အဲဒီမတိုင်ခင် ပြည်သူလူထုတွေကိုလည်း ချပြမယ်။ လွှတ်တော်မှာလည်း ဆွေးနွေးအတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ အခုလာမယ့် လွှတ်တော်မှာ တင်ပြမှာပါ။ အကျိုးအမြတ်ရာနှုန်းကတော့ ဆက်ပြီးညှိနှိုင်းရဦးမှာပါ။ အကောင်းဆုံးဖြစ်အောင်တော့ ပူးပေါင်းလုပ်ဆောင်သွားကြမှာပါ” ဟု ပြောကြားသည်။

ပေါက်စန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး ဒူချွမ်းချန်က “လက်မှတ်ရေးထိုးနိုင်တာကို ကြိုဆိုပါတယ်။ ပေါက်စန်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဟာ နယ်မြေချင်းထိစပ်နေပြီး ယဉ်ကျေးမှုကအစ ကူးလူးဆက်ဆံမှုက အထူးအရေးကြီးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ တစ်ဇုန်တစ်လမ်း ဦးဆောင်မှုဗျူဟာရဲ့အောက်မှာ နှစ်ဦးနှစ်ဖက်က တည်ဆောက်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ရှိခဲ့ကြပါတယ်။ ထိန်ချုန်း-မြစ်ကြီးနားလမ်း တည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးကဏ္ဍမှာ အင်တိုက်အားတိုက်လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာ လုပ်ဆောင်ချက်များအတိုင်း လုပ်ဆောင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေသတ်မှတ်ချက်ကို လိုက်နာရမယ်။ စာချုပ်ပါအချက်များကို လိုက်နာကျင့်သုံးပြီး ကုန်ထုတ်လုပ်မှု၊လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ဒေသခံတို့ရဲ့ ဓလေ့ထုံးစံများကိုလည်း လိုက်နာကြရပါမယ်။ ရင်းနှီးစွာဆက်ဆံရမှာလည်း ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကတစ်ဆင့် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးတွေလည်း မြှင့်တင်အောင် ကြိုးစားသွားပါမယ်။ ငွေကြေးဆက်သွယ်ရေး၊ စီးပွားကူးသန်းမှု မြင့်မားရေးတွေလည်း ဒီဇုန်ကိုအခြေခံပြီးမြင့်တက်လာမယ်လို့ မျှော်လင့်ပါကြောင်း” ဟု ဆိုသည်။

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းသည် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအုပ်စု ပလနကျေးရွာအုပ်စုများတွင် တည်ရှိပြီး ၄၇၅၁ ဧကကျော်ရှိကြောင်း၊ ခန့်မှန်းကုန်ကျ တန်ဖိုးတရုတ်ယွမ်ငွေ ကျပ်သိန်းပေါင်း ၁၈၀၀၀ (မြန်မာကျပ် ၃၇၂ ဘီလျံ) အမေရိကန် ဒေါ်လာ ၂၇၃ ဒသမ ၄၄ သန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။

စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ဟိန်ယုံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်နှင့် ကချင်ပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ စုပေါင်းရင်းနှီးမြှုပ်နံှရေးကုမ္ပဏီ (Joint Venture Company) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုကို ရှယ်ယာကို မြန်မာနိုင်ငံဘက်မှ အနည်းဆုံး ၅၁ ရာခိုင်နှုန်း ယူထားပြီး ၁၀ နှစ်ကြာတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

စီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်တွင်အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ထားပြီး လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

ကျပ် ၃၇၂ ဘီလျံ (ဒေါ်လာ ၂၇၃ သန်း) တန်ဖိုးရှိ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအတွက် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အကြံပြုရာတွင် တစ်ဖက်နိုင်ငံကုမ္ပဏီ၏ နောက်ခံ၊ ငွေကြေးခိုင်မာမှု၊ နိုင်ငံအပေါ် တာဝန်ကျေပွန်စေသည့် အချက်အလက်များကို သံရုံးများမှ တစ်ဆင့်တောင်းယူ မှတ်တမ်းတင်ရန်၊ သီလဝါ စက်မှုဇုန်အပြင် မင်္ဂလာဒုံစက်မှုဇုန်ကို လေ့လာရန်၊ ပတ်ဝန်းကျင်မှ ချဉ်းကပ်ဖော်ဆောင်နိုင်မည့် လုပ်ငန်းငယ်များကိုပါ ထည့်သွင်းစဉ်းစားရန်၊ ထိုင်းနှင့် ဗီယက်နမ်တို့ရှိ စက်မှုဇုန်များမှာ အတုယူစရာများရှိနေပြီး လုပ်ငန်းသဘောအရ အရှုံးအမြတ်ရှိနိုင်သဖြင့် ရှယ်ယာအများ ဆုံးယူထားသူက တာဝန်အရ အရှုံးအမြတ်ကို ထည့်သွင်းတွက်ချက်ရန်၊ သီလဝါစက်မှုဇုန် အောင်မြင်ခြင်းမှာ နိုင်ငံရေးအရလည်း ပါဝင်နေကြောင်း စသည့် အကြံပြုချက်များ ပြောကြားသည်။

ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးက ပြည်နယ်အလယ်ပိုင်းမှ ဖြတ်သန်းထားကြောင်း လက်ရှိတွင် တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ်တို့ တရားဝင်အဓိက ဆက်သွယ်သည့်ဝင်ပေါက်မှာ ကန်ပိုင်တည် ဝင်ပေါက်နှင့် လွယ်ဂျွယ်ဝင်ပေါက်၊ ပန်ဝါဝင် ပေါက်တို့ကို အဓိက အသုံးပြုနေကြောင်း ထို့ပြင် လိုင်ဇာ၊ မန်ဝိန်းကြီး  ဝင်ပေါက်များကိုလည်း အသုံးပြုနေကြကြောင်း သိရသည်။

Most Read

Most Recent