ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးယံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေနေသူ အများအပြား သေဆုံး

ဖားကန့်ရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးယံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေနေသူ အများအပြား သေဆုံး
Published 4 May 2018

ဓာတ်ပုံ - ရွှေဆိုင်းတောင်

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီလုပ်ကွက် တစ်ခုအတွင်း မေလ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်ခုံကမ်းပါးယံ ပြိုကျမှု ဖြစ်ပွားရာ ပြင်ပမှ ရေမဆေးကျောက် ရှာဖွေနေသူ အများအပြား မြေစာပိ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၄ ရက်၊ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီးရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ လုပ်ကွက်အမှတ် (၅၅၈) အတွင်း ကမ်းပါးယံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ကျောက်မျက်ရွှေပြည်ကုမ္ပဏီ လုပ်ကွက်မှ အလျားပေ ၁၀၀၊ အနံထု ပေ ၂၀ ခန့်ရှိ ကမ်းပါးယံသည် အမြင့်ပေ ၂၀၀ ခန့်မှ အောက်ဘက်ရှိ စိမ်းရွှေဝါ ကုမ္ပဏီလုပ်ကွက် အမှတ် ၄၄၄ အတွင်းသို့ လျှောကျခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပြိုကျမှုကြောင့် ကုမ္ပဏီ လုပ်ကွက်အတွင်း ပြင်ပမှ ဝင်ရောက် ကျောက်တူးဖော်နေကြသည့် ရေမဆေးကျောက် ရှာဖွေသူ အများအပြား မြေစာပိ သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ရွှေဆိုင်းတောင်

“အခုပြိုကျတာက စွန့်ပစ်မြေစာပုံ မဟုတ်ဘူး။ လုပ်ကွက်ထဲက ကမ်းပါးပြိုကျတာပါ။ မတူးဖော်ရသေးတဲ့ ကျောက်ကမ်းပါးပါ။ အဲဒီမှာ ရေမဆေးတွေက ဝင်တူးတဲ့အချိန်မှာ ပြိုကျတာပါ။ ဒီလုပ်ကွက်က သူတို့လုပ်ငန်းနားတဲ့အချိန်ဆို ရေမဆေးသမားတွေက ဒီလိုပဲ ဝင်တူးနေကြတာပါ။ အခုလည်း လုပ်ငန်းနားတဲ့ ဒီလိုမနက်စောစောအချိန်မှာ ဝင်တူးကြရင်း ပြိုကျမှုဖြစ်တာပဲ။ ဒီနေရာက အန္တရာယ် ရှိနေတာတော့ ကြာပါပြီ။ ရေမဆေးသမားတွေကလည်း ရဲလွန်းတယ်။ ကျောက်ကြော ကောင်းပြီဆို ဘယ်လောက် အန္တရာယ်များများ ရှာကြတာပဲ” ဟု ဝှေခါကျေးရွာဒေသခံ ကိုမင်းမင်းက ပြောကြားသည်။

ကမ်းပါးယံပြိုကျမှုကြောင့် မြေစာများအတွင်း နစ်မြုပ်ပျောက်ဆုံးနေသူများအား ကုမ္ပဏီမှ ဘက်ဟိုးယာဉ် ၇ စီးဖြင့် ရှာဖွေမှု ပြုလုပ်ခဲ့ရာ ရုပ်အလောင်း ၁၇ လောင်း တူးဖော်တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့မှာ ရေမဆေးကျောက် ရှာဖွေသူများသာဖြစ်ပြီး ၎င်းတို့၏ အမည်များ သိရပြီ ဖြစ်သော်လည်း ကိုယ်ရေးအချက်အလက်မှာ စိစစ်ဆဲသာ ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓာတ်ပုံ - ရွှေဆိုင်းတောင်

ရုပ်အလောင်း ရှာဖွေမှုအား ရှေ့တန်း ခလရ (၄၂၁) မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းရှာဖွေမှု ဆက်လက်ပြုလုပ်နေပြီး ဒဏ်ရာရရှိထားသူ များကိုလည်း ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း၊ ဒဏ်ရာရရှိထားသူမှာ စုစုပေါင်း ၆ ဦးရှိသည့်အနက် နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ ၎င်းတို့၏ အခြေအနေမှာလည်း စိုးရိမ်ရကြောင်း သိရသည်။

 

Most Read

Most Recent