တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများ ရပ်တည်နိုင်ရေး နိုင်ငံသား လျှောက်ထားမှု ကိစ္စရပ်များ အဆင့်ဆင့် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောကြား

တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများ ရပ်တည်နိုင်ရေး နိုင်ငံသား လျှောက်ထားမှု ကိစ္စရပ်များ အဆင့်ဆင့် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောကြား
Published 22 April 2018

တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုအချို့ကို တွေ့ရစဉ်

တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် တိုင်းရင်းသားမျိုးနွယ်စုများ ၃၀၀ ကျော် ရှိနေပြီး ၎င်းတို့ ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များ၊ နိုင်ငံသား လျှောက်ထားမှုကိစ္စရပ်များ အဆင့်ဆင့် လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တစ်ဖက်နိုင်ငံမှ တိုင်းရင်းသား မျိုးနွယ်စုများလည်း ပြန်လည် ဝင်ရောက်လာခဲ့ရာ နေရာ ခုနစ်နေရာတွင် လူဦးရေ ၃၀၀ ကျော် ရှိသည့်အတွက် ၎င်းတို့ ရပ်တည်နိုင်ရေး အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များ၊ နိုင်ငံသား လျှောက်ထားမှုကိစ္စရပ်များ အဆင့်ဆင့် လုပ်ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊ လတ်တလောတွင် နေထိုင်ရေးကိစ္စများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှုလုပ်ငန်း၊ အသေးစားလုပ်ငန်းများ စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဧပြီ ၂၀ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဖော်ဝါရီ လကုန်ပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာသူများ မြန်မာနိုင်ငံ မောင်တောမြို့နယ်သို့ ဝင်ရောက်လာကြခြင်းဖြစ်ပြီး မတ် ၂၃ ရက်အထိ ရခိုင်နှင့် မြို/ဒိုင်းနက်လူမျိုး လူဦးရေ ၃၄၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကာ ၎င်းတို့သည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာငါးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ လက်ရှိအချိန်အထိ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာမှ ရခိုင်အိမ်ထောင်စု ၂၄ စု၊ စုစုပေါင်း လူဦးရေ ၈၁ ဦး၊ သစ်တုံးနားခွဆုံ ကျေးရွာသစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် လမားကျေးရွာမှ မြိုမိသားစု ၃၀၊ လူဦးရေ ၁၅၅ ဦးနှင့် ဒိုင်းနက်မိသားစု လေးစု၊ လူဦးရေ ၂၇ ဦး၊ စုစုပေါင်းလူဦးရေ ၁၈၂ ဦးနှင့် သုပဏ္ဏက ကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အလယ်ခေါ် တော်ခရိုင် ဘော်ဘီတီ ကျေးရွာမှ မြိုမိသားစု ၁၁ စု၊ လူဦးရေ ၆၃ ဦး၊ တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာတွင် ရခိုင်လူမျိုး ခြောက်ဦးနှင့် မီးတိုက်ကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် အလီခေါ် တောင်မြို့နယ် ရွမ်ဘို (ဒိုင်းနက်) ရွာမှ ဒိုင်းနက်လူမျိုး ၁၃ ဦးတို့ ရောက်ရှိနေခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၄၅ ဦး ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘိုးဘွား လက်ထက်ကပင် နေထိုင်ခဲ့သူများ ဖြစ်သော်လည်း နေထိုင် စားသောက်ရေး ခက်ခဲခြင်း၊ အစ္စလာမ်ဘာသာဝင်အချို့က လူမျိုးရေး၊ စီးပွားရေး အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဆွေမျိုးများနှင့် ဆက်သွယ်ကာ ၎င်းတို့ဆန္ဒအလျောက် မြန်မာနိုင်ငံတွင် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ပြောင်းရွှေ့ ဝင်ရောက်လာသူများအား ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက် ရှိသည်။

လတ်တလော စားရေးသောက်ရေး၊ နေထိုင်ရေး အခက်အခဲ မရှိစေရေးအတွက် CRR အပါအဝင် လူမှုကူညီရေးအဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီထားကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ထွက်ပြေး ရောက်ရှိနေသည့် ရခိုင်၊ မြို၊ ဒိုင်းနက်လူမျိုးများကို မြန်မာနိုင်ငံတွင် ယာယီနေထိုင်ခွင့်ပါမစ် (IP) ကတ်များ ထုတ်ပေးမည်ဟု မောင်တောခရိုင် လဝကမှ သိရသည်။

Most Read

Most Recent