တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ မြစ်ဆုံ တန်ဖဲကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ မြစ်ဆုံ တန်ဖဲကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်
Published 27 April 2018

တိုက်ပွဲများကြောင့် အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ မြစ်ဆုံ တန်ဖဲကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြစဉ်

တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် အင်ဂျန်းယန်မြို့နယ်ရှိ ဇွပ်မိုင်ယန်၊ ပုန်ဆွေယန်၊ ဆွတ်ငိုင်၊ ဘွမ်ဆယ်ဇွပ်ကျေးရွာများမှ ဒေသခံပြည်သူ တစ်ထောင်ကျော်သည် ဧပြီ ၂၅ ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့ မြစ်ဆုံတန်ဖဲကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

ကေအိုင်အေ တပ်ရင်း (၄) နယ်မြေဖြစ်သည့် အင်ဂျန်းယန်မြို့နယ်ဘက်တွင် တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာခြင်းကြောင့် ယင်းနယ်မြေတွင် တိုက်ပွဲများ ပြင်းထန်နိုင်ခြင်းကြောင့် နှစ်ဖက်တပ်မှ တိမ်းရှောင်ပေးရန် ပြောဆိုခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများက ပြောကြားသည်။

ပုန်ဆွေယန်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသော ဒေါ်လုနန်က “မနေ့ကတည်းက တိမ်းရှောင်ခဲ့တယ်။ သက်ကြီးရွယ်အိုတွေပါတယ်။ သယ်ပိုးတဲ့သူကသယ်ပိုး။ ပစ္စည်းတွေကလည်း ကိုယ်နိုင်သလောက်ပဲယူခဲ့တယ်။ တစ်ညလုံး လမ်းလျှောက်တယ်။ အိပ်လည်းမအိပ်ရဘူး။ တချို့သက်ကြီးရွယ်အိုတွေဆို သေမလိုဖြစ်တဲ့သူလည်း ပါတယ်။ ဓာတ်မီး ရောထိုးလို့မရဘူး။ အမှောင်ထဲမှာ တစ်ညလုံး လမ်းလျှောက်ခဲ့တယ်” ဟု ပြောကြားသည်။

ထွက်ပြေးတိမ်းရှောင်လာသူများကို မြစ်ဆုံတန်ဖဲကျေးရွာ ကက်သလစ်ဘုရားကျောင်းတွင် ယာယီနေရာချထားမည်ဖြစ်ပြီး လိုအပ်ချက်အရ ညှိနှိုင်းလုပ်ဆောင်ခြင်းများ ပြုလုပ်သွားမည်ဟု အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က ပြောကြားသည်။

“အခုလောလောဆယ်တော့ ဘာသာရေး အဖွဲ့အစည်းတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ တာဝန်ရှိတဲ့သူတွေ အားလုံးစုပေါင်း ပြီးတော့ လောလောဆယ် အခြေနေအရ အနီးဆုံးဖြစ်တဲ့ တန်ဖဲမှာစခန်းချမယ်။ လိုအပ်ချက်အရ ညှိနှိုင်းပြီး ဆောင်ရွက်မယ်” ဟု ဒေါ်ဂျာဆိုင်းခေါန်က ပြောကြားသည်။

ကချင်ပြည်နယ်တွင် ယခုလအစောပိုင်းမှစ၍ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ကေအိုင်အေ တပ်ရင်း (၁၁)၊ (၁၄)၊ (၄) နယ်မြေရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။ အလားတူ ကချင်ပြည်နယ် ကဆုန့်ဒေသ တိုက်ပွဲများကြောင့် ဧပြီ ၂၂ ရက်တွင် စစ်ဘေးရှောင် ၈၀၀ နီးပါးနမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ တိမ်းရှောင်လာကြကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ ရက် ညနေပိုင်းတွင် ကဆုန့်ဒေသရှိ ကေအိုင်အေ တပ်မဟာ (၂) လက် အောက်ခံတပ်ရင်း (၁၁) ဝန်းကျင်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကဆုန့်ကျေးရွာ၊ ဇွတ်မိုင်ယန်ကျေးရွာမှ ရွာသူရွာသားများ နမ္မတီးမြို့နှင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ စစ်ရှောင်များကို ဘာသာရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ဝင်များက ကူညီမှုများလုပ်ဆောင်နေပြီး အစိုးရအဖွဲ့အစည်းများကလည်း မှတ်တမ်းကောက်ယူခြင်း၊ အိမ်ထောင်စုများ ကောက်ယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ လက်ရှိတွင် နမ္မတီးမြို့ လမ်းခွကျေးရွာရှိ KBC ကချင်နှစ်ခြင်းဘုရားကျောင်းတွင် ၃၁၁ ဦး၊ မြို့ဦးကက်သလစ်ကျောင်းတွင် ၁၈၂ ဦး၊ လမ်းခွကျေးရွာ ကစ်သလစ်ဘုရားကျောင်းတွင် ၁၀၄ ဦး၊ အပြင်ဆွေမျိုးများထံတွင် မှီခိုသူ ၁၈၉ ဦး၊ စုစုပေါင်း ၇၈၆ ဦးရှိနေကြောင်း သိရသည်။

နမ္မတီးမြို့ လူမှုကူညီရေးအသင်းမှ ဦးဝင်းဗိုလ်က “NLD လူငယ်တွေသံချပ်ဆုရတဲ့ ဆန်ငါးအိတ် လာလှူတယ်။ တိုက်ပွဲကြောင့် ကျေးရွာတွေမှာ သေဆုံးခဲ့ကြတာတော့ မရှိဘူး။ တပ်မတော်ကလည်း ရင်း (၁၁) နေရာကို ဝင်ယူလိုက်ပြီလို့ သိရတယ်။ စစ်ပြေးရယ်လို့တော့ မဟုတ်ဘူး။ ရှောင်လာကြတာပေါ့။ လောလောဆယ်တော့ ဘုရားကျောင်းတွေမှာပဲ။ ဆွေမျိုးအိမ်သွားတဲ့လူတွေလည်း ရှိနေသေးတယ်။ နောက်ထပ်လိုတာကို တတ်နိုင်သလောက် ဖြည့်ဖို့စာရင်းလာကြည့်နေတယ်။ ဟိုကဒီက လာလှူကြတာတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent