ရှိပြီးသားစက်မှုဇုန်များ၏ မပြည့်စုံမှုများကို ဖြေရှင်းနိုင်ခြင်းမရှိပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီမံကိန်းအသစ်များအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးမည်ဖြစ်ပြီး မြေဈေးကစားသည့် အနေအထားသာ ရောက်ရှိသွားမည်ဟု ဆွေးနွေး

ရှိပြီးသားစက်မှုဇုန်များ၏ မပြည့်စုံမှုများကို ဖြေရှင်းနိုင်ခြင်းမရှိပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီမံကိန်းအသစ်များအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးမည်ဖြစ်ပြီး မြေဈေးကစားသည့် အနေအထားသာ ရောက်ရှိသွားမည်ဟု ဆွေးနွေး
Published 8 May 2018

ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နံှမှုဖြင့် တည်ဆောက်လည်ပတ်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါစက်မှုဇုန်ကို တွေ့ရစဉ်

ရှိပြီးသားစက်မှုဇုန်များ၏ မပြည့်စုံမှုများကို ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိပါက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီမံကိန်းအသစ်များအပေါ် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု နည်းပါးမည်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် မြေဈေးကစားသည့် အနေအထားသာရောက်ရှိသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့သော ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ 0ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာ (၂၀၁၈-၂၀၂၁) နှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ ကျင်းပသည့် မေ ၅ ရက်တွင် ကိုယ်စားလှယ်များက ဆွေးနွေးကြရာ ဦးရန်ရှင်းက အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရှိပြီးသားစက်မှုဇုန်တွေက အားနည်းချက် မပြည့်စုံမှုတွေကို စနစ်တကျ စီမံချက်ချ ဖြေရှင်းဆောင်ရွက်နိုင်တာ မရှိဘူးဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက စီမံခန့်ခွဲမှုအားနည်းမှု၊ မပြည့်စုံမှုတွေကိုထောက်ပြပြီး ထပ်မံအကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်း အသစ်တွေပေါ်မှာလည်း ရင်နှီးမြှုပ်နှံရန် စိတ်ဝင်စားမှုနည်းပါးမှာ မုချဧကန်မလွဲပါပဲ။ နောက်ဆက်တွဲရလဒ်ကတော့ စက်ရုံထူထောင် ရင်းနှီးမြှုပ်နှံသူတွေထက် ငွေကြေး ပိုလျှံသူတွေက နေရာတွေဝယ်ထားပြီး မြေဈေးပြန်ကစားတဲ့ အနေအထားပဲ ရောက်ရှိသွားမှာ ဖြစ်ပါတယ်”ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

ထို့ပြင် အစီရင်ခံစာတွင်ပါရှိသည့် ရန်ကုန်မြို့တွင် ပြည်တွင်းစက်မှုဇုန် ၂၉ ဇုန်ရှိပြီး လုပ်ငန်းလည်ပတ်လျက်ရှိသော်လည်း မြေဈေးကြီးမြင့်မှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သော ရေ၊ လျှပ်စစ်၊ လမ်းနှင့် ရေဆိုးစွန့်ပစ်မှုစနစ် မလုံလောက်မှုတို့ကြောင့် နိုင်ငံတကာအဆင့်ရှိ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိတ်ဝင်စားမှုနည်းပါးကြောင်း တွေ့ရှိသည်ဆိုသော အချက်ကို ဖြည့်ဆည်းရန်အတွက် လက်ရှိအစိုးရအနေဖြင့် တာဝန်ရှိကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး စက်မှုဇုန်အသစ်များသာ ပေါ်ထွန်းလာပြီး ရှိပြီးသားစက်မှုဇုန် အားလုံးနီးပါးသည် လိုအပ်ချက်ပေါင်းများစွာ ရှိနေသည်ကို အထူးသတိထားရန်လိုကြောင်း၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများရှိ စက်မှုဇုန်များကို လေ့လာကြည့်ရာတွင် မြေဈေး သက်သာရုံသာမက သွင်းကုန်ထုတ်ကုန် ပြုလုပ်ရန်အတွက် လိုအပ်ချက်မရှိအောင် အပြိုင်အဆိုင် ဆောင်ရွက်ပေးထားသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်ရောက်နေသည်ကို တွေ့ရှိရကြောင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များသည် ရေ၊ မီး မလုံလောက်သည့်အပြင် လမ်းပန်းအခက်အခဲနှင့် ကျူးကျော်ပြသနာများလည်း ရှိသောကြောင့် စီမံချက်ချဆောင်ရွက်ရန်လိုကြောင်း ဦးရန်ရှင်းက ပြောကြားသည်။

Most Read

Most Recent