ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်နေသည့် ကျောက်စီနံရံတစ်ခု လုပ်ငန်းအပြီးမသတ်မီ ပြိုကျ

ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်နေသည့် ကျောက်စီနံရံတစ်ခု လုပ်ငန်းအပြီးမသတ်မီ ပြိုကျ
Published 13 April 2018

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ယာနံဘေးမှ ဆန်းချီချောင်းတစ်လျှောက်တွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်နေသည့် ကျောက်စီနံရံ အစိတ်အပိုင်း တစ်ခုမှာ ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းအပြီးမသတ်မီ ပေ ၁၀၀ ခန့် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ငွေ ကျပ် ၃၉၄ သန်း (၃၉၄၀ သိန်း) ဖြင့် တည်ဆောက်နေသည့် အရှည် ၇၆၀၀ ပေနှင့် အမြင့် ၇ ပေရှိ ဆန်းချီချောင်း ကျောက်စီနံရံ တည်ဆောက်ခြင်း လုပ်ငန်းမှာ လုပ်ငန်းစတင်ပြီး ၉ လခန့်အကြာ၌ ယင်းသို့ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်းချီချောင်းနှင့် ထားဝယ်မြစ်ဆုံရာ အနီးရှိ ဆိပ်ကမ်းသာ လမ်းမပေါ်မှ ဆန်းချီချောင်းတံတားနှင့် တဆက်တည်း ဖြစ်နေသည့် နေရာတွင် ကျောက်စီနံရံနှင့် ကုန်းမြေအကြား လွတ်နေသည့်နေရာကို မြေဖြည့်ရာမှ တစ်ပေလျှင် ကျပ် ၅၀၀၀၀ ကျော်တန်ဖိုးရှိ ကျောက်စီနံရံအရှည်ပေ ၁၀၀ ခန့် ပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြိုကျမှုမှာ ကျောက်စီနံရံ၏ ဒီဇိုင်းအနေအထားနှင့် အရည်အသွေး အားနည်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများအကြား ဝေဖန်မှု မြင့်တက်နေသည့်အပြင် ယခုကဲ့သို့ ဖြစ်ပွားမှုကြောင့် ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးနစ်နာခဲ့ရသဖြင့် တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ယင်းကျောက်စီနံရံ ပြိုကျမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ လာရောက်ပြုပြင်နေပြီး ပြိုကျသွားသည့် အစိတ်အပိုင်းနေရာတွင် ပိုမိုခိုင်ခန့်သည့် ကျောက်စီနံရံကို စည်ပင်သာယာရေး ဘတ်ဂျက်ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်သွားမည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြောကြားသည်။

အဆိုပါ ကျောက်စီနံရံကို ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ခဲ့စဉ်က လုပ်ငန်းသုံးပစ္စည်း အရည်အသွေးနှင့် မြေပြင်အခြေအနေများတွင် လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အားနည်းချက်များ ရှိနေကြောင်း ဒေသခံများအကြား ဝေဖန်မှုများ ရှိနေခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent