ထားဝယ်မြို့၌ သြင်္ကန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ ရိုက်နှက်မှုဖြစ်စဉ်အတွက် ထားဝယ်မြို့မရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူရန် ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြထား

ထားဝယ်မြို့၌ သြင်္ကန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ ရိုက်နှက်မှုဖြစ်စဉ်အတွက် ထားဝယ်မြို့မရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူရန် ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြထား
Published 29 April 2018

တိုင်းဒေသကြီး ရဲတပ်ဖွဲ့ခန်းမတွင် ဧပြီ ၂၇ ရက်က ကျင်းပသည့် မြို့မိမြို့ဖနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ရှင်းလင်းနေသည်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဧပြီ ၁၅ ရက် (သြင်္ကန်အကြတ်နေ့) က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက လူမှား၍ရိုက်နှက်မှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အတွက် ထားဝယ်မြို့မရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူရန် နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်ထံ တင်ပြထားသည်ဟု သိရသည်။

ထားဝယ်မြို့မရဲစခန်း၏ ရဲတပ်ဖွဲ့ဝင်များက ရဲမေအား ရေလောင်းခဲ့သူများကို သွားရောက်ဖမ်းဆီးရာမှ လူမှား၍ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ်တစ်ဦးနှင့် မှားယွင်းရိုက်နှက်ခံခဲ့ရသည့် လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီးနောက် ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းဦးဆောင်သည့် အဖွဲ့ဝင်သုံးဦးပါဝင်သော စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ၎င်းဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းကာ ဖြစ်စဉ်၌ပါဝင်ခဲ့သူများကို စတင်စစ်ဆေးစေခဲ့ကြောင်း၊ ခုံရုံးဖွဲ့စစ်ဆေးခြင်းကို ဧပြီ ၂၂ ရက်၌ ပြီးစီးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ သက်သေခံအကျဉ်းချုပ်ကို ရေးမှတ်မည်ဖြစ်ကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံ ဧပြီ ၂၅ ရက်က တင်ပြထားပြီး ဌာနချုပ်မှ ဆုံးဖြတ်သည့်အပေါ် မူတည်၍ အရေးယူဆောင်ရွက်သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

“အဲဒီမှာ မှားပြီးတော့ရိုက်တဲ့အခါမှာ တို့ရဲတပ်ဖွဲ့က ရဲတပ်ကြပ်တင်ကြိုင်နဲ့ အရပ်သား (ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းရိုက်နှက်ခြင်းခံရသူ) ခုနစ်ဦး ဒဏ်ရာရတာပေါ့။ တကယ်ကျူးလွန်တဲ့ အောင်ဇော်ထိုက်နဲ့ ရှစ်ဦးကိုတော့ လွှတ်ပြီးပြီ။ သူ့ဘာသာသူ အာမခံပေးပြီးနောက်ပိုင်း ဆက်လုပ်မှာပေါ့။ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူးကို ဥက္ကဋ္ဌထားပြီးတော့မှ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူးနှစ်ယောက်နဲ့ တာဝန်ပေးတယ်။ သူတို့ ၁၆ ရက်က စစစ်တယ်ပေါ့နော်။ ပထမဆုံးစစ်တာကတော့ မှားရိုက်ခံရတဲ့ ကလေးတွေကို မြို့နယ်မှူးကသူ့ရုံးမှာ အကုန်ခေါ်ပြီး စစ်လိုက်တယ်။ စစ်ပြီးတော့မှ အဲဒီတုန်းကပါသွားတဲ့သူ (ရဲတပ်ဖွဲ့ဝင်)တွေကို ထပ်ပြီးတော့စစ်တယ်။ အဓိက,ကတော့ အရိုက်ခံရတဲ့သူတွေကို စစ်တယ်။ ပထမဆုံးစစ်ဆေးတွေ့ရှိချက်က မြို့မရဲစခန်းမှူး ဒုရဲမှူးက ရဲစခန်းမှာ အချုပ်သားတွေရှိတဲ့အတွက် Base ထိုင်ခိုင်းထားတာ။ အဲဒီမှာအရန်အဖွဲ့တွေနဲ့ အသင့်နေလို့ သူ့ကိုတာဝန်ပေးထားပြီးသား။ အဓိက,က သြင်္ကန်မှာအားလုံးကို ခိုက်ရန်ဖြစ်တာတွေ ပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် သူတို့ကို အရန်ထားတယ်။ အဲဒီတော့သူသည် ဒုရဲမှူးတစ်ယောက်ဖြစ်တယ်။ ပြန်တမ်းဝင် အရာရှိတစ်ယောက်ဖြစ်တယ်။ ဒီအခင်းဖြစ်တဲ့အပေါ်မှာ ရဲမေလေးက ငိုယိုပြီး ပြောတဲ့အပေါ်မှာ အားလုံးအခင်းဖြစ်စဉ်ကို သေချာစိစစ်ပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရမယ့်ဟာကို မလုပ်ပေးနိုင်ဘူး။ မလုပ်ပေးနိုင်ဘဲနဲ့ သူပါ အပါအဝင်လိုက်သွားတဲ့ အနေအထားရှိတယ်။ အဲဒီတော့ သူ့မှာဘာတာဝန်ရှိလဲဆိုတော့ အခင်းဖြစ်နေရာမှာ ပြဿနာကို အေးအေးဆေးဆေး ဖြေရှင်းရမှာကို မဖြေရှင်းဘဲနဲ့ သူပါပါဝင်ပြီး လိုက်သွားတယ်။ နောက်ပြီး အခင်းဖြစ်လူငယ်တွေကို ထိန်းသိမ်းဖို့ မှာကြားစစ်ဆေးမှုမရှိတဲ့အတွက် ကြီးကြပ်မှုအားနည်းလို့ သူ့ကိုအရာရှိတစ်ယောက်အနေနဲ့ အရေးယူမယ်။ နယ်ထိန်းတာဝန်ခံ အရာရှိကလည်း သူ့တပည့်တွေကို သေသေချာချာ ကြပ်မတ်ကွပ်ကဲမှုကို အရာရှိဖြစ်လျက်သားနဲ့ မလုပ်နိုင်ဘူး အားနည်းတယ်။ ဒါက ရိုက်ရတဲ့ဟာ မဟုတ်ဘူး။ ဥပဒေနဲ့အညီပဲ အေးအေးဆေးဆေးဖြစ်အောင် ဆောင်ရွက်ရမယ့် အနေအထားပေါ့နော်။ သြင်္ကန်အတွင်းဆိုတော့ သူတို့ကိုထိန်းသိမ်းဖို့ တာဝန်ပေးထားတာ။ သူတို့ကိုယ်တိုင်ရိုက်တာဖြစ်တဲ့အတွက် မှားရိုက်တာရော ကြပ်မတ်မှု အားနည်းတာရောပေါ့နော်။ ဖြစ်စဉ်ကို သေချာမမေးမမြန်းဘဲနဲ့ အရမ်းလုပ်တဲ့အတွက် သူ့ကိုလည်းအရာရှိအနေနဲ့ အရေးယူဖို့ဆိုပြီး စုံခုံကထွက်တယ်။ ဌာနချုပ်က ဘယ်လိုအရေးယူမလဲ ဆုံးဖြတ်ချက်ကတော့ သိပ်မကြာခင် ထွက်လာလိမ့်မယ်ထင်တယ်” ဟု ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ရဲမေအား ရေလောင်းခဲ့သူများကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးရာမှ လူမှားရိုက်နှက်ခဲ့သည့်ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးသည် မိမိတပ်ဖွဲ့ဝင်များ စေလွှတ်ရာတွင် အခင်းဖြစ်နေရာ၌ ကျန်ရှိနေသည့် ဆိုင်ကယ်ကို ပြန်လည်သယ်ဆောင်ရန်သာ ညွှန်ကြားရမည်ဖြစ်သော်လည်း အခင်းဖြစ် လူငယ်များအား ထိန်းသိမ်းရန် မှာကြားစေလွှတ်ခဲ့သဖြင့် ကြီးကြပ်မှုကွပ်ကဲမှု အားနည်းခြင်း၊ နယ်ထိန်းတာဝန်ခံအရာရှိဖြစ်သူ ရဲအုပ်စိုးနိုင်သည် ဖြစ်စဉ်နေရာအား သေချာစွာအတည်မပြုခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်း၊ ကြပ်မတ်ကွပ်ကဲမှု အားနည်းခြင်း၊ လူမှားရိုက်နှက်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်သော ရဲတပ်ကြပ်တင်ကြိုင်၊ ရဲတပ်ကြပ် ချမ်းငြိမ်းထက်၊ ရဲဒုတပ်ကြပ်ဝေယံဦး၊ ရဲတပ်သား ဇေပိုင်ဖြိုး၊ ရဲတပ်သား မျိုးမင်းအောင်တို့သည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ ရော်ဘာတုတ်ဖြင့် ရိုက်နှက်ထိုးကြိတ်ခြင်း၊ ကိုယ်ထိလက်ရောက် ပြုမူဆောင်ရွက်ခြင်း၊ ရဲတပ်သား မခင်သက်ဝေသည် တပ်ပြင်သို့ ထွက်ခွာရာတွင် သတင်းပို့တင်ပြရန် ပျက်ကွက်ခြင်း၊ အခင်းဖြစ်နေရာအား မှားယွင်းပြသမှုကြောင့် မလိုလားအပ်သော အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဒုရဲမှူးအောင်နိုင်မိုးပါ ရှစ်ဦးအား ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်/ချုပ် မှတ်ယူမည်ဖြစ်ပြီး နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်ထံသို့ ဧပြီ ၂၅ ရက်က တင်ပြထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် ညနေပိုင်းက ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်သား ရဲမေဖြစ်သူမှာ သတ်မှတ်ယူနီဖောင်းနှင့် အရပ်မိုးကာအင်္ကျီအတိုကို ဝတ်ဆင်ကာ ကင်းတာဝန်ထမ်းဆောင်ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့်လာရောက်စဉ် ဥဿရံရပ်ကွက်၌ လူတစ်စုမှ ဆိုင်ကယ်ကိုတားဆီးကာ မိုးကာအင်္ကျီအား ဆွဲချွတ်ပြီး ဆိုင်ကယ်ဦးထုပ်အား ဆွဲလှန်ရေလောင်း၍ ဘယ်ရဲမှ ကြောက်စရာမလိုကြောင်းပြောဆိုကာ လက်ထဲတွင် ကိုင်ဆောင်ထားသော ပုလင်းဖြင့် ရိုက်မည်ပြုသဖြင့် ရဲမေက ဆိုင်ကယ်အား အခင်းဖြစ်နေရာတွင်ထားကာ ခြောက်ဖာလုံခန့်ဝေးသော ထားဝယ်မြို့မရဲစခန်းသို့ ထွက်ပြေးလာခဲ့ကြောင်း၊ ရဲမေက စခန်းမှူးအား သတင်းပို့ရာ စခန်းမှူး၏ ညွှန်ကြားချက်အရ ရဲအုပ်စိုးနိုင် ဦးစီးသည့် ၁၅ ဦးပါအဖွဲ့က သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး အခင်းဖြစ်နေရာသို့ သွားရောက်စဉ် ရဲမေက အခင်းဖြစ်နေရာအား မှားယွင်းပြသမှုကြောင့် အခြားသူများအား မှားယွင်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ခုံရုံးဖွဲ့စစ်ဆေးမှု မှတ်တမ်းအရ သိရသည်။

ရဲမေအား ရေလောင်းခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသော အောင်ဇော်ထိုက်ပါ ရှစ်ဦးကို ထားဝယ်မြို့မရဲစခန်းမှ (ပ) ၇၁၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၃၅၄/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး အခင်းဖြစ်ပွားခဲ့သည့်နေ့ ညပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ရဲမေအား ရေလောင်းခဲ့၍ ဖမ်းဆီးခံခဲ့ရသည့် လူငယ်များကမူ ၎င်းတို့အဖွဲ့အနေဖြင့် ရဲမေအားရေလောင်းရာတွင် ရဲမေဟုပြောသောကြောင့် ရေထပ်လောင်းလိုက်ရာ ရဲမေက ဒေါသထွက်၍ မိုးကာအားချွတ်ကာ လမ်းပေါ်သို့ ပစ်ချလိုက်ကြောင်း၊ ၎င်းတို့က ဆိုင်ကယ်အား ပြန်လည်ထောင်မတ်ပေး၍ မိုးကာကို ဆိုင်ကယ်ပေါ်သို့ တင်ပေးခဲ့ရာ ရဲမေမှ စခန်းကိုဖုန်းဆက်၍ ဆိုင်ကယ်ကို ထားခဲ့ကာနေရာမှ ထွက်သွားခဲ့ခြင်းဖြစ်ပြီး ရဲမေအား ရေပက်ခဲ့သည့်အဖွဲ့မှ တစ်ဦးမျှ ရဲမေအား ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းမရှိခဲ့ကြောင်း ပြောဆိုထားသည်။

Most Read

Most Recent