ကြည့်မြင်တိုင် မီးသတ်စခန်းရှေ့ရှိ မိသားစုရေကစားမဏ္ဍပ်ကို ရေပက်ခံဒိုင်နာယာဉ်တစ်စီး ဝင်တိုက်မှုဖြစ်ပွားပြီး မီးသတ်တပ်သားတစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရ

ကြည့်မြင်တိုင် မီးသတ်စခန်းရှေ့ရှိ မိသားစုရေကစားမဏ္ဍပ်ကို ရေပက်ခံဒိုင်နာယာဉ်တစ်စီး ဝင်တိုက်မှုဖြစ်ပွားပြီး မီးသတ်တပ်သားတစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရ
Published 17 April 2018

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်တွင် ရေပက်ခံ ဒိုင်နာယာဉ်တစ်စီးမှ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့ရှိ မိသားစုရေကစားမဏ္ဍပ်အား ဝင်တိုက်မှု ဧပြီ ၁၃ ရက် (သြင်္ကန်အကြိုနေ့) ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းအတွင်း ညဈေးဘက်မှ မောင်းနှင်လာသည့် ရေပက်ခံ ဒိုင်နာယာဉ်တစ်စီးသည် ကြည့်မြင်တိုင် မီးသတ်စခန်းရှေ့ အရောက်၌ အရှေ့မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးအား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ကြည့်မြင်တိုင် မီးသတ်စခန်းရှိ ရေပက်ကစားနေသည့် မိသားစု ရေကစားမဏ္ဍပ်အား ဝင်တိုက်မိခဲ့ကြောင်း၊ ထိုသို့ တိုက်မိမှုကြောင့် ရေကစားမဏ္ဍပ်တွင် ရေပက်ကစားနေသည့် ကြည့်မြင်တိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ အခြားသူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒီကားက ဟိုဘက်ကနေလာပြီး ရှေ့က ကားတစ်စီးကို ကျော်တက်ပြီးတော့ လမ်းလယ်ကျွန်းကို ဆွဲပြီးတော့ အထဲကို တန်းဝင်သွားတာ။ တိုက်သွားတာက ဒိုင်နာအမျိုးအစား၊ မောင်းလာတာက ရှေ့မှာ လူသုံးယောက်ပါတယ်။ ကားနောက်မှာလည်း သြင်္ကန်လည်တဲ့ လူတွေပါတယ်။ သုံး၊ လေးယောက် လောက်ပါတယ်” ဟု အဆိုပါ ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဝင်တိုက်မိမှုကြောင့် ဒိုင်နာယာဉ် ခေါင်းပိုင်းပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မရမ်းကုန်းမြို့နယ် တံတားလေးလမ်းဝအနီးရှိ အုတ်ပုံဆိပ်လမ်းဆုံရာ မြောက်ဥက္ကလာပ ခုံးကျော်တံတားအောက်တွင် မြောက်ဥက္ကလာဘက်မှ မရမ်းကုန်းဘက်သို့ ဝေဇယန္တာလမ်းအတိုင်း မောင်းနှင်လာစဉ် လမ်းလယ်အုတ်ခုံကို ဝင်တိုက်မိရာ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား ခုနစ်ဦးအနက် သုံးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent