တရုတ်နှင့် ကိုရီးယားနိုင်ငံက ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များ ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ လာရောက်ဆွေးနွေး

တရုတ်နှင့် ကိုရီးယားနိုင်ငံက ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များ ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ လာရောက်ဆွေးနွေး
Published 4 May 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန် ဇုန်ဘီအတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-နီလာ)

တရုတ်နှင့်ကိုရီးယားနိုင်ငံတို့မှ ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ လာရောက်ဆွေးနွေးမှုများ ဆောင်ရွက်ထားကြောင်း မေ၂ ရက် Cooperative Business Centre တွင် ပြုလုပ်သည့် Yangon Investment Forum 2018 အကြိုသတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့ဆီကိုတော့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို အဓိကအားဖြင့် တောင်ကိုရီးယား၊ တရုတ်ပေါ့နော်။ တရုတ်ဘက်ကနေပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ စက်မှုဇုန်တွေဖော်ဆောင်ဖို့ လာပြီး ဆွေးနွေးမေးမြန်းတာတွေ ရှိပါတယ်” ဟု ရန် ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၏ မြေနေရာများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံပါက မြေငှားရမ်းခ အလွန်ဈေးကြီးနေသည့်အတွက် သင့်တင့်သော ဈေးနှုန်းဖြင့် ငှားရမ်းနိုင်ရန်အတွက် စက်မှုဇုန်အသစ်များ ဖော်ဆောင်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“လက်ရှိမှာ ရှိပြီးသား စက်မှုဇုန် ၃၀ ရှိပါတယ်။ ၃၀ မှာ လက်ရှိက မြေတွေက အကုန်လုံးက ပိုင်ရှင်တွေရှိပါတယ်။ ပိုင်ရှင်တွေက  သူတို့ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဘဲနဲ့လုပ်ဖို့ ကြန့်ကြာနေတဲ့မြေကွက်တွေလည်း ရှိတယ်။  အဲဒီတော့ အချို့လုပ်ငန်းရှင်တွေ နိုင်ငံခြား လုပ်ငန်းရှင်တွေလာတဲ့အခါ လက်ရှိမှာတော့ ရှိပြီးသား စက်မှုဇုန်ထဲက မြေတွေကို ငှားရမ်းပြီးတော့ လုပ်နေတာတွေ့ရပါတယ်။ အဲဒီလို ငှားရမ်းပြီးလုပ်ဆောင်တော့ မြေငှားရမ်းခ ကြီးမြင့်တာမျိုးတွေ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဆီကငှားတဲ့အခါ သူတို့ဆီကနေ မြေဈေးနှုန်း အပေါ်မူတည်ပြီး တစ်နှစ်တစ်ခါ  ဈေးတိုးတိုး တောင်းတာမျိုးဆိုတဲ့ အခက်အခဲမျိုးတွေရှိတယ်လို့ ကျွန်တော်တို့ဆီကို သတင်းပို့တာမျိုးတွေ ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် နှစ်ပေါင်းသုံးဆယ်ခန့်အတွင်း တည်ထောင်ထားသည့် စက်မှုဇုန်ပေါင်း ၃၀ နီးပါးရှိထားသော်လည်း လက်ရှိအချိန်အထိ စက်မှုဇုန်ဥပဒေ မရှိသေးသဖြင့် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်း ပြီးခဲ့သည့်မတ်လအတွင်းက လှိုင်သာယာ၊ ရွှေလင် ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားထားသည်။

“ရန်ကုန်မှာဆိုရင် စက်မှုဇုန်ပေါင်း ၂၉ ဇုန် တည်ထောင်ထားပါတယ်။ သီလဝါစက်မှုဇုန်က လွဲရင်ပေါ့။ လက်ရှိနိုင်ငံတကာစံချိန်မီအောင်ဆိုပြီးတော့ SEZ ဆိုတဲ့ စက်မှုဇုန်ကြီး တည်ထောင်နေပါပြီ။ စက်မှုဇုန်က အခုမှ စခါစပါ။ ဥပဒေက နည်းဥပဒေက အစ ပြီးသွားပါပြီ။ ကျွန်တော်တို့ စက်မှုဇုန်တွေ တည်ထောင်လာတာ နှစ်ပေါင်း ၃၀ ပြည့်ပါတော့မယ်။ အခုထိဥပဒေ မရှိသေးဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဌာနရဲ့ ညွှန်ကြားချက် ၁/၉၇ နဲ့ပဲ ညွှန်ကြားချက်စာအုပ်လေးနဲ့ပဲ လုပ်နေတာပါ။ ကျွန်တော်တို့ စက်မှုဇုန်စထောင်စဉ်က ဒီဥပဒေလိုတယ်ဆိုတာလည်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ရေးလည်း ရေးဆွဲနေပြီး အမြန်ဆုံးပြီးဖို့လိုပါတယ်” ဟု ဦးအေးသောင်းက ပြောကြားသည်။

ယင်းကဲ့သို့ စက်မှုဇုန်ဥပဒေမရှိခြင်းကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရန်ကုန်မြို့တွင်းရှိ အခြားစက်မှုဇုန်များသို့ ဝင်ရောက်လုပ်ကိုင်ရန် အခက်အခဲများရှိကြောင်း သိရသည်။

Most Read

Most Recent