တရုတ်အတက် မြန်မာအချက်

တရုတ်အတက် မြန်မာအချက်
Published 6 May 2018

တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ အနှစ် (၄၀) ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံတကာမှ ဂျာနယ်လစ်များကို တရုတ် အကြီးစားဆောက်လုပ်ရေးလုပ်ငန်း၏ ပရောဂျက်တစ်ခုကို ပြသထားစဉ်

၁၉၇၈ ခုနှစ်မှာ စတင်ခဲ့တဲ့ တရုတ်ပြည်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် တရုတ်ခေတ်သစ်ကွန်မြူနစ်လမ်းစဉ်ရဲ့ စီးပွားရေးပေါ်လစီ အစိတ်အပိုင်းဟာ ၂၀၁၈ ခုနှစ်မှာ နှစ်ပေါင်း ၄၀ ပြည့်မြောက်ခဲ့ပါတယ်။

ခေတ်သစ်တရုတ်နိုင်ငံအတွက် အရေးပါ အရာရောက်တဲ့ ပြုပြင်ပြောင်းလဲမှုကြီးကို အဓိက ဦးစီးပဲ့ကိုင်ခဲ့သူကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ပဲ ဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခေတ်သစ်ကို တည်ဆောက်ခဲ့သလို ဒုတိယမြောက် တရုတ်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပိတ်ထားတဲ့ ပြတင်းပေါက်တွေကို စနစ်တကျ၊ ဗျူဟာမြောက်စွာ ဖွင့်နိုင်ဖို့ လမ်းပြဦးဆောင်ခဲ့သူလည်းဖြစ်သလို စစ်အေးခေတ်လက်ဝဲဂိုဏ်းမှာ လမ်းသစ်ဖောက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို ဒုတိယမြောက် တော်လှန်ရေးလို့လည်း အမည်တပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက် ပြုပြင်ပြောင်းလဲရေးမူ လေးချက်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီအချက်တွေကတော့ (၁) ဖြည်းဖြည်းမှန်မှန် ပြုပြင်ပြောင်းလဲ ယူလာခြင်းများ၊ (၂)ဗဟိုဦးစီးစနစ် လျှော့ချလာခြင်းနဲ့ မက်လုံးများ၊ (၃)လက်တွေ့အလုပ်ဖြစ်စနစ်နဲ့ အကူးအပြောင်းဆိုင်ရာ အင်စတီကျူးရှင်းများ၊ (၄) ပြုပြင်ပြောင်းလဲမှုများကို အင်စတီကျူးရှင်းပုံစံ စနစ်ကျလာစေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

တံခါးဖွင့်ဝါဒနဲ့ ပတ်သက်လို့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “နိုင်ငံတစ်နိုင်ငံဟာ အိမ်တစ်အိမ်လိုပဲ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေရှိတယ်။ တံခါးပေါက်တွေကို ပိတ်ထားရင် လေကောင်းလေသန့် မရနိုင်ဘူး။ ယင်ကောင်တွေလည်း ဝင်မလာနိုင်ဘူး။ ဒါပေမဲ့ ပြတင်းပေါက်တွေကို ဖွင့်လိုက်ရင်တော့ လေကောင်းလေသန့်တွေ ဝင်လာမယ်။ အဲဒါနဲ့ တစ်ဆက်တည်း ယင်ကောင်တွေလည်း ပါလာမယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒီစကားဟာ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မူဝါဒ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။

၁၉၇၀ နှောင်းပိုင်းနဲ့ ၁၉၈၀ အစောပိုင်းကြားကာလမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့တာဖြစ်ပြီး ပထမဦးဆုံးခြေလှမ်း အနေနဲ့ စိုက်ပျိုးရေးကဏ္ဍကို အစိုးရကနေ လွတ်လပ်ခွင့် ပိုမိုပေးအပ်ခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနဲ့ စီးပွားရေး အမြော်အမြင်ရှိတဲ့ လုပ်ငန်းရှင်တွေကိုလည်း အခွင့်အရေးများ ဖန်တီးပေးခဲ့ပါတယ်။

ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ဟာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ အမျိုးသားကာကွယ်ရေးနဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍကြီး လေးခုကို ဦးစားပေး ဆောင်ရွက်ခဲ့တယ်။

တိန့်ရှောင်ဖိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လေးချက်သာမဟုတ်ဘဲ နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေးဦးဆောင်မှုနဲ့ ရေရှည်ခံတည်ငြိမ်တဲ့ မျိုးဆက်တွေကို အာဏာလွှဲပြောင်းရေးကိုပါ စနစ်တကျ ဖန်တီးခဲ့ပါတယ်။ ခေါင်းဆောင်ဖြစ်လာမယ့်သူတွေကို စနစ်တကျ မွေးမြူပြီး အမွေဆက်ခံတဲ့စနစ်နဲ့ အမွေလွှဲပြောင်းပုံ အဆင့်ဆင့်ကို ဖန်တီးပေးခဲ့တာပါ။

ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အောင်မြင်ခဲ့တာဖြစ်ပြီး တိန့်ရှောင်ဖိန် ရာထူးကဆင်းခဲ့တဲ့ ၁၉၉၂ မှာတော့ တရုတ်နိုင်ငံက ဆင်းရဲတွင်းက လွတ်ခဲ့သလို ချမ်းသာပြီး ခေတ်မီတဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။

၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ ခုနှစ်တွေမှာ အစိုးရပိုင်လုပ်ငန်း ကဏ္ဍတွေကို ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝင်ရောက်လုပ်ကိုင်နိုင်အောင် လုပ်ပေးတဲ့အပြင် အလွန်တင်းကျပ်ခဲ့တဲ့ စည်းကမ်းပိုင်းတွေကိုလည်း လျှော့ချပေးခဲ့ပါတယ်။ အဲဒီခြေလှမ်းနှစ်လှမ်းအပြီးမှာ တရုတ်စီးပွားရေး အရှိန်အလွန် မြင့်တက်လာပြီး ၂၀၁၃ အထိ နှစ်စဉ်စီးပွားရေး တိုးတက်မှုနှုန်းက ၉ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၁ ဒသမ ၅ ရာခိုင်နှုန်းအထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးက မြန်နှုန်းမြင့် ဖွံ့ဖြိုးတိုးတက်နေပြီး ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်း တန်ဖိုးက တရုတ်ယွမ်ငွေ ဘီလျံ ၅၄၀၀၀ ကနေ ဘီလျံ ၈၀၀၀၀ အထိ (အမေရိကန်ဒေါ်လာ ဘီလျံ ၈၀၀၀ မှ ဘီလျံ ၁၂၀၀၀ အထိ) တိုးပွားလာတာကြောင့် တစ်ကမ္ဘာလုံးရဲ့ ဒုတိယနေရာမှာ တည်ရှိနေပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်ရေးအင်အား (trading volume) က အမေရိကထက် ဒေါ်လာသန်း ၁၀၀ ပိုများနေပါတယ်။

အလီဘာဘာနည်းပညာကုမ္ပဏီ

နှစ် ၄၀ ပြည့် လေ့လာရေးခရီး

တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်မူဝါဒ ကျင့်သုံးခဲ့တဲ့ အနှစ် ၄၀ ပြည့် အထိမ်းအမှတ်အနေနဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံက မီဒီယာတွေကို ဖိတ်ခေါ်ပြီး တရုတ်နိုင်ငံ ပေကျင်း၊ ဟန်ကျိုးနဲ့ စန်းကျန့်မြို့တွေကို လေ့လာရေးခရီးအဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီလေ့လာရေးခရီးအတွက် ဖိတ်ကြားခံခဲ့ရတဲ့ နိုင်ငံတွေကတော့ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ မွန်ဂိုလီးယားနဲ့ မလေးရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံကို နှစ်ဦးနှုန်းနဲ့ မီဒီယာသမား ၂၀ ကို ဖိတ်ကြားခဲ့တာပါ။
လေ့လာရေးခရီးမှာ ပထဆုံးအနေနဲ့ ပေကျင်းမြို့ရဲ့ နိုင်ငံတကာ ပူးပေါင်းရေးစင်တာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီနဲ့ တွေဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ ကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရာမှာ တရုတ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ သုတေသနနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ဆောင်ချက်တွေကို သိခွင့်ရခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ၂၀၀၁ ခုနှစ်မှာ မြန်နှုန်းမြင့် ရထားလမ်းတွေကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။ တစ်နာရီကို ကီလို ၃၅၀ နှုန်းနဲ့ ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။ မြန်နှုန်းမြင့်မားတဲ့ ရထားလမ်းတွေရဲ့ စုစုပေါင်းအရှည်ဟာ ၂၀၀၀၀ ကီလိုမီတာရှိပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ရထားလမ်းစုစုပေါင်းအရှည် ကီလိုမီတာ ၃၀၀၀၀ အထိ မြှင့်တင်သွားမယ်လို့ ကော်မတီက တာဝန်ရှိသူတွေက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ အခြေခံ အဆောက်အအုံတွေ၊ အထူးသဖြင့် ပြည်တွင်းလမ်းပန်းဆက်သွယ်ရေး အပိုင်းမှာ အရှိန်မြင့်ရထားစနစ်နဲ့ အမြန်လမ်းဆောက်လုပ်ရေးတွေမှာ ကျွန်တော်တို့က ကမ္ဘာမှာ ပထမပါ။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံက OBOR လမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့နိုင်ငံတွေကို ရင်းနှီးမြှုပ်နှံမှုနဲ့ ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ အဆင်ပြေတာပါ။ တရုတ်ပြည်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း လွယ်ကူစွာ ဝင်လာနိုင်တာပါ” လို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ ၂၀၀၁ ခုနှစ်က တရုတ်နိုင်ငံမှာ တက္ကသိုလ်ပေါင်း ၁၀၂၂ ခုသာ ရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ တက္ကသိုလ်ပေါင်း ၂၈၂၄ ခု ရှိလာပါတယ်။ ၂၀၁၆ မှာ နိုင်ငံခြားကျောင်းသားပေါင်း ၄၄၀၀၀၀ ကျော် တရုတ်မှာ လာရောက် ကျောင်းတက်နေပြီး ထက်ဝက်လောက်က Belt and Road Initiative နိုင်ငံတွေကနေလာတဲ့ ကျောင်းသားတွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တက္ကသိုလ်ကျောင်းသားဦးရေ ၃၇ သန်းအထိ ရှိလာပါတယ်။

တရုတ်နိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ တစ်ရှိန်ထိုး တိုးတက်နေပေမယ့် စာသင်ကြားမှု နည်းလမ်းတွေနဲ့ စာမေးပွဲဖြေဆိုနိုင်မှုကို အရေးပေးနေသေးတဲ့ စနစ်ဟောင်းတွေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။

တရုတ်ကျောင်းသားတွေအနေနဲ့ နိုင်ငံခြားထွက် စာသင်နေတာက ကမ္ဘာမှာ အများဆုံးဖြစ်ပြီး UNESCO ရဲ့ ၂၀၁၇ စာရင်းတွေအရ တရုတ်ကျောင်းသား ၈၀၀၀၀၀ ကျော်က အနောက်နိုင်ငံတွေမှာ စာသင်ယူနေကြပါတယ်။

ကမ္ဘာပေါ်မှာ ၂၀၃၀ ပြည့်နှစ်ကျရင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျီနီယာ၊ သင်္ချာ (Science, Technology, Engineering, Maths) ဘွဲ့ရတွေ အများဆုံးက တရုတ်ပြည်ဖြစ်မယ်လို့ The Economist Intelligence Unitreport က ခန့်မှန်းထားပါတယ်။

“ယှဉ်ပြရမယ်ဆိုရင် ကျွန်တော်တို့မိဘတွေပါဝင်တဲ့ မျိုးဆက်ရဲ့ ပညာရေးခရီးက အများဆုံး ငါးနှစ်နဲ့ ခြောက်နှစ်အထိပါပဲ။ အခု လက်ရှိအချက်အလက်တွေအရကတော့ ၁၃ နှစ်နဲ့ ၁၄ နှစ်ဖြစ်ပါတယ်။ ဥပမာဆိုရင် ကျွန်တော်တို့ တရုတ်ပြည် အလုပ်သမားသုံးယောက်မှာ တစ်ယောက်ကနေ နှစ်ယောက်ကတော့ ပညာရေးကို ၁၃-၁၄ နှစ်အထိ သင်ကြားသွားနိုင်ဖို့ အလားအလာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အလုပ်သမား အရင်းအမြစ်က ပညာတတ်တွေဖြစ်မှသာ တရုတ်ရဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွေကို အထောက်အကူပြုနိုင်မှာဖြစ်တယ်။ ပညာရေးဆိုတာ နိုင်ငံတိုးတက်ရေးအတွက် အရမ်းလိုက်ဖက်တဲ့ တွဲဖော်ပါပဲ” လို့ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တရုတ်ပြည်က ပြုပြင်ပြောင်းလဲရေးခရီးစဉ်နဲ့ Belt and Road (OBOR) မဟာဗျူဟာမှာ သုတေသန (Research and Development) က ထိပ်တန်းအရေးကြီးဆုံး ကဏ္ဍတစ်ခုအဖြစ် ပါဝင်ပြီး ၂၀၁၈ ခုနှစ်မှာ တရုတ်အစိုးရက သုတေသနလုပ်ဖို့အတွက် ဘတ်ဂျက်အဖြစ် ဒေါ်လာ နှစ်ဘီလျံ ထုတ်ပေးထားပါတယ်။

သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန (Ministry of Science and Technology) က ဘတ်ဂျက်ကို ခေတ်သစ်အဆင့်မြင့် နည်းပညာတွေဖြစ်တဲ့ Internet of things ဉာဏ်ရည်တု (Artificial Intelligence) စတဲ့ လေ့လာဖန်တီးမှုတွေလုပ်ပြီး လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ အနာဂတ်အတွက် နည်းပညာများ၊ စိုက်ပျိုးရေးသိပ္ပံပညာများ၊ ကျန်းမာရေးနည်းပညာများနဲ့ အခြေခံကျတဲ့ နည်းပညာများအတွက် အသုံးချမယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်မှာ သုတေသနအဖြစ် အထူးပရောဂျက်ပေါင်း ၄၀၊ သာမန်ပရောဂျက်ပေါင်း ၆၀၀ ကျော် လုပ်နေပြီး ၂၅ ဒသမ ၂ ရာခိုင်နှုန်းက အဆင့်မြင့်နည်းပညာတွေနဲ့ ပတ်သက်တယ်လို့ သိရပါတယ်။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သုတေသန ဘတ်ဂျက်အတွက် ထိပ်တန်းခေါင်းစဉ်နှစ်ခုက တရုတ်နိုင်ငံရဲ့ လေထု ညစ်ညမ်းမှုလျှော့ချရေးနဲ့ ပင်လယ်ရေနက်အောက် အသုံးပြုနိုင်မယ့် နည်းပညာနဲ့ ပစ္စည်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

သုတေသနလုပ်ငန်းနဲ့ ပတ်သက်လို့ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလမ်းစဉ်နဲ့ သုတေသနအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး နှစ်ခုချိတ်မိပြီးနောက်ပိုင်း တော်တော်လေး ခရီးတွင်ခဲ့ပါတယ်။ ကျွန်တော်တို့က ပြည်တွင်းမှာ လွတ်လပ်တဲ့ ပြည်တွင်းဖြစ်ပုဂ္ဂလိက သုတေသနကုမ္ပဏီများ ပေါ်ပေါက်ဖွံ့ဖြိုးဖို့ အားပေးခဲ့တာ အရေးကြီးပါတယ်။ အဲဒီလိုမပေါ်ပေါက်ခင် ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီတွေကိုပဲ အားကိုးခဲ့ရတာပါ။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းထုတ်ကုန် ၄ ဒသမ ၅ ရာခိုင်နှုန်းလောက်ကို ကျော်လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်သုံးစွဲခဲ့တာကြောင့် အခုလက်ရှိမှာ ကျွန်တော်တို့ရဲ့ အဆင့်မြင့် လမ်းပန်းဆက်သွယ်ရေးစတဲ့ အောင်မြင်မှုများ ရရှိခဲ့တာပါ” လို့ ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကတော့ နိုင်ငံတကာက အတုယူလောက်စရာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့အတူ လွန်ခဲ့တဲ့ နှစ် ၃၀ ကစလို့ လူသန်းပေါင်း ၇၀၀ လောက်ကို ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအရေအတွက်က ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း တစ်နှစ်ဝင်ငွေ တရုတ်ယွမ် ၂၃၀၀ (အမေရိကန်ဒေါ်လာ ၃၄၈) သာရရှိတဲ့ ဝင်ငွေနည်းဆင်းရဲသား လူတန်းစားဦးရေကို ပျမ်းမျှတစ်နှစ် လူ ၁၃ သန်း ဒါမှမဟုတ် တစ်မိနစ်ကို လူ ၂၀ အထိ လျော့ကျအောင် လုပ်ဆောင်ခဲ့သလို ဝင်ငွေတိုးပွားလာအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်းကစလို့ တရုတ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရေရှည်စီမံကိန်းတွေကို အစပျိုးဆောင်ရွက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းတစ်ခုကို တည်ထောင်ကာ အထူးရန်ပုံငွေ ခွဲဝေပေးခဲ့ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသတွေကို ရွေးချယ်စိစစ်ပြီး ဗဟိုအစိုးရနဲ့ ချမ်းသာကြွယ်ဝတဲ့ အိမ်နီးချင်းဒေသတွေက ဆယ်စုနှစ်များစွာ ငွေကြေး၊ နည်းပညာနဲ့ တခြားအထောက်အပံ့များ ပံ့ပိုးကူညီပေးခဲ့တာပါ။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူ ဝါဒကို ပိုမိုစုံလင်ကျယ်ပြန့်ပြီး ဆင်းရဲသားလူတန်းစားတို့ရဲ့ လိုအပ်ချက် အမျိုးမျိုးနဲ့ အံဝင်ခွင်ကျဖြစ်မယ့် မူဝါဒများကို ၂၀၁၃ ခုနှစ်မှာ အစားထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံကို သုံးစွဲမယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖိန်က ကျေးလက်ဒေသတွေမှာ ဆင်းရဲနွမ်းပါးမှုကို ၂၀၂၀ မတိုင်မီ အပြီးသတ်ပပျောက်အောင် ဆောင်ရွက်သွားဖို့ ကတိပြုထားပြီး လူပေါင်း ၄၃ သန်းလောက်ရဲ့ ဝင်ငွေနဲ့ စားဝတ်နေရေးကို မြှင့်တင်ပေးဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

CCCC ကုမ္ပဏီ၏ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍တင်ပြချက်

CCCC ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

နောက်ထပ်လေ့လာခွင့် ရရှိခဲ့တဲ့ ကုမ္ပဏီကတော့ ပေကျင်းမြို့က CHINA COMMUNICATIONS CONSTRUCTION (CCCC) ကုမ္ပဏီပဲ ဖြစ်ပါတယ်။ CCCC ဟာ ကမ္ဘာ့တတိယနိုင်ငံတကာ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး နိုင်ငံ ၁၄၈ နိုင်ငံမှာ ရုံးခွဲပေါင်း ၂၃၇ ခု ရှိတာ ကြော့် နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ကုမ္ပဏီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါ့အပြင် CCCC ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာမှာ တာဝန်ယူထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

“ကျွန်မတို့အနေနဲ့ CCCC နဲ့ မြန်မာနိုင်ငံအစိုးရကြားမှာ ဒေသတွင်းဈေးကွက်အတွက် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ ကောင်းမွန်သထက် ပိုမို ကောင်းမွန်လာပါတယ်။ ဒါကြောင့် ကျွန်မတို့ဆီက လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအများအပြားကို မြန်မာနိုင်ငံ ဈေးကွက်ထဲကို စေလွှတ်ခဲ့ပါတယ်။ CRPC နဲ့ CCCC အပါအဝင် အမှတ်တံဆိပ်သုံးမျိုးကို ဈေးကွက်ထဲမှာ မိတ်ဆက်ခဲ့ပါတယ်။ နောင်ကိုလည်း အစီအစဉ်သစ်တွေ ထပ်မံမိတ်ဆက်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မေးမြန်းမှုအပေါ် ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားပါတယ်။

ဒါပေမဲ့ Eleven Media Group ကနေ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်အခြေအနေထိရောက်ပြီနဲ့ ဘယ်လိုသဘောတူညီချက်မျိုးနဲ့ လုပ်ဆောင်နေတယ်ဆိုတာကို မေးမြန်းရာမှာ ကုမ္ပဏီဘက်က တာဝန်ယူဖြေကြားမယ့် အကြီးအကဲ မရှိသေးတာကြောင့် အဖြေတိတိကျကျ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းတစ်ခုလုံးကို လေ့လာဆန်းစစ်မှု ပြုလုပ်ဖို့ မြန်မာနိုင်ငံက News Yangon Development ကုမ္ပဏီ (NYDC) နဲ့ တရုတ်နိုင်ငံက CCCC ကုမ္ပဏီတို့ ပဏာမမူဘောင် သဘောတူညီမှုစာချုပ် (Framework Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ လိုအပ်သလို တစ်ဖက်ကလည်း အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် မျှော်မှန်းပါတယ်။ ဒါ့အပြင် အခြေခံပြည်သူလူထုတွေအတွက် အခွင့်အလမ်းပေါင်းများစွာရမယ့် စီမံကိန်းတစ်ခုအဖြစ်နဲ့ မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် တရုတ် မြန်မာနှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကိုလည်း ဖော်ဆောင်နိုင်ပြီး ဒီစီမံကိန်းဟာ ပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့် မြို့သစ်ကြီးတစ်ခုလုံးကို လေ့လာဆန်းစစ်မှု တစ်ခုပြုလုပ်ဖို့ CCCC ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

CCCC ဥက္ကဌ Mr. Chen Fenjian က CCCC ကုမ္ပဏီက မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတို့အတွက် အရေးပါတဲ့ စီမံကိန်းတစ်ခုကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အရင်အစိုးရလက်ထက် စတင်ခဲ့တဲ့ မြေနေရာထဲက မြေဧက၂၀,၀၀၀ မှာ ပထမအဆင့် စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး စီမံကိန်းပြီးပါက အနည်းဆုံး လူဦးရေသုံးသန်းကျော် နေထိုင်နိုင်မယ့်အပြင် အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်းကျော် ဖန်တီးပေးနိုင်မယ်လို့ ရန်ကုန်တိုင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့သစ်ကို အကောင်အထည်ဖော်ရာမှာ ရွာမြို့ ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာရှည်တဲ့ ပင်မလမ်းကြောင်း၊ ၁၀ ကီလိုမီတာရှိတဲ့ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေသန့်နဲ့ ရေဆိုးထုတ် စက်ရုံတွေ ပါဝင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းမှာ အခြေခံတည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပါက ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တိုင်းအစိုးရက ကျပ် ၁၀ ဘီလျံ အသုံးပြုထားပြီး NYDC ကုမ္ပဏီ ထူထောင်ထားပါတယ်။

အဲဒီကုမ္ပဏီမှာ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌဖြစ်ပြီး လုပ်ငန်းရှင် ဦးသိမ်းဝေက ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးဟံထွန်း၊ စင်ကာပူဝန်ကြီးဟောင်း George Yeo၊ ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အရာရှိဟောင်း ဦးထွန်းမြတ်တို့က ဒါရိုက်တာအဖြစ် ပါဝင်ပါတယ်။

တရုတ် အနာဂတ်ပြုပြင်ပြောင်းလဲနှင့် ပတ်သက်၍ ဂျာနယ်လစ်များအား ရှင်းပြစဉ်

တရုတ်နိုင်ငံ နိုင်ငံတကာစီးပွားရေး ကူးလူးဆက်ဆံရေးစင်တာနဲ့ OBOR

နောက်တစ်နေ့မှာတော့ တရုတ်နိုင်ငံ နိုင်ငံတကာစီးပွားရေးကူးလူး ဆက်ဆံရေးစင်တာ (CCIEE) ကို သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ စင်တာက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံက စတင်အဆိုပြုခဲ့တဲ့ ခေတ်သစ်ပိုးလမ်းမကြီး အကြောင်းကို ရှင်းပြခဲ့ပါတယ်။

ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှုမှာ အရင်ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်းနဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးတို့ ပါဝင်ပြီး အာရှဒေသကို ဥရောပ၊ အာဖရိကတို့နဲ့ ဆက်သွယ်ပြီး ကုန်သွယ်မှု၊ အခြေခံအဆောက်အအုံ ကွန်ရက်တွေ တည်ထောင်ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒီအစပျိုးမှုကို ဖော်ဆောင်တဲ့ အနေနဲ့ နိုင်ငံတကာ အဆင့်အမြင့်ဆုံး အစည်းအဝေးအဖြစ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် (Belt and Road Forum for International Cooperation) ကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ၂၀၁၇ ခုနှစ် မေလ ၁၄ ရက်ကနေ ၁၅ ရက်အထိ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၉ နိုင်ငံကနေ အစိုးရခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုကို ထောက်ခံခဲ့ကြသလို အနည်းဆုံး နိုင်ငံပေါင်း ၄၀ နဲ့ တရုတ်က သဘောတူ လက်မှတ်ရေးထိုးထားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်က နိုင်ငံတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘီလျံ ၅၀ ကျော် ရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနိုင်ငံတွေက စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ပေါင်း ၅၆ ခုကိုလည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များက တည်ထောင်ထားပြီး ဖြစ်ပါတယ်။ ထိုဇုန်တွေကနေ အခွန်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံနီးပါး ရရှိခဲ့ပြီး ဒေသခံ အလုပ်အကိုင်ပေါင်း ၁၈၀,၀၀၀ ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် အပတ်စဉ် တရုတ်နိုင်ငံကနေ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်က နိုင်ငံပေါင်း ၄၃ နိုင်ငံနဲ့ တိုက်ရိုက်လေကြောင်း ပျံသန်းမှု ရှိနေပါပြီ။ ရထားလမ်းကြောင်းများကိုလည်း မြန်နှုန်းမြင့် ရထားလမ်းများအဖြစ် လုပ်ဆောင်ခဲ့သလို တရုတ်-ဥရောပ ကုန်တင်ရထားလမ်း ၃၉ ခုကလည်း လည်ပတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်-မြန်မာစီးပွားရေး စြင်္ကံလမ်း၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ နှစ် နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်၊ နှစ်နိုင်ငံလမ်းများနဲ့ လျှပ်စစ်ကွန်ရက် အပြန်အလှန် ဆက်သွယ်မှု၊ ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု၊ ရန်ကုန်မြို့သစ် တည်ဆောက်မှုစတဲ့ စီမံကိန်းတွေက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

၂၀၁၇ ခုနှစ် မေလတုန်းက နှစ်နိုင်ငံသဘောတူစာချုပ် ငါးခုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် လီခချန်းတို့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီစာချုပ်တွေထဲမှာ စီးပွားရေး ပိုးလမ်းမရပ်ဝန်းတစ်ခုနှင့် (၂၁) ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်လည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးကူးလူး ဆက်ဆံရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ တရုတ်-မြန်မာစီးပွားရေးစြင်္ကံ ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံနဲ့ အတူတကွ လက်တွဲအလုပ်လုပ်နေပါတယ်။ ယူနန်ပြည်နယ်၊ ရွှေလီကနေစပြီး မြန်မာနိုင်ငံ ကျောက်ဖြူမြို့အထိ ဖြစ်ပါတယ်။ အဲဒါကရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတဲ့ စီမံကိန်းဖြစ်ပြီး အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံ ရန်ကုန်မြို့ပါပဲ။ လက်ရှိမှာလည်း ကျောက်ဖြူမြို့မှာ ပင်လယ်ပြင်ထွက်ပေါက်နဲ့ ချိတ်ဆက်ထားတဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း ရှိပါတယ်။ အဲဒီစီမံကိန်းက သိပ်ကိုအရေးကြီးသလို ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံရှိ တခြားဒေသတွေဆီ ရောက်ရှိနိုင်တဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ လူကြီးမင်းတို့ မြင်တွေ့တဲ့အတိုင်းပဲ တရုတ်ပြည်သူတွေဟာ တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစြင်္ကံအတွက် လိုက်လျောညီထွေရှိမှုကို ပြသနေပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်မှုဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ယူဆမိပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ နယ်နိမိတ်ချင်း၊ တောင်တန်းချင်း ယှက်သွယ်ထိစပ်နေပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်မယ့် နောက်ထပ်ဆုံချက်တစ်ခု ဖြစ်သလို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဟာ နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်ရှိနေပြီဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်” လို့ Eleven Media Group ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။

လေ့လာရေးခရီးစဉ်အတွင်း နောက်ထပ် သွားရောက်လေ့လာ ဖြစ်တဲ့နေရာတွေကတော့ ပန်းချီ ပန်းပုတွေပြထားတဲ့ အနုပညာခန်းမတွေ၊ China Hollyweed နဲ့ Shulan Health ဆေးရုံမှာ ဆေးပညာရပ်ဆိုင်ရာ တိုးတက်မှုတွေကိုလည်း လေ့လာခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီး နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ CHINA ARTIFICIAL INTELLIGENCE TOWN၊ Alibaba ကုမ္ပဏီ၊ Huawei ကုမ္ပဏီနဲ့ Shenzhen Aerospace Dong-fanghong HIT Satellite ကုမ္ပဏီတွေကို လေ့လာခွင့် ရခဲ့ပါတယ်။

ဒီလိုနည်းပညာကုမ္ပဏီတွေကို လေ့လာရာမှာ ခေတ်မီတိုးတက်လှတဲ့ နည်းပညာတွေကို ကုမ္ပဏီတွေက မိတ်ဆက်ရှင်းလင်းပြသတဲ့အပြင် အနာဂတ်မှာ ဆက်လက်လုပ်ဆောင်မယ့် အကြောင်းအရာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

လေ့လာခဲ့ရတဲ့ တရုတ်ခရီးစဉ် တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍတွေမှာ အမြန်နှုန်းနဲ့ တိုးတက်မှုတွေ ရှိနေတဲ့အပြင် အဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နည်းပညာပိုင်းတွေကလည်း အံ့မခန်း တိုးတက်နေတာကို တွေ့ခဲ့ရပါတယ်။

တရုတ်နိုင်ငံ စန်းကျန့်မြို့တွင်း တစ်နေရာ

တရုတ်အတက် မြန်မာအချက်

တရုတ်ပြည်ဟာ အင်အားကြီးနိုင်ငံဖြစ်ဖို့ ၂၀၂၀ မှာ ဆင်းရဲနွမ်းပါးမှု အားလုံးပပျောက်ရေး၊ ၂၀၃၅ မှာ စက်မှုနိုင်ငံအဆင့်ကို ရောက်ရှိရေးနဲ့ ၂၀၅၀ မှာ ဆိုရှယ်လစ်အင်အားကြီး နိုင်ငံဖြစ်ရေးဆိုတဲ့ အဆင့်သုံးဆင့်နဲ့ သွားနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ယှဉ်ရင် မြန်မာနိုင်ငံကတော့ ပြောင်းပြန်အချိုးကျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ့စီးပွားရေးက ကျဆင်းနေတဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရခိုင်အရေးကလည်း နိုင်ငံတကာဖိအားတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတွေ့နိုင်ဖို့ တရုတ်က ကြားဝင်ဆောင်ရွက်နေတာတွေရှိသလို ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားကို တရုတ်က ဟန့်တားမှုတွေကို လုပ်ပေးနေတာကြောင့် NLD အစိုးရအနေနဲ့ အရင်အစိုးရတွေလိုပဲ တရုတ်မှတစ်ပါး အားကိုးရာမရှိပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်သက်ဆိုး မရှည်စေဖို့နဲ့ ရခိုင်အရေးမှာ နိုင်ငံတကာဖိအားကို ရှောင်လွှဲနိုင်ဖို့ဆိုရင် တစ်ခုတည်းသော မျှော်လင့်ချက်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်နေဖို့ လိုသလို ပြည်ထောင်စုကြီး ရေရှည်တည်တံ့ဖို့အတွက် တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အား အကူအညီ အများကြီးလိုပါတယ်။

နောက်တစ်ခုက တရုတ်နိုင်ငံကနေ ငွေကြေးအကူအညီရယူထားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပဉ္စမအများဆုံး ရယူထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ AidData အဖွဲ့ရဲ့ စစ်တမ်းကို ကိုးကားပြီး တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က ၂၀၁၇ ခုနှစ် အောက်တိုဘာတုန်းက ထုတ်ပြန်ထားပါတယ်။

တကောင်းနိုင်ငံရေးလေ့လာမှု အဖွဲ့ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံက ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ငွေကြေးအကူအညီ စုစုပေါင်း ဒေါ်လာနှစ်ဘီလျံ ရယူထားတယ်လို့ သိရပါတယ်။

ဒီအချက်အလက်တွေအရ ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံက တတ်နိုင်သမျှ ကူညီနေရတဲ့အပြင် ငွေကြေးအပိုင်းမှာလည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ အကြွေးနွံမှာ နစ်နေပါတယ်။ ဒီလိုအချိန်မှာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမကြီး အစီအစဉ်ဟာ မြန်မာနိုင်ငံအတွက်တော့ ယူတတ်ရင် နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမြတ်အများကြီးရရှိနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လည်းဖြစ်ပြီး နိုင်ငံတကာဖိအားအောက် လွတ်မြောက်နိုင်တဲ့ အခြေအနေမျိုးကိုလည်း တရုတ်ဘက်က ဖန်တီးပေးနိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံက စီမံကိန်းအများအပြား လုပ်ဆောင်ဖို့ရှိနေတာကလည်း တရုတ်နဲ့ မြန်မာကြားမှာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးထက် အကျိုးစီးပွား ဆက်ဆံရေးကသာ အဓိကကျနေတာ တွေ့ရပါတယ်။

ဒါကြောင့် လက်ရှိကြုံတွေ့နေရတဲ့ ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်နေရတဲ့ အခြေအနေမျိုးမှာ NLD အစိုးရအနေနဲ့ တိုင်းပြည်အခက်မတွေ့အောင် တရုတ်ရဲ့ပြုပြင်ပြောင်းလဲမှုမှာ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်မှသာ မြန်မာနိုင်ငံဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ်လို့ မျှော်လင့်နိုင်တဲ့ ကောက်ရိုးတစ်မျှင်သာ ဖြစ်ပါလိမ့်မယ်။

Most Read

Most Recent