ပြင်ဦးလွင်မြို့ ဘူတာကြီးအနီးရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး အသတ်ခံရပြီး အတူတည်းခိုခဲ့သည့် အမျိုးသမီးအား သက်ဆိုင်ရာက စစ်ဆေးနေ

ပြင်ဦးလွင်မြို့ ဘူတာကြီးအနီးရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး အသတ်ခံရပြီး အတူတည်းခိုခဲ့သည့် အမျိုးသမီးအား သက်ဆိုင်ရာက စစ်ဆေးနေ
Published 9 April 2018

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃ ဟော်ကုန်းရပ် မြို့ပတ်လမ်းဘူတာအနီးရှိ စိန်သီရိမြန်မာတည်းခိုခန်းတွင် လာရောက်တည်းခိုသည့် အမျိုးသားတစ်ဦး အသတ်ခံခဲ့ရပြီး ၎င်းနှင့်အတူ တည်းခိုခဲ့သည့် အမျိုးသမီးအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါတည်းခိုခန်း အခန်းအမှတ် ၃၀၄ တွင် မောင်ဝေယံစိုးနှင့် အသက် ၂၀ အရွယ်ခန့် အမည်မသိအမျိုးသမီးတစ်ဦးမှာ ဧပြီ ၂ ရက်တွင် လာရောက်တည်းခိုနေခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ မှတ်ပုံတင်မရှိ၍ အမျိုးသား၏ မှတ်ပုံတင်ဖြင့် လက်ခံတည်းခိုနေထိုင်ခဲ့ကြောင်း၊ ဧပြီ ၈ ရက် နံနက် ၅ နာရီခန့်တွင် အမျိုးသမီးဖြစ်သူမှာ အခန်းပြန်အပ်တော့မည်ဟု အခန်းသော့ပေးကာ ဝေယံစိုး၏မှတ်ပုံတင်အား ပြန်လည်ယူဆောင်ကာ တစ်ယောက်တည်း ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၇ နာရီခွဲခန့်တွင် အခန်းသန့်ရှင်းရေးပြုလုပ်ရန် တည်းခိုခန်းမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက အဆိုပါအခန်းနံပါတ် ၃၀၄ သို့ သွားရောက်စဉ် အခန်းအတွင်း ခုတင်ပေါ်ရှိ ခေါင်းအုံးနှင့်စောင်များ မတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာ အခန်းအပြင် ဝရံတာ၌ ဝေယံမိုးအား လည်ပင်းနှင့်ညှပ်ရိုးကြား ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသောကြောင့် ပြင်ဦးလွင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဝေယံစိုး (၂၂ နှစ်) (ဘ) ဦးစိုးရွှေမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ခရေ (၆) လမ်း မင်္ဂလာဒီပရပ်ကွက် နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက “ကောင်မလေးကို အခုခေါ်ယူစစ်ဆေးနေဆဲမို့ အတိအကျမပြောနိုင်သေးပါဘူး” ဟုပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဦးလွင် မြို့မရဲစခန်းတွင် (ပ) ၁၀၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent