ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် တစ်ရက်အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း မိုးဇလပညာရှင်ပြောကြား

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် တစ်ရက်အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း မိုးဇလပညာရှင်ပြောကြား
Published 1 May 2018

လေဖိအားနည်းရပ်ဝန်း ရွေ့လျားရာလမ်းကြောင်းပြမြေပုံကို တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် တစ်ရက်အတွင်း ဧရာဝတီကမ်းဘက်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“ကပ္ပလီပင်လယ်ပြင်ထဲက လေဖိအားနည်းရပ်ဝန်းက နောက်နှစ်ရက်အတွင်း ဧရာဝတီကမ်းဘက်ကို ဦးတည်နေပါတယ်။ သုံးသပ်ကြည့်ရင်တော့ ဧရာဝတီတိုင်းအရှေ့ခြမ်းကို ရွေ့ဖို့များတယ်။ တိုင်လေအင်အားနဲ့ လေရစ်ခွေမှုက သိပ်အားမကောင်းတာကို  တွေ့ရတယ်။ ရေငွေ့ရနိုင်မှုက ဧရိယာကျဉ်းတယ်။ ၃၀ ရက်ကနေ မေတစ်ရက်အတွင်းကမ်းကို မေးတင်မှာဖြစ်တယ်။ မုန်တိုင်းအဆင့်ရောက်ဖို့ခက်ပြီး ရောက်ခဲ့ရင်တောင် အားမကောင်းနိုင်ပါဘူး” ဟု ဦးချစ်ကျော်က ပြောကြားသည်။

သို့ရာတွင် လေဖိအားနည်းဆဲလ်များ၏ တိမ်တိုက်များသည် ကျစ်လျစ်နေသည့်အတွက် ကမ်းနားရောက်ခဲ့ပါက လေပြင်းများ တိုက်ခတ်နိုင်ကြောင်း၊ ဧရာဝတီကမ်းရိုးတန်း၊ စစ်တောင်းမြစ်ဝနှင့် ရန်ကုန်မြစ်၀ ကမ်းခြေများအနေဖြင့် သတိပြုရန်လိုအပ်ကြောင်း၊ မေ ၁ ရက်မှ ၂ ရက်အတွင်း ရှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ ပဲခူးတို့တွင် မိုးများနိုင်ကြောင်း၊ ဧရာဝတီကမ်းခြေတစ်လျှောက်တွင်လည်း မိုးပိုနိုင်ကြောင်း ဦးချစ်ကျော်က ဆက်လက်ပြောကြားသည်။

“မြစ်ဝကျွန်းပေါ်ဒေသနဲ့ မုတ္တမဒေသများကို ဦးတည်နေပါတယ်။ လေဖိအားနည်းကနေပိုမိုပြီးတော့ အားကောင်းလာနိုင်တယ်။ ယနေ့မှာတော့ လေဖိအားနည်း ဆဲလ်အဖြစ်သာ ရှိနေတယ်။ အားတော့ သိပ်မကောင်းဘူး။ မေ ၂ ရက်နေ့ ၃ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်ဆိုပြီး မော်ဒယ်တွေမှာ ဖော်ပြထားတဲ့အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားသင့်ပါတယ်၊ နေ့စဉ်နဲ့အမျှတော့ အပြောင်းလဲတွေရှိနိုင်တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီ ၃၀ ရက် ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မိုးဦးကာလသည် ၂၀၁၈ ခုနှစ် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်ထိဖြစ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။

ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း၊ မိုးရွာသွန်းမှုအခြေအနေသည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မိုးကြိုကာလအတွင်း မုန်တိုင်းတစ်ကြိမ်မှ နှစ်ကြိမ်ခန့် ဖြစ်ပွားလေ့ရှိပြီး မုန်တိုင်းများ၏ ၄၄ ရာခိုင်နှုန်းဝန်းကျင်သည် မြန်မာနိုင်ငံကို ဝင်ရောက်လေ့ရှိသည်ဟု သိရှိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံသည် မုန်တိုင်းသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရကာ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခု နှစ်တွင် ဘစ်ဂျ်လီမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီးသက်ရောက်ခဲ့ပြီး မေ၂ ရက်နှင့် ၃ ရက်များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။

Most Read

Most Recent