ရခိုင်ပြည်နယ်အတွင်းရှိ NVC ကတ် ကိုင်ဆောင်ထားသူများနှင့်ပတ်သက်၍ အစိုးရက ကန့်သတ်ချက်များ လျှော့ချပေးခဲ့ပြီး တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်းရှိ NVC ကတ် ကိုင်ဆောင်ထားသူများနှင့်ပတ်သက်၍ အစိုးရက ကန့်သတ်ချက်များ လျှော့ချပေးခဲ့ပြီး တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ကြောင်း သိရ
Published 20 April 2018

ရန်ကုန်မြို့၌ ဧပြီ ၁၉ ရက်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်

ရခိုင်ပြည်နယ်အတွင်းရှိ National Verification Card (NVC) ကတ် ကိုင်ဆောင်ထားသူများနှင့်ပတ်သက်၍ အစိုးရက ကန့်သတ်ချက်များ လျှော့ချပေးခဲ့ပြီး တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

NVC ကတ် ကိုင်ဆောင်ထားသူများအား လွတ်လပ်စွာသွားလာခွင့် ရရှိရန်အတွက် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဧပြီ ၁၉ ရက်က ပြုလုပ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားနှင့် ဒါကာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်ပြီးတော့ Freedom of Movement ရဖို့အတွက်ကို အခုနက ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ NVC ကတ် ကိုင်ဆောင်ထားရင် Freedom of Movement ရမယ်။ အရင်တုန်းကတော့ ဒီကိစ္စတွေမှာ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့က မစ္စတာအာနန်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တာလည်း ပါတယ်။ ကျွန်တော်တို့ မူလ ၂၀၁၆ စပြီးတော့ ရခိုင်မှာရှိတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးရေးဗဟိုကော်မတီမှာ လုပ်နေတဲ့လုပ်ငန်းကော်မတီတွေရဲ့ ဆောင်ရွက်ချက်လည်း ဖြစ်တယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့က ကန့်သတ်ချက်တွေလျှော့ဖို့ လွတ်လပ်စွာသွားလာခွင့်တွေရဖို့။ ဘယ်လိုရမလဲဆိုတော့ အနိမ့်ဆုံး NVC ကတ် ကိုင်ဆောင်ထားတဲ့သူသည် လွတ်လပ်စွာသွားလာခွင့် ရရမယ်ဆိုတဲ့ဟာကို ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတဲ့ကြားမှပဲ အဖြစ်အပျက်တွေက ဖြစ်နေတယ်။ အခုတော့ ကျွန်တော်တို့ NVC ဖြစ်စဉ်ကို ပွင့်ပွင့်လင်းလင်း ချပြပါ့မယ်။ အဲဒီကတ်ကိုင်ထားတဲ့သူတွေကို လွတ်လပ်စွာ သွားလာခွင့်ရဖို့အတွက်ကို ကျွန်တော်တို့က သက်ဆိုင်ရာလုံခြုံရေးနဲ့ဆိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး အကုန်လုံးဆွေးနွေးတိုင်ပင်ပြီးပြီ။ ဒီကတ် ကိုင်ဆောင်ထားလို့ရှိရင် နဂိုကရှိခဲ့တဲ့ ကန့်သတ်ချက်တွေကို လျှော့ချလိုက်ပြီ။ လဝကဆိုတာ လူဝင်မှုကြီးကြပ်ရေးက ပုံစံ ၄ ကိုဖြည့်လိုက်တာနဲ့ ဖြည့်ပြီးရင် သွားချင်တဲ့နေရာ သွားလို့ရပြီ။ အဲလိုပုံစံမျိုး ဖြစ်သွားပါပြီ။ ဒါကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်နေပါတယ်။ မနေ့ကပဲ ကျွန်တော်တို့ အဲဒီနေရာကိုရောက်ခဲ့တော့ တော်တော်များများနဲ့ တွေ့ဆုံခဲ့တော့ အဲဒီအခွင့်အရေး ရပြီလားလို့မေးတော့ လက်တွေ့ရပြီဆိုတဲ့ စကားကိုရခဲ့ပါတယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

ထို့ပြင် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက NVC ကတ် ကိုင်ဆောင်ပါက လူဝင်မှုကြီးကြပ်ရေးက တရားဝင်ထုတ်ပြန်ထားသည့် အချက်ရှစ်ချက်ကို အပြည့်အ၀ ရရှိမည်ဖြစ်ကြောင်း၊ အာမခံချက်ရှိကြောင်း ဆက်လက်ပြောကြားသည်။

“Citizen လျှောက်လို့ရှိရင် အခုနပြောတဲ့ နိုင်ငံသားဖြစ်မှုလမ်းစဉ်ထဲ ဝင်လိုက်တာနဲ့ NVC ကတ်ကိုင်ပြီးပြီ။ ကိုင်ပြီးတာနဲ့ ဒီနိုင်ငံသားဖြစ်ဖို့ ထိုက်တဲ့ဥပဒေအရ ဖြစ်ထိုက်တဲ့လူ ဖြစ်ဖို့အတွက်က ငါးလလို့ သတ်မှတ်ထားပါတယ်။ ငါးလအတွင်းမှာ ရမှာဖြစ်ပါတယ်။ ဒါကိုလည်း ဒီအတိုင်းကိုပဲ Exercise လုပ်နေတယ်။ တကယ်ပဲငါးလအတွင်းမှာ ရတဲ့လူတွေရှိတာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အခုလက်ရှိရှိနေတဲ့ ဥပဒေအတိုင်းပဲ သွားရမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် ၈၀၃၂ ဦး၏စာရင်းနှင့် ဖြည့်စွက်ထားသောပုံစံများမှာ နှစ်နိုင်ငံအကြား သဘောတူညီထားသော Physical Arrangement ပါ ဖောင်ပုံစံအတိုင်းမဟုတ်ကြောင်း၊ ၎င်းတို့ ဆန္ဒအလျောက် ပြန်လာလိုကြောင်း ဖော်ပြလက်မှတ် ရေးထိုးထားမှု၊ လက်ဗွေပုံစံနှင့် ဓာတ်ပုံများ ပါဝင်ခြင်းမရှိကြောင်း၊ မြန်မာဘက်အနေဖြင့် ၎င်းပုံစံများကို စိစစ်ရန်ခက်ခဲကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ အသိပေးခဲ့ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်လက်ခံမည့်သူများအား NVC ကတ်ထုတ်ပေးမည်ဖြစ်ပြီး နိုင်ငံသားအဖြစ် လျှောက်ထားပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဆင့်အတန်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က မီဒီယာများကို ပြောကြားထားသည်။

“ဒီကနေ ထွက်ပြေးသွားတဲ့သူတွေဖြစ်တဲ့အတွက် ပြန်လည်လက်ခံတဲ့သူတွေပါပဲ။ အဲဒီသူတွေကို NVC ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ NVC ထုတ်ပြီးသွားရင် သူတို့တွေအနေနဲ့ ဆန္ဒရှိတယ်ဆိုရင် နိုင်ငံသားအဖြစ် လျှောက်ထားတယ်ဆိုရင် ၁၉၈၂ ဥပဒေနဲ့အညီ သူတို့ရရှိနိုင်တဲ့ နိုင်ငံသားအဆင့်အတန်းကို သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးသိန်းဆွေက ပြောကြားခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မြန်မာနိုင်ငံ၌နေခဲ့သူများအား နှစ်နိုင်ငံ သဘောတူစာချုပ်ပါအတိုင်း အမြန်ဆုံးပြန်လည်လက်ခံရန် ဆန္ဒရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

Most Read

Most Recent