နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
Published 20 April 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ ဦးဆောင်သော နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပနေစဉ် (Photo: AFP)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေးအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သမ္မတဟိုချီမင်းလက်ထက်တွင် စတင်သန္ဓေတည်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များ အဆက်ဆက်နှင့် ပြည်သူများမှလက်ဆင့်ကမ်းခဲ့ကြသော မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြသည့်အစဉ်အလာနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများကို လည်းကောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ခြင်းကိုလည်းကောင်း သုံးသပ်ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုှပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပညာရေး စသည့်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းအခမ်းအနားတွင် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာဖန်းသမ်းတို့က နှစ်နိုင်ငံအကြား စာတိုက်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာဖန်းသမ်းတို့က နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်နိုင်ငံသို့ ဧပြီ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသို့ရောက်ရှိချိန်တွင် လေဆိပ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr.Dang Dinh Quy၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Dr. Luan Thuy Duong၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဗီယက်နမ်နိုင်ငံခရီးစဉ်သည် ဧပြီ ၁၉ ရက်မှ ၂၀ ရက်ထိ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရ၏ တရားဝင် Twitter စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ဗီယက်နမ်နှင့် ၁၉၇၅ ခုနှစ်က သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သော ပထမဆုံးအရှေ့တောင်အာရှနိုင်ငံဖြစ်ကြောင်း ဗီယက်နမ်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent