သြင်္ကန်အကျနေ့ နံနက်ပိုင်းတွင် ပုဂံမြို့သစ်ရှိ ဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

သြင်္ကန်အကျနေ့ နံနက်ပိုင်းတွင် ပုဂံမြို့သစ်ရှိ ဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published 14 April 2018

ပုဂံမြို့သစ်၊ အနော်ရထာနယ်မြေ၊ ခမ်းလောင်းရပ်ကွက် ရှိရွှေဗဟို ဟိုတယ်တွင် ဧပြီလ ၁၄ ရက်နေ့ (သြင်္ကန်အကျနေ့) နံနက်လေးနာရီ ဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဟိုတယ် အိတ်ဆောင်များမှတစ်ဆင့် အနီးတွင်ရှိသော ဈေးဆိုင်ခန်းများကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဟိုတယ်ဧည့်ကြို အဆောက်အဦး၏ အပေါ်ထပ်တွင် ခြင်ဆေးခွေ ထားရှိရာမှ စတင်လောင်ခဲ့သည်ဟု ယူဆရကြောင်းနှင့် မီးလောင်မှုကြောင့် ဧည့်ကြိုဆောင် အာစီနှစ်ထပ် အဆောက်အဦ အပါအဝင် ဧည့်သည်များ တည်းခိုနေသည့် အိပ်ခန်းဆောင်များနှင့် အနောက်ဘက်တွင်ရှိသည့် ဈေးဆိုင်ခန်းများကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

"မနေ့ညနေကမှ မိသားစုစတည်းတာ။ ဗူးဘုရားပဲ ဖူးရသေးတယ်။ အော်သံကြားလို့ ငလျင်လှုပ်တယ်ထင်ပြီး ထွက်ကြည့်တာ မီးတောက်မြင်မှ မီးလောင်တာဆိုပြီး ဖိနပ်တောင်မပါဘူး တွေ့ရာဆွဲ ထွက်ပြေးရတယ်" ဟု ဟိုတယ်တွင် တည်းခိုနေသည့် ဧည့်သည်မိသားစုဝင် တစ်ဦးက ပြောကြားသည်။

တည်းခိုနေသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်မှူး ဦးသက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခလရ ၄၁၅ မှစစ်သည်များ၊ ဒေသခံများ ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၅ နာရီ၂၀ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူ၊ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ ဟိုတယ်သည် ပြည်တွင်းပြည်ပ ခရီးသွားများ နှစ်သက်သဘောကျသည့် ဟိုတယ်ဖြစ်ပြီး ပုဂံမြို့သစ် မြို့လယ် လမ်းမနံဘေးတွင် တည်ရှိသည်။

မီးလောင်မှုကြောင့် ဟိုတယ်တာဝန်ခံဖြစ်သူအား ပုဂံနယ်မြေရဲစခန်းမှ (ပ)၃၈ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားရှိကြောင်း သတင်းရရှိပါသည်။

 

Most Read

Most Recent