မွတ်စလင်များအား နေအိမ်များမှ စွန့်ခွာ ထွက်ပြေးစေရန်အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့သည် ဟူသော စွပ်စွဲချက်များကို ပယ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့် ဆွေးနွေးပွဲတစ်ရပ်တွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ရှင်းလင်း

မွတ်စလင်များအား နေအိမ်များမှ စွန့်ခွာ ထွက်ပြေးစေရန်အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့သည် ဟူသော စွပ်စွဲချက်များကို ပယ်ချကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့် ဆွေးနွေးပွဲတစ်ရပ်တွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ရှင်းလင်း
Published 19 April 2018

မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- Information Committee)

မွတ်စလင်များအား ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာ ထွက်ပြေးစေရန်အတွက် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာ တစ်ရပ်အဖြစ် အသုံးပြုခဲ့သည် ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို ပယ်ချကြောင်း နယူးယောက်မြို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့် ဆွေးနွေးပွဲတစ်ရပ်ကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၁၈ ခုနှစ် ဧပြီ ၁၆ ရက်က ကျင်းပရာတွင် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက်ပြီး အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် အရေးယူ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးရာ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပဋိပက္ခနှင့် ဆက်စပ်သည့် အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် ပတ်သက်သည့် အတွင်းရေးမှူးချုပ်၏ နှစ်စဉ် အစီရင်ခံစာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် အရေးပါသည့် ခြေလှမ်းများ စတင်နိုင်ခဲ့သည်ဟု အသိအမှတ်ပြုထားကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ အနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးနှင့် အပြုသဘောဆောင်စွာ ချိတ်ဆက် ဆောင်ရွက်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းလျက် ရှိသော်လည်း မြန်မာ့တပ်မတော်အား အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင် ထည့်သွင်းထားသည်မှာ လွန်စွာ စိတ်မကောင်းဖွယ်ဖြစ်ကြောင်းနှင့် အတည်မပြုနိုင်သည့် စွပ်စွဲချက်များပေါ်တွင် အခြေခံ၍ နောက်ဆက်တွဲ စာရင်းတွင် ယင်းသို့ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရှင်းလင်းပြောကြားသည်။

ထို့ပြင် စွပ်စွဲထားသည့် အမှုများကို စုံစမ်းဖော်ထုတ်ရေးအတွက် ကော့စ်ဘဇားစခန်းရှိ ထိခိုက် စော်ကားခံရသူ ဆိုသူများကို သွားရောက် တွေ့ဆုံမေးမြန်းရန် မိမိတို့ဘက်မှ ကြိုးပမ်းခဲ့သော်လည်း စနစ်တကျ တွေ့ဆုံမေးမြန်းခွင့်ပြုရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်းကြောင့် စွပ်စွဲမှုများကို အတည်မပြုနိုင်ခဲ့သည့်အပေါ် အလွန်စိတ်ပျက်ရကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အတူ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် လိင်အကြမ်းဖက်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ လျစ်လျူရှုရန် မရှိကြောင်း မြန်မာအစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ သက်သေ အထောက်ထား ခိုင်လုံစွာရှိပါက မည်သည့် ချိုးဖောက်သူကိုမဆို အကာအကွယ်မပေးဘဲ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း၊ အင်းဒင် အဖြစ်အပျက်တွင် ပါဝင် ပတ်သက်ခဲ့သည့် တပ်မတော်သား ခုနစ်ဦးကို မကြာမီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရ၏ ခိုင်မာသည့် ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

သံအမတ်ကြီး ဟောက်ဒိုစွမ်းက တပ်မတော်သားများ အနေဖြင့် ၁၉၅၉ တပ်မတော် အက်ဥပဒေနှင့် တပ်မတော် စည်းမျဉ်းများကို သာမက တည်ဆဲ အရပ်ဘက်ဥပဒေနှင့် ဓလေ့ထုံးတမ်းများကိုပါ လေးစား လိုက်နာကြရသည်ကို အလေးထား ပြောကြားလိုကြောင်း၊ သို့အတွက် အရပ်သားဖြစ်စေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်စေ ကျူးလွန်သူများကို ဥပဒေကြောင်းအရ ပြင်းထန်စွာ အရေးယူမှုများ ပြုလုပ်ပါကြောင်း၊ လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် တပ်မတော်သားများအား တရားစွဲဆို အရေးယူမှုပြုခဲ့သည့် သာဓကများစွာ ရှိခဲ့ကြောင်း၊ တပ်မတော်၏ ကျင့်ဝတ်ကို တိကျစွာ စောင့်ထိန်းရန်နှင့် လိင်အကြမ်းဖက်မှု စသည့်ပြစ်မှုများတွင် ပါဝင်ကျူးလွန်ခြင်း မပြုရန် တပ်မတော်သားများအား ရှင်းလင်းစွာ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ “မျိုးနွယ်စုများအား သုတ်သင် ရှင်းလင်းခြင်း” သို့မဟုတ် “လူမျိုးသုဉ်း သတ်ဖြတ်ခြင်း” စသည့် အသုံးအနှုန်းများ သုံးစွဲမှုကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ အထောက်အထား မခိုင်လုံသော တစ်ဖက်သတ် စွပ်စွဲမှုများ၊ သတင်းမှားများ၊ နိုင်ငံရေးအရ ဆွပေးရန် ရည်ရွယ်သည့် အစီရင်ခံစာများပေါ်တွင် အခြေခံသည့် ယင်းသို့ တာဝန်မဲ့သော စွပ်စွဲချက်များသည် လက်ရှိ အခြေအနေကို ပိုမိုဆိုးရွားစေပြီး၊ ဒေသတွင်းရှိ လူမှုအသိုက်အဝန်းများကို ပိုမိုဝေးကွာစေမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ရှင်းလင်းခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံအပေါ် ဆက်တိုက် ပုံဖော်ပြောကြားနေမှုများသည် မြန်မာနိုင်ငံ နှင့် ကုလသမဂ္ဂတို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများနှင့် လက်ရှိ လူသားချင်း စာနာထောက်ထားမှု ပြဿနာအပြင် ရှုပ်ထွေးသည့် ရခိုင်ပြည်နယ် အခြေအနေကို ရေရှည် အဖြေရှာမှုများ ပြုလုပ်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုးရွားစွာ ထိခိုက်စေမည်သာ ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားသည်။

အလားတူ ပဋိပက္ခနှင့် ဆက်စပ်သည့် လိင်အကြမ်းဖက်မှုများကို ရှုတ်ချသကဲ့သို့ အချို့သော အုပ်စုများက ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံရေး အကျိုးအမြတ် ရရှိရေးအတွက် ယင်းကဲ့သို့ ထိခိုက်လွယ်သည့် ကိစ္စရပ်ကို အသုံးချနေကြခြင်းကိုလည်း ရှုတ်ချသင့်ကြောင်း၊ လိင်အကြမ်းဖက်မှု ပြဿနာကို အမည်နာမ ဖော်ထုတ်ဝေဖန် ပြစ်တင်ခြင်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေခြင်းနှင့် ယင်းကိစ္စကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံများအား ကူညီခြင်းဖြင့် အပြုသဘော ဆောင်သည့် နည်းလမ်းကို အသုံးပြုရမည်ဖြစ်ကြောင်း သံမတ်ကြီးက ဆွေးနွေး ပြောကြားသည်။

Most Read

Most Recent