မောင်တောက ပြန်ခဲ့တယ်

မောင်တောက ပြန်ခဲ့တယ်
Published 9 April 2018

နယ်ခြားစောင့်ရဲတစ်ဦး လုံခြုံရေးရယူထားစဉ်

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအခြေအနေတွေအပြီး ပြန်လည်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သတင်းရယူနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြည်တွင်းအခြေစိုက် မီဒီယာအချို့ကို လိုက်ပါသတင်းယူနိုင်ကြောင်း ဖိတ်ကြားလာခဲ့ပါတယ်။ ဖိတ်ကြားမှုကို လိုက်ပါသတင်းယူရာမှာ လိုက်ပါမယ့်သတင်းဌာနက ခရီးစဉ်အတွက် လေယာဉ်လက်မှတ်၊ တည်းခိုစရိတ်နဲ့ အစားအသောက်ကို မိမိတို့ဘာသာ အကုန်ကျခံရမှာဖြစ်ပြီး သတင်းယူရန်အတွက် ချိတ်ဆက်ပေးခြင်းနဲ့ လုံခြုံရေးကိုတော့ ခေါ်ယူသူတွေဘက်က တာဝန်ယူပေးမယ်ဆိုပြီး ဆက်သွယ်ဖိတ်ကြားလာတာကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပြန်လည်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သတင်းမှန်ရယူနိုင်ဖို့အတွက် လိုက်ပါဖို့ အမည်စာရင်းပေးသွင်းပြီးနောက် ရခိုင်ပြည်နယ်အခြေအနေတွေအတွက် ပြည်သူတွေကို တင်ပြဖို့ လိုက်ပါသတင်းယူခွင့်ရခဲ့ပါတယ်။

ဘယ်လိုမီဒီယာတွေ လိုက်ပါခွင့်ရခဲ့လဲ

မောင်တောဒေသကို သတင်းရယူမယ့် ပြည်တွင်းအခြေစိုက် သတင်းဌာနတွေက လိုက်ပါမယ့်သူတွေဟာ ၂၀၁၈ ခုနှစ် မတ် ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် စစ်တွေလေဆိပ်ကို လေကြောင်းခရီးနဲ့ ထွက်ခွာခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တာဝန်ရှိသူတစ်ဦးက ဦးဆောင်ပြီး သတင်းရယူမယ့်အစီအစဉ်နဲ့ လမ်းကြောင်းတွေကို ရှင်းလင်းပါတယ်။ မောင်တောဒေသ အခြေအနေကို လိုက်ပါသတင်းယူတဲ့ ပြည်တွင်းသတင်းဌာနတွေအနေနဲ့ Eleven Media Group၊ MRTV၊ NPE၊ MITV၊ Myanmar Times၊ MRTV 4၊ Mizzima၊ Irrawaddy၊ The Voice၊ Frontier Myanmar၊ Hot News၊ Sky Net နဲ့ Myanmar press photo Angency တို့ကနေ လိုက်ပါသူ စုစုပေါင်း ၁၄ ဦးပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကိုတော့ MRTV က ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ဦးဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

မတ် ၃၀ ရက် နံနက်အစောပိုင်းမှာ စစ်တွေမြို့ ရေချမ်းပြင်ကတစ်ဆင့် အငူမော်ထိကို ရေကြောင်းခရီးနဲ့ တစ်နာရီကျော်ကြာ ထွက်ခွာခဲ့ပြီး အငူမော်ဆိပ်ကိုအရောက်မှာ သတင်းရယူမယ့် ပြည်တွင်းမီဒီယာတွေကို မောင်တောခရိုင် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ လုံခြုံရေးရယူပေးမယ့် မောင်တောမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်အချို့က လာရောက်ကြိုဆိုခဲ့ကြပါတယ်။ အငူမော်ကနေတစ်ဆင့် မောင်တောကို ကားနဲ့နှစ်နာရီကျော်၊ သုံးနာရီနီးပါး သွားရောက်ခဲ့ရပါတယ်။ လမ်းတစ်လျှောက်မှာ လမ်းခင်းခြင်း လမ်းပြုပြင်ခြင်းတွေ ဆောင်ရွက်နေတာကြောင့် ခရီးတစ်လျှောက်လုံး ဖုန်တစ်လုံးလုံးနဲ့ လမ်းကြမ်းကို ဖြတ်ကျော်ပြီးနောက် မောင်တောကို မနက် ၁၁ နာရီကျော်မှာ ရောက်ရှိခဲ့ပါတယ်။

