ရှဉ့်တက်ရာမှ ထရန်စဖော်မာပျက်ပြီး မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်မီး ငါးရက်ဆက်ပြတ်တောက်ကာ ပြည်သူများ ရေအခက်တွေ့

ရှဉ့်တက်ရာမှ ထရန်စဖော်မာပျက်ပြီး မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်မီး ငါးရက်ဆက်ပြတ်တောက်ကာ ပြည်သူများ ရေအခက်တွေ့
Published 5 May 2018

မကွေးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံအတွင်း လုပ်ငန်းဆောင်ရွက်နေကြစဉ် (ပုံကြီး) နှင့် ထရန်စဖော်မာပေါ် တက်ခဲ့သည့် ရှဉ့်ကို တွေ့ရစဉ် (ပုံသေး)

မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မကြီးကန်ကျေးရွာအနီးရှိ ပင်မလျှပ်စစ်ဓာတ်အား ခွဲရုံအတွင်းရှိ ထရန်စဖော်မာပေါ်သို့ ဧပြီ ၃၀ ရက် နံနက် ၆ နာရီကျော်က ရှဉ့်တက်ရာမှ Phase ထရန်စဖော်မာနှစ်လုံး ပျက်စီးပြီး မကွေးမြို့နှင့် ရေနံချောင်းမြို့တို့တွင် လျှပ်စစ်မီး ငါးရက်ဆက် ပြတ်တောက်ကာ ပြည်သူများ ရေအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

ပျက်စီးခဲ့သည့် ထရန်စဖော်မာများ နေရာတွင် အစားထိုးရန် စစ်ကိုင်းတိုင်းဒေသကြီး ညောင်ပင်ကြီး လျှပ်စစ်ဓာတ်အားခွဲရုံမှ သယ်ဆောင်လာသည့် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ မကွေးမြို့သို့ မေ ၄ ရက် နံနက်က ရောက်ရှိခဲ့ကြောင်း၊ သို့သော် မူလထရန်စဖော်မာများ ဖယ်ရှားရန်နှင့် အစားထိုးမည့် ထရန်စဖော်မာများ တပ်ဆင်ပြီး ဆီထည့်စမ်းသပ်ရန် မေ ၄ ရက်မှ နောက်ထပ် အနည်းဆုံး သုံးရက်ကျော် ကြာမြင့်ဦးမည်ဖြစ်ကြောင်း မကွေးမြို့ လျှပ်စစ်ခွဲရုံမှူး ဦးဇော်ဖိုးလှိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းသို့ ထရန်စဖော်မာများ ပျက်စီးခဲ့မှုကြောင့် မကွေးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ လျှပ်စစ်ပမာဏ ၇၅ ရာခိုင်နှုန်းခန့် ပြတ်တောက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျန်ရှိလျှပ်စစ်လိုင်း တစ်လိုင်းဖြင့် မကွေးမြို့ပေါ် ရပ်ကွက်များနှင့် ရေနံချောင်းမြို့အတွက် အုပ်စုလေးစုခွဲ၍ တစ်နေ့လျှင် ခြောက်နာရီ အလှည့်ကျ လျှပ်စစ်မီး ပေးဝေလျက်ရှိကြောင်း၊ လျှပ်စစ်မီး စတင်ပြတ်တောက်ခဲ့သည့် ဧပြီ ၃၀ ရက် ညနေပိုင်းမှစ၍ မကွေးမြို့ပေါ်ရပ်ကွက် အချို့တွင် ရေအခက်အခဲများ ကြုံတွေ့လာရပြီး ဆေးရုံ၊ စာသင်တိုက်၊ စာသင်ကျောင်း စသည့်အနေရာများအတွက် လူမှုရေး ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများက ရေလှူဒါန်း ပေးနေရကြောင်း သိရသည်။

“ကျွန်တော်တို့ တတ်နိုင်သမျှ နေ့နေ့ညည ကြိုးစားနေပါတယ်။ အဲဒီကနေမှ ဝန်အားအပြည့် မပေးနိုင်တောင်မှ အလင်းရောင်လေး ရရှိရေး၊ အဓိက ရေရရှိရေးအတွက် အလှည့်ကျမီးအားပေး စနစ်နဲ့ နိုင်တဲ့ဝန်ကို မျှပြီးပေးနေရပါတယ်” ဟု မကွေးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ ခွဲရုံမှူး ဦးဇော်ဖိုးလှိုင်က ပြောကြားသည်။

“ရာသီဥတုက ပူပြင်းလွန်းတဲ့ အချိန်မှာ မီးကရက်ဆက် ပြတ်သွားတော့ လူတွေမှာ နေစရာမရှိပါဘူး။ အဓိကတော့ ရေအခက်အခဲတွေ ဖြစ်ပါတယ်။ ကမ်းနားက မြစ်ရေသယ်ရောင်းသူတွေဆီမှာပေမယ့် သူတို့ကလည်း အလျဉ်မီအောင် မပေးနိုင်ပါဘူး။ လျှပ်စစ်မီးက ရနိုင်သမျှ အလှည့်ကျ ပေးထားတော့ မီးလာတဲ့ အချိန်လေးမှာ ရေအတွက် အဓိက စီစဉ်ရပါတယ်။ ဒါပေမဲ့ အဲဒီလာတဲ့အချိန်လေးမှာပဲ လူတွေက စုသုံးရတော့ အချိန်ပြည့်လည်း သုံးမရကြပါဘူး။ လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးနေသူတွေကိုလည်း ကိုယ်ချင်းစာပါတယ်” ဟု မကွေးမြို့ စိုးကောမင်းရပ်မှ ပြည်သူတစ်ဦးက ပြောကြားသည်။

မကွေးမြို့ ရွာသစ်ရပ်ကွက်မှ ဦးကျော်စွာက “အပြစ်လည်း မပြောချင်ပါဘူး။ ဒါတွေက စက်ပစ္စည်းရဲ့ သဘောတရားအရတော့ ဖြစ်မှာပါပဲ။ အခန့်မသင့်လို့ တိရစ္ဆာန်တွေကြောင့် ဖြစ်သွားတယ် ဆိုတာကတော့ သူတို့အမြဲတမ်း ပြောနေတာပေါ့။ မြွေဝင်တယ်၊ ကြွက်ဝင်တယ်၊ အခုတစ်ခါလည်း ရှဉ့်ဝင်တယ်။ အဲဒီလိုဟာမျိုးကို မဖြစ်အောင် ကျွန်တော်တို့က ဘယ်လိုကာကွယ် တားဆီးနိုင်မလဲ။ ကျွန်တော်က ပြည်သူတစ်ယောက်အနေနဲ့ နားမလည်ဘူး။ ဒါပေမဲ့ ဒါမျိုးတွေကို ကာကွယ်တားဆီးနိုင်မယ် ဆိုရင်တော့ ဒီလိုပြဿနာ မဖြစ်ပါဘူး” ဟု ပြောကြားသည်။

“လျှပ်စစ်မီး လေးငါးရက် ပြတ်သွားတယ် ဆိုတာက ကျွန်တော်တို့ မြို့ပေါ်နေ ပြည်သူတွေအနေနဲ့ မီးမရှိတာ၊ အလင်းရောင် မရှိတာက နေလို့ရပါတယ်။ သောက်သုံးရေ မရှိရင်တော့ နေလို့မရပါဘူး။  သုံးရေအတွက် အခုလို အတိုင်းအတာ တစ်ခုအနေနဲ့ သုံးနာရီခြားတစ်ခါ၊ ခြောက်နာရီခြားတစ်ခါ ပေးနေတာတော့ အဆင်ပြေပါတယ်။ ရေရှည် နောက်တစ်ကြိမ် ဒါမျိုးဖြစ်လာရင် ဘယ်လိုစီစဉ်မယ် ဆိုတာတော့ စဉ်းစားထားသင့်ပါတယ်။ ဒီလို အကြီးကြီး ဖြစ်မသွားအောင် ဘယ်လိုကာကွယ်မလဲ။ ဖြစ်သွားရင်ကော ဘယ်လိုအမြန်ဆုံး ဆောင်ရွက်ပေးမလဲ ဆိုတာကို လက်ရှိအစိုးရနဲ့ ဝန်ကြီးဌာနတွေ အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် ကြိုပြီးစဉ်းစားထားသင့်ပါတယ်” ဟု ဦးကျော်စွာက ဆက်လက် ပြောကြားသည်။

မကွေးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှ ပျက်စီးသွားသည့် ထရန်စဖော်မာများအား အစားထိုးရန် နေပြည်တော်မှ လျှပ်စစ်ဝန်ထမ်းများလည်း လာရောက်ပူးပေါင်းလျက်ရှိကြောင်း  လျှပ်စစ်မီး ရက်ရှည်ပြတ်တောက် နေမှုကြောင့် မကွေးမြို့ပေါ်ရှိ စက်ပစ္စည်းဆိုင်များတွင် မီးစက်များလည်း အဝယ်လိုက်နေကြောင်း မကွေးမြို့နေ ပြည်သူအချို့သည် ရေချိုးရန်အတွက် မီးလာသည့် အပိုင်းအလိုက် ဆွေမျိုးနီးစပ်နှင့် မိတ်ဆွေများအိမ်သို့ သွားရောက်ရခြင်း ဧရာဝတီမြစ်သို့ဆင်း၍ ရေချိုးရခြင်းများ ရှိလာကြောင်း သိရသည်။

 

Most Read

Most Recent