ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရသည့် ရနောင်းလူသတ်မှုဖြစ်စဉ်တွင် တရားစွဲဆိုခံထားရသည့် မြန်မာအလုပ်သမားလေးဦးကို ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရသည့် ရနောင်းလူသတ်မှုဖြစ်စဉ်တွင် တရားစွဲဆိုခံထားရသည့် မြန်မာအလုပ်သမားလေးဦးကို ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်
Published 20 April 2018

၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြန်မာအလုပ်သမားလေးဦးကို ထောင်ဒဏ်နှင့် ငွေဒဏ်များ ဧပြီ ၁၉ ရက်က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး အသက်မပြည့်သေးသော အဓိကတရားခံအဖြစ် ရနောင်းမြို့ ကလေးသူငယ်တရားရုံးတွင် တရားစွဲခဲ့သည့် မောင်မိုးဇင်အောင်အား ထောင်ဒဏ်လေးနှစ်နှင့် ငွေဒဏ်၊ မောင်ကျော်စိုးဝင်းအား ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်များချမှတ်ခဲ့ပြီး လူကြီးတရားရုံးတွင် တရားစွဲဆိုခံထားရသည့် မောင်စိန်ကတုံးအား ထောင်ဒဏ်ရှစ်နှစ်နှင့် ငွေဒဏ်၊ မောင်ဝေလင်းအား ထောင်ဒဏ်ခြောက်နှစ်နှင့် ငွေဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အမှုကို တက်ရောက်နားထောင်ခဲ့သည့် FED အဖွဲ့မှ ဦးထူးချစ်က The Daily Eleven သတင်းစာသ့ို ဖြေကြားသည်။

“ဒီမနက် လူငယ်တရားရုံးကနေပြီးတော့ အဓိကတရားခံအဖြစ် တရားစွဲဆိုခံထားရတဲ့ မောင်မိုးဇင်အောင်နဲ့ မောင်ကျော်စိုးဝင်းတို့ကို ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ မောင်မိုးဇင်အောင်ကို လေးနှစ်ချလိုက်တယ်။ နောက်ပြီး မောင်ကျော်စိုးဝင်းကိုတော့ ထောင်ဒဏ်နှစ်နှစ်ချတယ်။ နောက်ပြီး အသက်ကြီးတဲ့သူတွေဖြစ်တဲ့ မောင်စိန်ကတုံးနဲ့ မောင်ဝေလင်းတို့ကိုလည်း ထောင်ဒဏ်တွေ ချမှတ်ပါတယ်။ မောင်စိန်ကတုံးကိုတော့ သူတို့ရှစ်နှစ်ချတယ်။ မောင်ဝေလင်းကိုတော့ ခြောက်နှစ်ချလိုက်တယ်။ ဒဏ်ငွေတွေအနေနဲ့ အားလုံးပေါင်း ငါးသိန်းချမှတ်လိုက်ပါတယ်။ ဘယ်အမှုကို ဘယ်လိုချမှတ်တယ်ဆိုတာကတော့ တရားရုံးရဲ့ အမိန့်ပြန်တမ်းမရသေးတဲ့အတွက် အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်သေးဘူးခင်ဗျ။ အခုပြောနိုင်တာက လူငယ်တရားရုံးမှာ ထောင်ဒဏ်လေးနှစ်နဲ့ နှစ်နှစ်ချလိုက်တယ်။ လူကြီးတရားရုံးမှာ ထောင်ဒဏ်ရှစ်နှစ်နဲ့ ခြောက်နှစ်ချလိုက်တယ်ဆိုတာတော့ ပြောနိုင်ပါတယ်” ဟု ဦးထူးချစ်က ပြောကြားသည်။

အဆိုပါ ရနောင်းလူသတ်မှုမှာ လိပ်ကျွန်းလူသတ်မှုပြီးပါက လူစိတ်ဝင်စားမှုအများဆုံး အမှုတစ်ခုဖြစ်ကြောင်း သိရပြီး နှစ်နှစ်ကျော်အကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent