ဘင်္ဂါလီများ ဘေးကင်းစွာနှင့် လွတ်လပ်စွာ ပြန်နိုင်ရန် မြန်မာကို လုံခြုံရေးကောင်စီက ဖိအားပေးမည်ဟု ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိစဉ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြား

ဘင်္ဂါလီများ ဘေးကင်းစွာနှင့် လွတ်လပ်စွာ ပြန်နိုင်ရန် မြန်မာကို လုံခြုံရေးကောင်စီက ဖိအားပေးမည်ဟု ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိစဉ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြောကြား
Published 1 May 2018

ဧပြီ ၃၀ ရက်က ဒါကာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကူဝိတ်သံအမတ် အယ်အိုတိုင်ဘီ (လယ်) က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (Photo - AFP)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်  နိုင်ငံ ၁၅ နိုင်ငံမှ သံတမန်များက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအား သွားရောက်လေ့လာခဲ့ပြီးနောက် လုံခြုံရေးကောင်စီသည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ။) မွတ်စလင်များအား နေရပ်သို့ ဘေးကင်းစွာနှင့် လွတ်လပ်စွာ ပြန်ခွင့်ရနိုင်ရန်အတွက် မြန်မာကို ဖိအားပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်သံအမတ်က ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်သို့ သုံးရက်ကြာခရီးစဉ်ပြီးဆုံးပြီး မြန်မာနိုင်ငံသို့ ထွက်ခွာလာစဉ် ကူဝိတ်သံအမတ် မန်ဆာအယ်အိုတိုင်ဘီက “ဒါက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူ့အခွင့်အရေး အကြောင်းအရာတစ်ခုပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာတပ်မတော်က ပြီးခဲ့သောနှစ် သြဂုတ်တွင် ရခိုင်ပြည်နယ်၌ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင် ၇၀၀၀၀၀ ခန့် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများကို ဧပြီ ၂၉ ရက်တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များက သွားရောက်လေ့လာခဲ့ကြသည်။ ထိုသံတမန်များသည် ဧပြီ ၃၀ ရက်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၎င်းတို့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ပဋိပက္ခအတွင်း မီးရှို့ခံခဲ့ရသောရွာများကို ရဟတ်ယာဉ်ပေါ်မှတစ်ဆင့် ကြည့်ရှုလေ့လာကြမည် ဖြစ်သည်။

ကုလလုံခြုံရေးကောင်စီသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား လက်မှတ်ထိုးခဲ့သော ပြန်လည်လွဲှပြောင်းပေးရေး သဘောတူညီချက်အား အလျင်အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းလမ်းများနှင့် လမ်းစဉ်များကို ရှာဖွေနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထိုခရီးစဉ်အား စီစဉ်ပေးခဲ့သော ကူဝိတ်နိုင်ငံမှ သံအမတ်အယ်အိုတိုင်ဘီက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာတို့သည် ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် ထိုသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သော်လည်း ဒုက္ခသည်တစ်ဦးကိုမျှ ပြန်မပို့သေးပေ။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက စိတ်ပျက်နေသော်လည်း သံတမန်အများအပြားကမူ ပြန်လည်လွဲှပြောင်းမှုသည် ဖြစ်နိုင်ခြေမရှိကြောင်း ပြောကြားခဲ့ကြသည်။ မြန်မာအား ထောက်ခံသော ရုရှားမှ ဒုတိယသံအမတ် ဒီမီထရီပိုလီယန်စကီးက လုံခြုံရေးကောင်စီသည် ကမ္ဘာ့အဆိုးရွားဆုံး ဒုက္ခသည်အကျပ်အတည်းတစ်ခုကို ဖြေရှင်းနိုင်ရန် မှော်ကြိမ်လုံးမရှိကြောင်း ဧပြီ ၂၉ ရက်တွင် သတိပေးခဲ့သည်။

Ref ; AFP

Most Read

Most Recent