အမှုထမ်းများအတွက် ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းများအတွက် ၁၀ ရာခိုင်နှုန်း ဝန်ထမ်းလစာတိုးမြှင့်မှု ယခုဧပြီလမှစ၍ တိုးမြှင့်ပေးနိုင်ရေး တွက်ချက်ရန် စီမံ/ဘဏ္ဍာသို့ အစိုးရအဖွဲ့ ညွှန်ကြား

အမှုထမ်းများအတွက် ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းများအတွက် ၁၀ ရာခိုင်နှုန်း ဝန်ထမ်းလစာတိုးမြှင့်မှု ယခုဧပြီလမှစ၍ တိုးမြှင့်ပေးနိုင်ရေး တွက်ချက်ရန် စီမံ/ဘဏ္ဍာသို့ အစိုးရအဖွဲ့ ညွှန်ကြား
Published 20 April 2018

အမှုထမ်းများအတွက် ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းများအတွက် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးမည့် ဝန်ထမ်းလစာတိုးမြှင့်မှုကို ယခုဧပြီလမှစတင်ပြီး တိုးမြှင့်ပေးနိုင်ရန် တွက်ချက်စီစဉ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၁၉ ရက်တွင် ပြောကြားသည်။

ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည့် နှစ်သစ်မိန့်ခွန်းတွင် ဝန်ထမ်းများ လစာတိုးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးပြီး အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီးဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ကျပ် ၁၂၀၀၀၀ မှ ကျပ် ၁၄၄၀၀၀ အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၅၀၀၀၀ သို့ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် ယခုလိုစီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် သတိပြုစေလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့နောက် ယခုဧပြီလမှစ၍ ဝန်ထမ်းလစာတိုးမြှင့်ပေးနိုင်ရေး ဝန်ကြီးဌာနများသို့ ညွှန်ကြားတွက်ချက်စေရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ညွှန်ကြားထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့က ဒီခြောက်လဘတ်ဂျက်အစ ဧပြီလကုန်ကနေ ပေးချင်တယ်၊ စီမံ/ဘဏ္ဍာကို ဘယ်လိုပေးလို့ရမယ်ဆိုတာကို တွက်ခိုင်းထားတယ်။ အခုဝန်ကြီးဌာနတွေ အားလုံးကနေ လစာတိုးမြှင့်မယ့်ဟာကို ပြန်ပြီးတော့ တင်ခိုင်းထားတယ်။ ပေးနိုင်ဖို့ရည်မှန်းပြီးတော့၊ ပေးနိုင်ဖို့လုပ်ဖို့ စီမံ/ဘဏ္ဍာကို ပြောတယ်။ စီမံ/ဘဏ္ဍာက ဝန်ကြီးဌာနတွေနဲ့ အင်အားစုတွေနဲ့ ပြန်တွက်နေတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် လစာတိုးမြှင့်မည့် တရားဝင်ညွှန်ကြားစာမှာ ဝန်ကြီးဌာနများသို့ စတင်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများပျံ့နှံ့နေပြီး ထိုသို့ ပျံ့နှံ့နေမှုမှာ ဝန်ထမ်းလစာကို ဧပြီလအတွင်းပေးနိုင်ရန် ဝန်ထမ်းအင်အား၊ လစာနှင့် နှုန်းထားများကို တွက်ခိုင်းခြင်းသာဖြစ်နိုင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ သေချာစွာမေးမြန်းစေလိုကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ဘယ်တော့ပေးနိုင်မလဲဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ စီမံ/ဘဏ္ဍာအနေနဲ့တော့ တိုးမြှင့်တဲ့လစာတွေအပေါ်မှာ ဝန်ကြီးဌာနတွေက ဘယ်လောက်လစာလိုမှာလဲပေါ့လေ။ ဘယ်လောက်ဘတ်ဂျတ်ထပ်ပြီး ထည့်ပေးရမလဲဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ အကုန်လုံးကိုစာထုတ်ပြီး တောင်းထားတယ်။ လစာတိုးပေးဖို့ ဘတ်ဂျက်တွက်ချက်တာပဲ ရှိသေးတယ်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ဧပြီ ၁၉ ရက်တွင် ပြောကြားသည်။

အနည်းဆုံးအခကြေးငွေအဖြစ် တစ်နေ့လျှင် ကျပ် ၃၆၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပေးရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မတ် ၅ ရက်တွင် ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး အတည်ပြုပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှုန်းနှင့် လိုက်လျောညီထွေဖြစ်စေရန် ဝန်ထမ်းလစာ တိုးမြှင့်ပေးမည်ဟု ပြောကြားခဲ့ခြင်းကြောင့် အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ သတ်မှတ်ရန် သေချာနေသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုမှသာ စတင်အသက်ဝင်မည်ဖြစ်သည်။

“တိုးမယ်လို့ ပြောတယ်။ လစာတွက်ပြီး အမီတင်ခိုင်းနေတယ်” ဟု ဝန်ကြီးဌာနတစ်ခုမှ ညွှန်ကြားရေးမှူုးတစ်ဦးက လစာတွက်ချက်တင်ပြရန် ညွှန်ကြားစာရောက်ရှိလာပြီး သိရှိရသည့် အခြေအနေအပေါ် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဝန်ထမ်းလစာတိုးမြှင့်မှု၊ ရှားပါးစရိတ်နှင့် ထောက်ပံ့ကြေးပေးမှုများအဖြစ် လွတ်လပ်ရေးရပြီးစ ၁၉၈၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၃ ကြိမ်တိုးမြှင့်ပေးခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၇/၂၀၁၅ ဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်းများ၏ လစာကိုအနည်းဆုံး ကျပ် ၁၂၀၀၀၀ မှ အများဆုံးကျပ် ငါးသိန်းအထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent