ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့လာရောက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ လက်ခံတွေ့ဆုံ

ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့လာရောက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ လက်ခံတွေ့ဆုံ
Published 1 May 2018

ဧပြီ ၃၀ ရက်က ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခံတွေ့ဆုံစဉ် (Photo – AFP)

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ ဧပြီ ၃၀ ရက်မွန်း လွဲပိုင်းတွင်ရောက်ရှိလာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အထူးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

UNSC ကိုယ်စားလှယ်အဖွဲ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံမှ သံတမန် ၂၆ ဦးပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိသော်လည်း ဧပြီ ၃၀ ရက် ည ၇ နာရီအထိ ရရှိသောသတင်းများအရ တွေ့ဆုံခြင်း ရှိ မရှိ မသိရပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့သည် မေ ၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာမည်ဖြစ်ပြီး မေ ၁ ရက် ညပိုင်းတွင် မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

ရခိုင်ပြည်နယ်သို့ရောက်ရှိစဉ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည့် မြန်မာနိုင်ငံသို့မလာရောက်မီ ဧပြီ ၂၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်နေကြသည့် ဘင်္ဂါလီဒုက္ခသည်များထံ သွားရောက်ခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်သည် မြန်မာနိုင်ငံကို နာမည်တပ်ကာ အရှက်ရစေရန် ရည်ရွယ်ခြင်း မဟုတ်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အခြေအနေများအား စောင့်ကြည့်နေသည့်အကြောင်း မြန်မာတို့ကို ရှင်းရှင်းလင်းလင်း သိစေရန်အတွက်ဖြစ်သည်ဟု ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သည့် ကူဝိတ်သံတမန် မန်ဆာအယ်အိုတိုင်ဘီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ရောက်ရှိစဉ်ပြောကြားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံမှ သံတမန်များက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအား သွားရောက်လေ့လာခဲ့ပြီးနောက် ခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကူဝိတ်သံအမတ်က လုံခြုံရေး ကောင်စီသည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအား နေရပ်သို့ ဘေးကင်းစွာနှင့် လွတ်လပ်စွာ ပြန်ခွင့်ရနိုင်ရန်အတွက် မြန်မာကိုဖိအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု AFP သတင်းဖော်ပြချက်အရ သိရသည်။

ကူဝိတ်သံအမတ် မန်ဆာအယ်အိုတိုင်ဘီက “ဒါက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူ့အခွင့်အရေးအကြောင်း အရာတစ်ခုပါ” ဟု ဘင်္ဂလားဒေ့ရှ်ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။

ကုလလုံခြုံရေးကောင်စီသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား လက်မှတ်ထိုးခဲ့သော ပြန်လည်လွဲှပြောင်းပေးရေး သဘောတူညီချက်အား အလျင်အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းများနှင့် လမ်းစဉ်များကို ရှာဖွေနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုခရီးစဉ်အား စီစဉ်ပေးခဲ့သော ကူဝိတ်နိုင်ငံမှ သံအမတ်အယ်အိုတိုင်ဘီက ပြောကြားခဲ့သည်ဟု AFP သတင်း ဖော်ပြချက်အရ သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများမှာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ အင်္ဂလန်နှင့် တရုတ်တို့ဖြစ်ပြီး အလှည့်ကျအဖွဲ့ဝင်နိုင်ငံများမှာ ဘိုလစ်ဗီးယား၊ အိုင်ဗရီကို့စ်၊ အီကွေတိုရီရယ်ဂီနီရာ၊ အီသီယိုးပီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ နယ်သာလန်၊ ပီရူး၊ ပိုလန်နှင့် ဆွီဒင်နိုင်ငံတို့ ဖြစ်သည်။

Most Read

Most Recent