သံမဏိနှင်းဆီ ဂျာနယ်အယ်ဒီတာ အသတ်ခံရမှုတွင် တရားစွဲဆို ခံရသူများအား သေဒဏ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် စွဲချက်တင်အမိန့်ချ

သံမဏိနှင်းဆီ ဂျာနယ်အယ်ဒီတာ အသတ်ခံရမှုတွင် တရားစွဲဆို ခံရသူများအား သေဒဏ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် စွဲချက်တင်အမိန့်ချ
Published 4 May 2018

ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်၏ အယ်ဒီတာအသတ်ခံရမှုမှ တရားစွဲဆိုခံရသူများအား သေဒဏ်အထိ ချမှတ်နိုင်သော ပုဒ်မအပါအဝင် အခြားပုဒ်မများဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် မေ ၃ ရက်က စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား ၂၀၁၇ ခုနှစ် မေ ၁၈ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီးနောက် တရားရုံးမှ ဆက်လက်စစ်ဆေးခဲ့ပြီး အမှုမှ တရားစွဲဆိုခံထားရသော ကျူးလွန်သူ အောင်ကိုကိုအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) ဖြင့်လည်းကောင်း၊ အောင်ကိုကိုနှင့်အတူ အခင်းဖြစ် ဂျာနယ်တိုက်သို့ လိုက်ပါလာခဲ့ပြီး ဓားဖြင့်ထိုးသတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည် ဟုဆိုသော ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ကိုကို၏ဇနီး မအယ်နီ (ခ) ရိုစီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂ ဖြင့်လည်းကောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက မေ ၃ ရက်တွင် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး ၉ တရားခွင်၊ တရားရုံးအမှုအမှတ် ၁၂၆/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ပြီး ကျူးလွန်သည့် အောင်ကိုကို အပါအဝင် သုံးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/၂၀၁/၂၀၂ တို့ဖြင့် သေဆုံးသူ သံမဏိနှင်းဆီ ဂျာနယ်တိုက်အယ်ဒီတာ ကိုဝေယံဟိန်း၏ ဖခင်ဦးစိန်အုပ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စွဲချက်တင် အမိန့်ချမှတ်ခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) ပုဒ်မမှာ သေဒဏ်အထိ ချမှတ်နိုင်သောပုဒ်မဖြစ်ကြောင်းနှင့် ပုဒ်မ ၂၀၂ မှာ ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်သော ပုဒ်မဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဧပြီ ၁၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်ခန်းအတွင်းမှ အပုပ်နံ့ထွက်နေကြောင်း ပတ်ဝန်းကျင်နေသူတစ်ဦးက ကိုဝေယံဟိန်း၏ဖခင် ဦးစိန်အုပ်ကို အကြောင်းကြားသဖြင့် ကိုဝေယံဟိန်း၏ မိသားစုဝင်များက ဝင်ရောက်ကြည့်ရှုရာ ကိုဝေယံဟိန်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ကိုဝေယံဟိန်းမှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် ပုဇွန်တောင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စုံစမ်းမှုများအရ သေဆုံးသူ သံမဏိနှင်းဆီဂျာနယ်၏ အယ်ဒီတာ ကိုဝေယံဟိန်းမှာ မအယ်နီ (ခ) ရိုစီကိုဆိုသူနှင့် Facebook မှတစ်ဆင့် ချစ်ကြိုက်ကာ မကြာခဏ ချိန်းတွေ့ခဲ့ကြကြောင်းသိရပြီး မအယ်နီမှာ နိုင်ငံခြားသင်္ဘောသား ကိုအောင်ကိုကို၏ ဇနီးတစ်ဦးဖြစ်သည်ဟု သိရှိခဲ့ရကြောင်း အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူ အောင်ကိုကိုအား ဧပြီ ၂၁ ရက်တွင် ဖမ်းဆီးရမိကြောင်းနှင့် ဂျာနယ်တိုက်သို့ ကိုအောင်ကိုကိုနှင့်အတူ လိုက်ပါပြီး ဓားဖြင့်ထိုးသတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုသော ပြည့်သူနိုင် (ခ) ဘုရားပွဲကို ဧပြီ ၂၂ ရက်တွင် ဖမ်းဆီးရမိကြောင်း၊ ယင်းနောက် အောင်ကိုကို၏ဇနီး မအယ်နီကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent