နိုင်ငံ့ဝန်ထမ်းများ၏ လစာကို ယခုဧပြီလမှ စတင်တိုးမြှင့်ပေးမည်ဖြစ်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာတိုးမြှင့်မှုကို ကာကွယ်ရေးကောင်စီ၏ အတည်ပြုချက်ရယူ ဆောင်ရွက်မည်ဖြစ်ကာ ပင်စင်လစာ၊ ဒေသစရိတ်နှင့် အခြားတိုးမြှင့်ပေးမည့်လစာများကို သီးခြားထုတ်ပြန်ပေးမည်

နိုင်ငံ့ဝန်ထမ်းများ၏ လစာကို ယခုဧပြီလမှ စတင်တိုးမြှင့်ပေးမည်ဖြစ်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာတိုးမြှင့်မှုကို ကာကွယ်ရေးကောင်စီ၏ အတည်ပြုချက်ရယူ ဆောင်ရွက်မည်ဖြစ်ကာ ပင်စင်လစာ၊ ဒေသစရိတ်နှင့် အခြားတိုးမြှင့်ပေးမည့်လစာများကို သီးခြားထုတ်ပြန်ပေးမည်
Published 29 April 2018

နိုင်ငံ့ဝန်ထမ်းများ၏ လစာကို ယခုဧပြီလမှ စတင်တိုးမြှင့်ပေးမည်ဖြစ်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ လစာတိုးမြှင့်မှုကို ကာကွယ်ရေးကောင်စီ၏ အတည်ပြုချက်ရယူ ဆောင်ရွက်မည်ဖြစ်ကာ ပင်စင်လစာ၊ ဒေသစရိတ်နှင့် အခြားတိုးမြှင့်ပေးမည့်လစာများကို သီးခြားထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ဧပြီ ၂၉ ရက်တွင် အတည်ပြု ပြောကြားသည်။

ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည့် နှစ်သစ်မိန့်ခွန်းတွင် ဝန်ထမ်းများ လစာတိုးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်က “အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးပြီး အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ကျပ် ၁၂၀၀၀၀ မှ ကျပ် ၁၄၄၀၀၀ အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၅၀၀၀၀ သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် ယခုလိုစီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် သတိပြုစေလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့နောက် ယခုဧပြီလမှ စတင်ကာ ဝန်ထမ်းလစာ တိုးမြှင့်ပေးနိုင်ရေး ဝန်ကြီးဌာနများသို့ ညွှန်ကြားတွက်ချက်စေရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညွှန်ကြားပြီးနောက် လက်ရှိတွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုကာ ဧပြီ ၂၉ ရက် ရက်စွဲဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အမိန့်ကြော်ငြာစာ ၃၀/၂၀၁၈ ဖြင့် နိုင်ငံ့ဝန်ထမ်းလစာ ဧပြီလမှ စတင်တိုးမြှင့်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ဧပြီလက စတင်ပြီး ဝန်ထမ်းလစာ တိုးမြှင့်မယ်ဆိုတာ မှန်ကန်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ဧပြီ ၂၉ ရက်တွင် အတည်ပြု ပြောကြားသည်။

လက်ရှိလစာတိုးမြှင့်မှုကြောင့် နှစ်တိုးများကို လက်ရှိလစာနှုန်းများအတိုင်းပင် ဆက်လက် ခံစားခွင့်ပြုမည်ဖြစ်ပြီး လစာတိုးမြှင့်မှုကြောင့် နှစ်တိုးကျရောက်သည့်နေများ ပြောင်းလဲသွားမည် မဟုတ်ချေ။

လက်ရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်အပြင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းများတွင် ခန့်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများအတွက် လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး သီးခြားထုတ်ပြန်မည်ဖြစ်ပြီး ဒေသစရိတ်ခံစားခွင့်နှင့် ပတ်သက်ကာ တိုးမြှင့်သည့် လစာနှင့်အညီ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ ၃၀/၂၀၁၈ အရ သိရသည်။

ထို့ပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများနှင့် ခွင့်ပြုပေးနိုင်မည့် အငြိမ်းစားလစာ၊ ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုချက် ရယူဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများအနေဖြင့် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ တာဝန်ထမ်းဆောင်ချိန်မှသာ မိမိရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသည့် လစာနှုန်းသစ်ကို ခံစားရမည်ဖြစ်သည်။

အနည်းဆုံးအခကြေးငွေအဖြစ် တစ်နေ့လျှင် ကျပ် ၃၆၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပေးရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မတ် ၅ ရက်တွင် ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး အတည်ပြုပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားချိန်တွင် နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်က အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် ဝန်ထမ်းလစာတိုးမြှင့်ပေးမည်ဟု ပြောကြားခဲ့ခြင်းကြောင့် အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ သတ်မှတ်ရန် သေချာနေသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုမှသာ စတင်အသက်ဝင်မည်ဖြစ်ပြီး အလုပ်သမားများက အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ အတည်ပြုချိန်ကို မျှော်လင့်စောင့်စားနေသည်။

မြန်မာနိုင်ငံတွင် ဝန်ထမ်းလစာတိုးမြှင့်မှု၊ ရှားပါးစရိတ်နှင့် ထောက်ပံ့ကြေးပေးမှုများအဖြစ် လွတ်လပ်ရေးရပြီးစ ၁၉၈၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၃ ကြိမ် တိုးမြှင့်ပေးခဲ့ကာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၇/၂၀၁၅ ဆုံးဖြတ်ချက်အရ ၁၄ ကြိမ်မြောက် လစာတိုးမှုအဖြစ် နိုင်ငံ့ဝန်ထမ်းများ၏ လစာကို အနည်းဆုံး ကျပ် ၁၂၀၀၀၀ မှ အများဆုံး ကျပ်ငါးသိန်းအထိ တိုးမြှင့်ပေးခဲ့ပြီး လက်ရှိတိုးမြှင့်မှုမှာ ၁၅ ကြိမ်မြောက် လစာတိုးခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent