အမြန်လမ်းမကြီးပေါ်တွင် သြင်္ကန်အကြိုနေ့ တစ်ရက်အတွင်း ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားပြီး လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

အမြန်လမ်းမကြီးပေါ်တွင် သြင်္ကန်အကြိုနေ့ တစ်ရက်အတွင်း ယာဉ်မတော်တဆမှု လေးကြိမ်ဖြစ်ပွားပြီး လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ
Published 14 April 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၁၃ ရက် (သြင်္ကန်အကြိုနေ့) တစ်ရက်ထဲ၌ ယာဉ်မတော်တဆမှု ၄ ကြိမ်ထက်မနည်းဖြစ်ပွား၍ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်များမှာ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီခွဲ၌ ရေတာရှည်မြို့နယ်၊ သာဂရ အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၇၅ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၂ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားတွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်၌ ပဲခူးမြို့နယ် ဘောနတ်ကြီး အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၄၀ မိုင် ၃ ဖာလုံနှင့် ၅ ဖာလုံအကြားတွင် တစ်ကြိမ်၊ ညနေ ၅ နာရီခွဲခန့်၌ အုတ်တွင်းမြို့နယ် ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၄၀ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံအကြားတွင် တစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်ထက်မနည်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များအနက် မိုင်တိုင်အမှတ် ၁၉၂ မိုင်အနီးတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်မှာ လူအားထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ကျန်ဖြစ်စဉ် ၃ ခုမှ ကျား ၃ ဦး မ ၇ ဦး စုစုပေါင်း ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) များရရှိသွားခဲ့ပြီး နီးစပ်ရာ ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် အမြန်လမ်း ၁၇၅ မိုင်အနီး ဖြစ်ပွားခဲ့သည့် ယာဉ်အမှတ် AA/---- FIELDER ယာဉ်မောင်း ကိုမျိုးဆွေထိုက်အား သာဂရ အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၁/၂၀၁၈၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ အရလည်းကောင်း၊ အမြန်လမ်း ၁၉၂ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်အမှတ် 9M/---- Honda Insight ယာဉ်မောင်း ဦးအောင်နိုင်အား ပလွေး အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၇၉ အရလည်းကောင်း၊ အမြန်လမ်းမကြီး ၄၀ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်အမှတ် 6I/----PROBOX ယာဉ်မောင်း စိုးဝင်း၊ အလုံမြို့နယ်နေသူအား ဘောနတ်ကြီး အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ် (ပ) ၆/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၃၇ အရလည်းကောင်း၊ အမြန်လမ်းမကြီး ၁၄၀ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် ယာဉ်အမှတ်7/--- HYUNDAI STAREX ယာဉ်မောင်း ဖြိုးမင်းေ၀ ၂၃ နှစ်၊ လှိုင်သာယာမြို့နယ်နေသူအား၊ ဗောဓိကုန်းအမြန်လမ်းမBကီး ရဲစခန်းမှ ယာဉ်(ပ)၁၅/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၃၇ အရ လည်းကောင်း၊ အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent