ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ဘင်္ဂါလီပဋိပက္ခ အဖြေရှာရန် ချဉ်းကပ်ရာတွင် ဌာနေတိုင်းရင်းသားများ၏ မူလအခွင့်အရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားရန် ရခိုင်အမျိုးသားပါတီ (ANP) တိုက်တွန်း

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ဘင်္ဂါလီပဋိပက္ခ အဖြေရှာရန် ချဉ်းကပ်ရာတွင် ဌာနေတိုင်းရင်းသားများ၏ မူလအခွင့်အရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားရန် ရခိုင်အမျိုးသားပါတီ (ANP) တိုက်တွန်း
Published 9 May 2018

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီဌာနချုပ်တွင် အစည်းအဝေးပြုလုပ်နေသည်ကို တွေ့ရစဉ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်  ဘင်္ဂါလီပဋိပက္ခကို အဖြေရှာရန် ချဉ်းကပ်ရာတွင် ဌာနေတိုင်းရင်းသားများ၏ မူလအခွင့်အရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားရန် ရခိုင်အမျိုးသားပါတီ (ANP) က မေ ၈ ရက်တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။

အဆိုပါကြေညာချက်အား ANP ပါတီ ဗဟိုဌာချုပ်တွင် မေ ၇ ရက်မှ ၈ ရက်အထိ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအား National Varification Card (NVC) ကတ်ထုတ်ပေးပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဟုဆိုသော အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၏ ထုတ်ပြန်ပြောဆိုချက်သည် နိုင်ငံသားမဟုတ်သေးသူများ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် ဆန့်ကျင်နေသည်ဟု ရခိုင်အမျိုးသားပါတီမှ ရှုမြင်ကြောင်းလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် မတ် ၂၉ ရက်မှ မေ ၁ ရက်အထိ မြန်မာနိုင်ငံသို့ေ ရာက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ် မောင်တောဒေသသို့သွားရောက်ကာ ဘင်္ဂါလီများ၊ ဟိန္ဒူဘာသာဝင်များနှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီအရေးတစ်ခုတည်းကိုသာ ဦးစားပေး ပြောဆိုလေ့လာမှုများပြုလုပ်ခဲ့ကာ တိုင်းရင်းသားများအပေါ် အလေးထားခြင်းမရှိကြောင်း  ဒေသခံရခိုင်တိုင်းရင်းသားများက သုံးသပ်မှုများရှိနေသည်။

“သူတို့ကဟိုဘက်ကိုသွားပြီးရင် တစ်ဖက်ကစကားကိုပုံသေကားချပ်လို လက်ကိုင်ထားပြီးတော့ ဒီဘက်ကပြောတာဟူသမျှ တစ်စက်မှ လက်မခံဘဲနဲ့ စော်ကားမော်ကား အပြုအမူတွေ အပြောအဆိုတွေ ခြိမ်းခြောက်တာတွေ လုပ်တာမျိုးကတော့ UN အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုံးဝမညီတဲ့ အနေအထားတွေဖြစ်တယ်လို့ မြင်တယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွပ်ဖက်ပြီးတော့ ခြိမ်းခြောက်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ လူကြီးလူကောင်းမဆန်ဘူးလို့ ဒီလိုပဲ ရှုမြင်ပါတယ်” ဟုရခိုင်အမျိုးသားပါတီဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောကြားသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်တွင်ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကြောင့် အပြစ်မဲ့ ကချင်တိုင်းရင်းသားညီနောင်များ စစ်ဘေးရှောင်ထွက်ပြေးနေရခြင်း တိုက်ပွဲများ ကြားပိတ်မိနေခြင်းကြောင့် အသက်ဘေးအန္တရာယ် တွေ့ကြုံရခြင်း အကျပ်အတည်းများကို ပြင်းထန်စွာခံစားနေရသည်ဟု ကြားသိနေရကြောင်း၊ အပြစ်မဲ့အရပ်သားများ တိုက်ပွဲအတွင်း ပိတ်မိနေခြင်းမှ ဘေးအန္တရာယ်ကွင်းစွာ လွတ်မြောက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူမျာအနေဖြင့် လိုအပ်သော ကူညီဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အတူ နှစ်ရက်ကြာပြုလုပ်ခဲ့သော  ANP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များဖြစ်သည့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ချိတ်ဆက်နိုင်မှု၊ ပါတီညီလာခံကျင်းပရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

“အဓိကတော့ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆက်သွယ်ဖို့လိုအပ်ချက်တွေ၊ ပါတီညီလာခံလုပ်မယ့်ကိစ္စတွေကို အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ပါတီညီလာခံကို ကျင်းပသွားဖို့သင့်တယ်လို့ ဆွေးနွေးကြတယ်။ ဆိုတော့ ပါတီညီလာခံလုပ်တော့မယ်ဆိုရင် အခုကတည်းက ရပ်ကွက်ကျေးရွာအဆင့်ကနေ လိုအပ်တာတွေ ပြန်လည်ဖွဲ့စည်းဖို့လိုတယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းဆွေးနွေးကြတယ်။ အောက်တိုဘာမှာ ရပ်ကျေးအဆင့် ကော်မတီကိုတွေကိုပြီး ဖွဲ့စည်းဖို့ရှိတယ်။ မြို့နယ်ကော်မတီကို ဒီဇင်ဘာမှာ အပြီးလုပ်မယ်။ မြို့နယ်ညီလာခံကမှ ပါတီညီလာခံကိုယ်စားလှယ်ကိုတင်ပြပြီး ဗဟိုကော်မတီသစ်ရွေးချယ်သွားဖို့ ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသာ ရာထူးနေရာတွေကိုရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ညီလာခံကို ၂၀၁၇ ခုနှစ်တွင်ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်။

Most Read

Most Recent