အမှုထမ်းလစာများကို ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဖြစ်ပြီး ဝန်ထမ်းများကလည်း တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နှစ်သစ်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ပြောကြား

အမှုထမ်းလစာများကို ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဖြစ်ပြီး ဝန်ထမ်းများကလည်း တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၌ တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နှစ်သစ်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ပြောကြား
Published 18 April 2018

မတ် ၃၀ ရက်က သမ္မတတာဝန် စတင်ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် မိန့်ခွန်းပြောကြားနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တွေ့ရစဉ် (Photo - Myanmar President Office)

အမှုထမ်းလစာများကို ရာခိုင်နှုန်း ၂၀ နှင့် အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဖြစ်ပြီး ဝန်ထမ်းများကလည်း တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနများကို ကြပ်မတ်ရာတွင် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများကို ဌာနဆိုင်ရာများက ဦးစားပေးအလိုက် အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အခြေခံ လိုအပ်ချက် သုံးခုဖြစ်သော စားဝတ်နေရေးဆိုသည့် အချက်သုံးချက်ထဲတွင် ပြည်သူများအတွက် နေရေးသည် အဓိက လိုအပ်ချက်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နေအိမ်မရှိ၍ ဖြစ်သလို နေထိုင်ကြရသော ပြည်သူများ၏ ဒုက္ခများကိုလည်း သတိပြုမိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း လက်ရှိတာဝန်ထမ်းဆောင်စဉ်ကာလတွင် ဝန်ထမ်းအိမ်ရာမရှိ၍ အခက်အခဲဖြစ်နေသူများ ရှိသကဲ့သို့ အငြိမ်းစားယူသွားပြီးသည့် အချိန်တွင်လည်း နေထိုင်စရာအိမ်မရှိသဖြင့် အတိဒုက္ခရောက်ကြရသည့် ဝန်ထမ်းများ များစွာရှိနေသည်ကို သတိပြုမိကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ဝန်ထမ်းများ အငြိမ်းစားယူသွားချိန်တွင် ကိုယ်ပိုင်နေအိမ်၊ ကိုယ်ပိုင်တိုက်ခန်းများနှင့် သိက္ခာရှိရှိ နေသွားနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအစိုးရသစ်လက်ထက် နှစ်နှစ်တာကာလအတွင်း ဝန်ထမ်းများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဝန်ထမ်းအိမ်ရာ ၄၆၂၇ ခန်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ကျန်သုံးနှစ်အတွင်း အခန်း ၇၀၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာအဖြစ် တည်ဆောက်ပေးသွားရန် စီမံထားရှိပြီးဖြစ်ကာ ထိုသို့အစီအစဉ်ကို တိုးခဲျ့ခြင်းဖြင့် လာမည့်နှစ်များအတွင်း အခန်းပေါင်း တစ်သောင်းကျော် တည်ဆောက်ပြီး ဝန်ထမ်းများအတွက် လစဉ်အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။

“အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ နှုန်းနဲ့ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာများအားလုံးကို ရာခိုင်နှုန်း ၂၀ တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ကျပ် ၁၂၀၀၀၀ မှ ကျပ် ၁၃၈၀၀၀ အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၅၀၀၀၀ သို့ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ဝန်ထမ်းတွေအတွက် ယခုလို စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ထမ်းတွေကလည်း တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးသတိပြုစေလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့အတူ ဘက်မလိုက်သည့် လွတ်လပ်သော တရားမျှတမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်သည့် တရားစီရင်ရေး မဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းရလိမ့်မည်ဖြစ်ကြောင်းနှင့် ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

နိုင်ငံတော်သမ္မတက “ဌာနဆိုင်ရာ အတော်များများရဲ့ ဓလေ့သဖွယ် စွဲကပ်နေတဲ့ အဂတိလိုက်စားမှုတွေကို ပိုမိုတိုက်ဖျက်ရာမှာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးနဲ့ တာဝန်ကို ဘက်ညီမျှတအောင် ပြန်လည်သုံးသပ်ပြီး ဌာနဆိုင်ရာ တစ်ခုချင်းက တာဝန်ခံပြီး အသီးသီး ဆောင်ရွက်ကြရပါလိမ့်မယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မီဒီယာနဲ့ ပြည်သူတွေက မှန်ကန်စွာရှာဖွေ ဖော်ထုတ်ရေးကို ဆောင်ရွက်ပေးကြရပါလိမ့်မယ်။ လုပ်ပိုင်ခွင့် အာဏာအရှိန်အဝါရှိသူများရဲ့ ပါဝင်ပတ်သက်မှု၊ ဝင်ရောက် စွက်ဖက်မှုတွေကို တိကျခိုင်လုံတဲ့ အချက်အလက် အထောက်အထားတွေနဲ့ တိုင်ကြားကြရန် အထူးလိုအပ်ပါတယ်” ဟု ပြောကြားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် CBO များ၊ CSO များ၊ မီဒီယာ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အရှိန်အဟုန် မြှင့်တင်ဖော်ဆောင်မည်ဖြစ်ပြီး လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ကိုယ်တိုင်ကလည်း မည်သည့်အခြေခံအခွင့်အရေး၊ လူသားဂုဏ်သိက္ခာကိုမျှ မထိပါးစေဘဲ ဥပဒေနှင့်အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ရန် အလေးထားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ရန်အတွက် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းရန်နှင့် မူးယစ်ရဲများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်တွင်လည်း ဆုပေးဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးရမည်ဖြစ်ကြောင်း၊ အခြေအနေအရ လိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောကြားသည်။

“ပြည်သူ့ဘဏ္ဍာတွေ အလေအလွင့် မရှိအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် စီမံကိန်းရဲ့ ကုန်ကျစရိတ်ကို အနီးစပ်ဆုံး တိကျမှန်ကန်စွာ ခန့်မှန်းတွက်ချက် တင်ပြနိုင်ရန်၊ ဒေသရဲ့ ကာလပေါက်ဈေးနဲ့အညီ တွက်ချက်နိုင်ရန် ဆောင်ရွက်ရပါလိမ့်မယ်။ ဒါ့အပြင် တင်သွင်း တောင်းဆိုထားတဲ့ ဘတ်ဂျက်များကိုလည်း အချိန်မီ အမှန်တကယ် သုံးစွဲခြင်းမပြုဘဲထားတဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲရပါလိမ့်မယ်။ ဘတ်ဂျက်ပမာဏကြီးကြီး စိုက်ထုတ်သုံးစွဲရမယ့် စီမံကိန်းကြီးတွေကို ထိထိရောက်ရောက် စိစစ်နိုင်တဲ့ အရည်အချင်းတွေကို စီမံကိန်း စိစစ်ရေးနဲ့ တိုးတက်မှုအစီရင်ခံရေးနယ်ပယ်မှာ အမြန်ဆုံး မြှင့်တင်ပေးရပါလိမ့်မယ်။ လုပ်ငန်းစီမံကိန်းများ မပြီးစီးဘဲ အပြီးပြတဲ့ အဆင့်ဆင့်သော တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်က ချမှတ်ထားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့ တင်ဒါခေါ်ယူမှုတွေ၊ တင်ဒါစည်းမျဉ်းထဲကပဲ လက်တစ်လုံးခြား လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူရပါလိမ့်မယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

စွန့်လွှတ်ပြီးသော သိမ်းဆည်းခံ လယ်ယာခြံမြေများကို မူလပိုင်ရှင်များထံ အမြန်ဆုံး ပြန်လည်အပ်နှံကြရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး မစွန့်လွှတ်ရသေးသော သိမ်းဆည်းခံ လယ်ယာခြံမြေများနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြန်လည်စိစစ်ရေး ကော်မတီ အသီးသီးက အမြန်ဆုံးစိစစ်ကြကာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်း၍ စွန့်လွှတ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း သမ္မတက ပြောကြားသည်။

“ပြည်ထောင်စုအစိုးရ ရှေ့ဆက်လက် လျှောက်လှမ်းမယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့၊ ပြည်သူလူထုနဲ့နီးစပ်တဲ့ အောက်ခြေက စတင်မှာဖြစ်ပါတယ်။ ပြည်သူနဲ့အတူ စုပေါင်းအင်အားဆိုတဲ့ သဘောတရားနဲ့ ပြုပြင်ပြောင်းလဲရေးကို ချဉ်းကပ်ရမှာဖြစ်ပါတယ်။ ပြည်သူနဲ့ အတူဆိုရာမှာ ပြည်သူရဲ့အသံကို နားထောင်ရုံသာမကဘဲ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို အလေးအနက်ထားပြီး စုပေါင်းအင်အားကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ပြု ပြင်ပြောင်းလဲမှုနဲ့ အံမဝင်ခွင်မကျတဲ့နေရာတွေမှာ သွက်လက်ထက်မြက်ပြီး အရည်အသွေးရှိတဲ့ လူစားလဲမှုတွေ လုပ်သင့်ရင်လည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ် ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့ အနေနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့လည်း ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ကျွန်တော်တို့ လိုက်နာရမယ့် အခြေခံမူကတော့ ‘တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” တဲ့နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အဆင့်ဆင့်ရှိရေးဆိုတဲ့ စံနှုန်းကိုအခြေခံပြီး ပြုပြင်ပြောင်းလဲမှုတွေကို ပြည်ထောင်စုအစိုးရ၊ အခြားသောမဏ္ဍိုင်ကြီးတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်မှာဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် တောင်သူလယ်သမားများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ၏ မြေပိုင်ဆိုင်ခွင့်လက်မှတ်များ တစ်နိုင်ငံလုံး တစ်နှစ်အတွင်းရရှိရန် အမြန်ဆုံးကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ စိုက်ပျိုးရာသီအမီရရှိရေး ဆောင်ရွက်ပေးမှာဖြစ်ကာ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လယ်ယာသုံးစက်ကိရိယာ စသည့် လယ်ယာမြေသွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်းလည်း သမ္မတက ဆိုသည်။

Most Read

Most Recent