ရန်ကုန်မြို့၌ ဆင်ဆာမတင်သည့် သံချပ်အဖွဲ့သုံးဖွဲ့ကို သြင်္ကန်အတက်နေ့တွင် မဏ္ဍပ်များ၌ ဖျော်ဖြေခွင့်ပိတ်ပင်

ရန်ကုန်မြို့၌ ဆင်ဆာမတင်သည့် သံချပ်အဖွဲ့သုံးဖွဲ့ကို သြင်္ကန်အတက်နေ့တွင် မဏ္ဍပ်များ၌ ဖျော်ဖြေခွင့်ပိတ်ပင်
Published 17 April 2018

မဏ္ဍပ်များ၌ဖျော်ဖြေခွင့် ပိတ်ပင်ခံခဲ့ရသည့် သံချပ်အဖွဲ့တစ်ဖွဲ့ဖြစ်သော အိုးဝေသံသံချပ်အဖွဲ့ သြင်္ကန်အကြတ်နေ့က ဖျော်ဖြေနေစဉ် (ဓာတ်ပုံ- အိုးဝေသံ Facebook)

ဆင်ဆာမတင်သည့် သံချပ်အဖွဲ့များကို သြင်္ကန်အတက်နေ့တွင် မဏ္ဍပ်များ၌ ဖျော်ဖြေခွင့် ပိတ်ပင်ခဲ့ကြောင်း ဖျော်ဖြေခွင့် ပိတ်ပင်ခံခဲ့ရသည့် သံချပ်အဖွဲ့များက ပြောကြားသည်။

မဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ပိတ်ပင်ခံရသည့် သံချပ်အဖွဲ့များမှာ လတ်တလောအနေဖြင့် သုံးဖွဲ့ရှိပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ အိုးဝေသံ သံချပ်အဖွဲ့၊ ဒို့အသံ သံချပ်အဖွဲ့တို့ဖြစ်ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဖိတ်ကြားထားသည့် မဏ္ဍပ်များကို အကြောင်းကြားပြီး ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်က ပြောကြားသည်။

“ဒီမနက် ကျွန်တော်တို့ကိုဖိတ်ကြားထားတဲ့ မဏ္ဍပ်တွေရဲ့ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို ဖုန်းဆက်ပြီး Cancle လုပ်တယ်လို့ပြောတာပေါ့။ ဘယ်သူကလုပ်ခိုင်းလဲဆိုတော့ မြို့နယ်ထွေအုပ်တွေက ဖျော်ဖြေခွင့်မပေးခိုင်းလို့ဆိုတာမျိုးပေါ့။ အဓိက ကျွန်တော်တို့သံချပ်အဖွဲ့က ဆင်ဆာမတင်ဘူး။ နောက်ပြီး သံချပ်အဖွဲ့ရဲ့စာသားတွေ၊ သရုပ်ဖော်ပြဇာတ်တွေကြောင့် ပိတ်ပင်တာဖြစ်နိုင်ပါတယ်” ဟု ကိုဇေယျာလွင်က သြင်္ကန်အတက်နေ့တွင် ပြောကြားသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် သြင်္ကန်ကာလတွင် သံချပ်ဖြင့်ဖျော်ဖြေခဲ့သည်မှာ ခြောက်နှစ်ဆက်တိုက်ရှိပြီဖြစ်သော်လည်း ယခုနှစ်တွင် စရဖ၊ သတင်းရဲတပ်ဖွဲ့များက စုံစမ်းထောက်လှမ်းမှုများရှိခဲ့ပြီး သြင်္ကန်အတက်နေ့တွင် မဏ္ဍပ်များ၌ ဖျော်ဖြေခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီနှစ်နဲ့ဆိုကျွန်တော်တို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ထွက်တာ ခြောက်နှစ်ရှိပြီ။ အရင်နှစ်တွေတုန်းက တစ်ခါမှ စရဖတို့၊ သတင်းရဲတပ်ဖွဲ့တို့က မလိုက်ခဲ့ဘူး။ ဒီနှစ်မှာတော့ သံချပ်စထွက်ကတည်းက အခုထိ တကောက်ကောက်လိုက်တယ်။ ပြီးတော့ ဒီနေ့ သြင်္ကန်အတက်နေ့မှာ ဖျော်ဖြေခွင့် ပိတ်ပင်ခံလိုက်ရတယ်ပေါ့။ ဒီမိုကရေစီအစိုးရတက်လာရင် သံချပ်တွေ ဆင်ဆာတင်စရာမလိုတော့ဘူးလို့ ကျွန်တော်တို့အရင်က ထင်ခဲ့မိဖူးပါတယ်” ဟု ကိုဇေယျာလွင်က ပြောကြားသည်။

ထို့ပြင် ယင်းကဲ့သို့ ဖျော်ဖြေခွင့် ပိတ်ပင်ခံရသည့် အခြားသံချပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အိုးဝေသံ သံချပ်အဖွဲ့မှ ကိုမင်းသွေးသစ်ကလည်း “ဒီနေ့ကျွန်တော်တို့က သံချပ်အဖွဲ့ကို ဖျော်ဖြေခွင့်ပိတ်ပင်လိုက်ပါတယ်။ မဏ္ဍပ်တွေက ကျွန်တော်တို့ကို ဖျော်ဖြေခွင့်မပေးတော့ဘူးပေါ့။ ထွေအုပ်က ညွှန်ကြားတယ်ဆိုတော့ သူတို့တွေအနေနဲ့လည်း မတတ်နိုင်ဘူးဆိုတာမျိုး ကျွန်တော်တို့ကို အကြောင်းကြားတာပါ။ အားလုံး ကျွန်တော်သိသလောက် သံချပ်ထိုးခွင့်ပိတ်ခံရတာ သုံးဖွဲ့ရှိပါတယ်။ ကျွန်တော်တို့အိုးဝေသံ၊ ဒို့အသံနဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွေပါ။ ဒီလိုမျိုးပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာကတော့ မှန်တာပြောတာကို နားမထောင်ချင်ဘူးဆိုတာကတော့ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent