ကွတ်ခိုင် နှင့် နမ့်ဖတ်ကာကြားတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရ

ကွတ်ခိုင် နှင့် နမ့်ဖတ်ကာကြားတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရ
Published 30 April 2018

ဓာတ်ပုံ - ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းပေါ် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားရှိ နမ့်ဖတ်လွန်းကျေးရွာ အနီးတွင် ဧပြီ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်က ခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် ပေ၂၀၀ ခန့်ရှိ ချောက်အတွင်း ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သောယာဉ်မှာ Winner Express မှန်လုံယာဉ် YGN 81/- - - - ခရီးသည်တင်ယာဉ်ဖြစ်ပြီး လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသောယာဉ် ဖြစ်ကြောင်း သိရသည်။

"ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားက နမ့်ဖတ်လွန်း အဆင်းမှာ ကားက ပေ၂၀၀ လောက်ရှိတဲ့ချောက်ထဲကို ထိုးကျတိမ်းမှောက်တာပါ။ အခု လူမှုကူညီရေး အသင်းတွေနဲ့ သက်ဆိုင်ရာက ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ သေဆုံးတာကတော့ သုံးဦးသေဆုံးပါတယ်။ ကားထဲမှာ ညှပ်နေတဲ့သူတွေလည်း ကျန်ပါသေးတယ်။အပြင်ကိုထုတ်ဖို့ လုပ်နေပါတယ်" ဟုကွတ်ခိုင်မြို့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ ဦးတင်ဝင်းက ပြောကြားခဲ့သည်။

ဓာတ်ပုံ - ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်း

ယာဉ်တိမ်းမှောက်မှုကြောင့် ကျားနှဟ်ဦး၊ မတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၄ဦး ရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးအနက် အတွင်းလူနာအဖြစ် ကျား ခုနစ်ဦး၊ မ နှစ်ဦး၊ ပြင်ပလူနာအဖြစ် ကျား ခြောက်ဦး၊ မကိုးဦး ကွတ်ခိုင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား မူဆယ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးလျက်ရှိနေပြီး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး ဒဏ်ရာရသူများအား လူမှုကူညီရေး အဖွဲ့များက သွားရောက် ကူညီလျက်ကြောင်း သိရသည်။

 

 

Most Read

Most Recent