မောင်တောကို ရောက်ရောက်ချင်းမှာပဲ ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပြည်တွင်းမီဒီယာတွေ တွေ့ဆုံခဲ့ပြီး မောင်တောဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပါတယ်။

မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ရတာတွေ၊ လုံခြုံရေးကျိုးပေါက်ခဲ့တာတွေနဲ့ တစ်ဖက်ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားတဲ့သူတွေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်နေနိုင်ပေမယ့် အခုအချိန်အထိ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးတာတွေကို ရှင်းလင်းပြောကြားခဲ့ပြီး အခုခရီးစဉ်ကို သတ်မှတ်ပေးထားတဲ့အတိုင်းသွားဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ရောက်နေကျနေရာ၊ ယူနေကျသတင်းနဲ့ မလုံခြုံသေးတဲ့ အခြားနေရာတွေ မီဒီယာသမားတွေက ငွေကုန်ကြေးကျခံလိုက်ခဲ့ရပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပေးတဲ့ဒီခရီးစဉ်ဟာ အရင်ခရီးစဉ်လမ်းကြောင်းတွေနဲ့ ထပ်တူနီးပါးဖြစ်နေလို့ အခြားသောနေရာတွေကို သွားရောက်သတင်းရယူနိုင်ဖို့ ပြောဆိုခဲ့ပေမဲ့လည်း အုပ်ချုပ်ရေးပိုင်းက လုံခြုံရေးတာဝန်ယူနိုင်ခြင်း မရှိတာကြောင့် မသွားရောက်ဖို့ ပြောကြားခဲ့တာကြောင့် ပြန်ကြားရေးဘက်က မူလစီစဉ်ထားတဲ့ ခရီးစဉ်အတိုင်းသာ သွားရောက်သတင်းရယူခဲ့ရပါတယ်။

ဒီလိုမျိုး ခရီးစဉ်ထပ်တူတွေပဲ စီစဉ်နေမယ်ဆိုရင် နောင်လာမယ့် ရခိုင်ခရီးစဉ်တွေမှာ သတင်းလိုက်ပါယူမယ့် မီဒီယာတွေနဲ့ သတင်းသွားရောက်ယူမယ့်နေရာတွေကို ကြိုတင်ညှိနှိုင်းဖို့လိုကြောင်း သတင်းမီဒီယာတွေဘက်က ပြောဆိုခဲ့ရပါတယ်။ ကုန်ကျစရိတ်စိုက်ထုတ်ပြီး လိုက်ပါသတင်းရယူရတဲ့ ပြည်တွင်းမီဒီယာတွေအတွက် ခရီးစဉ်တိုင်းက ဖော်ပြပြီးသား သတင်းတွေချည်း အထပ်ထပ်အခါခါ ပရိသတ်ကို တင်ဆက်လို့မရသလို ပြည်သူတွေကလည်း ပြန်ကြားရေးဝန်ကြီးဌာနက ရခိုင်ခရီးစဉ်တွေ ခေါ်ပါတယ်။ ကြေညာတိုင်း ဒီနေရာ၊ ဒီပုံစံ၊ ဒီသတင်းပဲမြင်နေရရင် သတင်းထိမ်ချန်တယ်။ လွတ်လပ်ခွင့်မရှိသေးဘူး။ မလုံခြုံသေးဘူးလို့ပဲ မြင်ကြမှာပါ။ ဒါ့အပြင် နောက်ပိုင်းမှာ ရခိုင်ဒေသခရီးစဉ်တွေကို တစ်လနှစ်ကြိမ်အထိ သွားရောက်သတင်းယူကျဖို့ စီစဉ်ထားတယ်လို့ ကြားသိရပြီး အဲဒီလိုယူရာမှာ ပြန်ကြားရေးအနေနဲ့ တည်ငြိမ်လာတဲ့ နေရာဒေသအသစ်တွေနဲ့ ကျေးရွာအသစ်တွေဆီ ပို့ဆောင်ပေးမယ့် အခြေအနေ၊ နေရာဟောင်းတွေမှာပဲ သတင်းယူခွင့်ရမှာလားဆိုတဲ့ အခြေအနေတွေကို ခရီးစဉ်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပမီဒီယာတွေကို ကြိုတင်တွေ့ဆုံညှိနှိုင်းဖို့လည်း လိုပါတယ်။

အဲဒီလိုတွေ့ဆုံပြီးမှ လုံခြုံရေးအရလုံးဝသွားဖို့ မဖြစ်နိုင်တဲ့နေရာ၊ မီဒီယာတွေကလည်း သတင်းတည်ဆောက်လို့ရမယ့် အခြေအနေတွေကို အသေးစိတ်ညှိနှိုင်းပြီး သွားရောက်မှသာ ခရီးစဉ်က ပိုမိုအဆင်ပြေနိုင်မှာလည်းဖြစ်ပါတယ်။

မောင်တောမြို့နယ် ကျေးလက်တစ်ခုမှ ဒေသခံများအား တွေ့ရစဉ်

ကြိုတင်ပြင်ဆင်ထားတဲ့ လူတစ်စုဆီက သတင်းယူခဲ့ရတယ်

မီဒီယာသမားတွေနဲ့ မောင်တောခရိုင် အုပ်ချုပ်ရေးပိုင်းကလူတွေနဲ့ တွေ့ဆုံပြီးနောက်မှာတော့ ပြန်ကြားရေးဘက်က စီစဉ်ထားတဲ့ မောင်တောဒေသမြောက်ပိုင်းမှာရှိတဲ့ အိုးထိန်းကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ပန်းတောပြင်ဒေသတွေမှာ သတင်းသွားရောက်ရယူဖို့အတွက် သတင်းသမားတွေဟာ ပြန်ကြားရေးဘက်က စီစဉ်ပေးထားတဲ့ကားနဲ့ တစ်စီးကိုလေးယောက်၊ ငါးယောက်နှုန်းနဲ့ ကားငါးစီးနဲ့ သွားရောက်ခဲ့ကြပါတယ်။ မီဒီယာတွေ လိုက်ပါလာတဲ့ကားတွေရဲ့ ရှေ့ဆုံးမှာတော့ လုံခြုံရေးတာဝန်ယူပေးမယ့် ရဲတပ်ဖွဲ့ဝင်ကားတွေရဲ့ကားက ရှေ့ပြေးမောင်နှင်ပေးပြီး ကားပေါ်မှာတော့ အရာရှိတစ်ယောက်နဲ့ အခြားအဆင့် ငါးယောက်လောက်နဲ့သာ လိုက်ပါလုံခြုံရေးရယူပေးခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာတော့ နယ်ခြားစောင့်တပ်က ရဲတပ်ဖွဲ့ဝင်က လုံခြုံရေးယူပေးခဲ့တဲ့အခြေနေရှိခဲ့ပါတယ် လုံခြုံရေးယူတယ်ဆိုရာမှာလည်း မြင်ခဲ့ရတာတစ်ခုက လမ်းပိုင်းတစ်ခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၊ နှစ်ဦးနှုန်းနဲ့ နေရာခပ်ကျဲကျဲမှာ လုံခြုံရေးရယူပေးထားတာ ဖြစ်ပါတယ်။ လုံခြုံရေးယူထားတဲ့ နေရာတစ်ခုနဲ့ တစ်ခုအကြားမှာ လှမ်းအော်ရုံနဲ့ မကြားနိုင်သလို လူတစ်ဦးချင်း၊ နှစ်ဦးချင်းပဲ လုံခြုံရေးချထားနိုင်တဲ့အင်အားက တကယ်ပဋိပက္ခထပ်ဖြစ်ရင် ကာကွယ်နိုင်ပါ့မလားဆိုတာကို အတွေးရောက်လာပါတယ်။ ဒီလိုအတွေးဟာ ပဋိပက္ခဖြစ်ပြီးပေမဲ့ လုံခြုံရေးစိတ်ချရတဲ့နေရာမှာ လုံခြုံမှုအပြည့်နဲ့သွားနေရတဲ့ သတင်းသမားတစ်ဦးရဲ့ ခံစားချက်ဖြစ်ပြီး မလုံခြုံမှုတွေ အကြောက်တရားတွေနဲ့ ရှင်သန်နေရတဲ့ တိုင်းရင်းသားတွေရဲ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ဖိစီးမှုလေးအခိုက်အတန့် ဝင်လာခဲ့ပါတယ်။

သတင်းရယူဖို့စီစဉ်ထားတဲ့ ပန်းတောပြင်ဟာ မကြာခဏ သတင်းရယူနေတဲ့နေရာဖြစ်တာကြောင့် ပန်းတောပြင်အစား ပန်ချောင်းကျေးရွာအုပ်စုဘက်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့တွေရဲ့ အခက်အခဲနဲ့ အစိုးရပိုင်းက ဆောင်ရွက်ချက်တွေကို မေးမြန်းခဲ့ကြပြီး အဲဒီကနေတစ်ဆင့် အိုးထိန်းကျေးရွာကို သွားရောက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေနဲ့ မြိုတိုင်းရင်းသားတွေကို တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။

အဲဒီလို သွားရောက်သတင်းရယူရာမှာတော့ ပြန်ကြားရေးကပြောတဲ့အတိုင်း မြေပြင်အခြေနေကို အမှန်တကယ် ကွင်းဆင်းလေ့လာ သတင်းရယူခြင်းမျိုးမဟုတ်ပါဘူး။ ရောက်ရှိရာကျေးရွာထိပ်မှာ ကြိုတင်စောင့်ဆိုင်းနေတဲ့ လူတစ်စုဆီမှာသာ မေးမြန်းမှုတွေပြုလုပ်ရတာဖြစ်ပြီး သူတို့ဖြေသမျှပြောသမျှကိုသာ နားထောင်ခဲ့ကြရပါတယ်။ အဲဒီလိုမေးမြန်းရာမှာလည်း အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ လုံခြုံရေးယူပေးထားတဲ့ ရဲတပ်ဖွဲ့တွေ၊ သတင်းရဲတပ်ဖွဲ့တွေ၊ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ကလို့ ယူဆရတဲ့ သတင်းလိုက်ပါရယူသူတွေ ရှိနေတာကြောင့်လည်း ဖြေဆိုသူတွေဟာ အကြောက်တရားတွေရှိနေပြီး ရင်ထဲကရှိသမျှကို မဖြေရဲကြဘူးလို့ယူဆရပြီး မေးမြန်းနေတဲ့ မီဒီယာတွေအနေနဲ့လည်း အကန့်အသတ်တစ်ခု ရှိနေတယ်လို ခံစားနေရကာ ဒေသခံတွေကို မေးမြန်းပြီး သတင်းအချက်လက်ရယူရာမှာ လွတ်လပ်မှုမရှိခဲ့ရပါဘူး။

သတင်းသမားတွေဟာ နယ်မြေအခြေအနေကို သတင်းရယူရမှာ ပုံမှန်လှုပ်ရှားနေတဲ့ အခြေအနေကို သတင်းရယူလိုကျတာဖြစ်ပြီး ရွာတွေကိုသတင်းယူဖို့ဆင်းရာမှာ အခုလို ကြိုတင်စောင့်ဆိုင်းနေတာမျိုးမဟုတ်ဘဲ ရွာထဲဆင်းပြီး သူတို့လှုပ်ရှားနေတာတွေကို သဘာဝကျကျသတင်းယူလိုပေမယ့် သတင်းရယူရမယ့် ရွာတစ်ရွာကို ရောက်ပြီဆို ကြိုတင်စီစဉ်ထားတဲ့လူတွေက စောင့်ဆိုင်းနေပြီး ဖြေကြပါတယ်။ အဲဒီလို လာရောက်စောင့်ဆိုင်းနေရာမှာလည်း အမျိုးသားတွေကိုပဲတွေ့ရပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ မပါဝင်ပါဘူး။ အဲဒီလို ကြိုတင်စောင့်ဆိုင်းနေသူတွေရဲ့ ဖြေကြားမှုဟာ သူတို့ရဲ့ တကယ့်ပကတိအခက်ခဲတွေ၊ ရင်ထဲကဖြစ်နေတဲ့ ခံစားချက်တွေမှ ဟုတ်ရဲ့လားလို့လည်း သံသယဝင်မိပါတယ်။ ဘာလို့သံသယဝင်ရလဲဆိုရင် သတင်းရယူရာမှာ ကြိုတင်စီစဉ်ပေးခဲ့တာကြောင့် ဖြေကြားဖို့ကိုရော ကြိုတင်သင်ကြားပေးထားသလားလို့လည်း တွေးထင်မိပါတယ်။ ဒီလိုခံစားမှုဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတိုင်း ဖြစ်နေရတဲ့ခံစားမှုပါ။ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ပေးတဲ့ခရီးစဉ်တိုင်းလိုလိုမှာ စီစဉ်ပေးထားတဲ့သူတွေကပဲ ထွက်ထွက်ပြီးဖြေနေတဲ့ပုံစံမျိုးဟာ မောင်တောဒေသ တကယ်ပဲအေးချမ်းနေလို့လား။ ပဋိပက္ခဖြစ်ပြီးနောက်မှာ ဖုံးကွယ်ထားချင်တာမျိုး ရှိနေသလားဆိုတဲ့ ခံစားချက်မျိုးဝင်နေကြတာကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေ သတိပြုမိဖို့ လိုအပ်မှာဖြစ်ပြီး သတင်းသမားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စောင့်ဆိုင်းမှုမရှိဘဲ ရွာအတွင်းကို လွတ်လွတ်လပ်လပ်သွား၊ သူတို့ကြုံနေရတဲ့အခြေအနေတွေကို ပေါ့ပေါ့ပါးပါးဖြေဆိုနိုင်မှ မီဒီယာသမားတွေဟာ သူတို့တာဝန်ကျေတယ်ထင်ပြီး ဖြစ်နေတဲ့အခြေအနေတွေကို အကောင်းမြင်တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။ အကောင်းမြင်တင်ဆက်တာ မဟုတ်ရင်တောင် အကြောက်တရားနဲ့ သင်ကြားထားတဲ့အတိုင်း နှုတ်တိုက်ဖြေနေတာထက် လွတ်လပ်စွာပြောနေတဲ့ မြင်ကွင်းတွေကပဲ အမှတ်ပြည့်ရနိုင်မယ်ဆိုတာ တာဝန်ရှိသူတွေ သတိပြုမိစေလိုပါတယ်။
ဒါ့အပြင် သတင်းသမားတွေကို ကျေးရွာထဲထိမပို့ဘဲ ကြိုတင်စောင့်ဆိုင်းနေတဲ့နေရာက လူတွေကိုသာ မေးမြန်းဖို့ ဒီလိုစီစဉ်ပေးထားတာဟာလည်း လုံခြုံရေးအခြေအနေကြောင့်လား၊ ကျေးရွာက ပကတိအခြေအနေတွေကို မီဒီယာတွေကို မမြင်စေချင်တာလား ဆိုတာကိုလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

မလုံလောက်တဲ့ သတင်းရယူချိန်

ကျေးရွာတွေမှာ သတင်းယူရာမှာလည်း တစ်နေရာနဲ့တစ်နေရာကို နှစ်နာရီ၊ သုံးနာရီ သွားရောက်ရပြီး လမ်းခရီးကြမ်းတမ်းသလို သွားရလာရ ဝေးလံပေမယ့်လည်း သတင်းယူရမယ့် နေရာရောက်တာနဲ့ သတင်းရယူရချိန်ဟာ အများဆုံး ၁၅ မိနစ်သာ ရခဲ့ပါတယ်။ ၁၅ မိနစ်ဆိုတာဟာ အများဆုံးပါ။ တချို့နေရာတွေမှာ ငါးမိနစ်လောက်နဲ့ သတင်းရယူရတာတွေလည်း ရှိပါတယ်။ သတင်းတစ်ပုဒ်ကို တိတိကျကျနဲ့ အဖြစ်မှန်အတိုင်း သတင်းတည်ဆောက်ဖို့ဆိုရင် အချိန် ၁၅ မိနစ်ဆိုတာ လုံလောက်တဲ့အချိန် မဟုတ်ဘူးဆိုတာ စီစဉ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက မသိဘူးလားဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း သုံးသပ်ရပါတယ်။

ဒီလိုမေးခွန်းထုတ်စရာ ဖြစ်လာပေမယ့် ဆယ့်ငါးမိနစ်ဆိုတဲ့ အချိန်အတိုင်းအတာမှာ ခြေခြေမြစ်မြစ် သတင်းတစ်ခုတည်ဆောက်ဖို့ တိကျခိုင်လုံတဲ့ သတင်းတစ်ခုကို တည်ဆောက်ဖို့ မလုံလောက်ဘူးဆိုတာကို သတင်းစာ၊ ရုပ်မြင်သံကြားတွေကို ကိုယ်တိုင်လည်းထုတ်လွှင့်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သေချာသိနေမှာပါ။

ခရီးစဉ်မှာ တစ်နေရာနဲ့ တစ်နေရာရဲ့ ခရီးစဉ်ကြမ်းတမ်းမှု ခရီးဝေးကွာပြီး သွားလာချိန်ကြာမြင့်မှုတွေကြောင့် အချိန်ကိုငဲ့ကွက်ပြီး သတင်းယူဖို့အချိန်ကို ကန့်သတ်တယ်ဆိုပေမယ့်လည်း ၁၅ မိနစ်ဆိုတဲ့အချိန်ကတော့ သတင်းတစ်ပုဒ်အတွက် အလွန်နည်းတဲ့ အချိန်ဖြစ်နေတာကြောင့် ပြန်ကြားရေးဘက်က နောက်ထပ်စီစဉ်မယ့် ရခိုင်ခရီးစဉ်တွေမှာ ဒါကိုထည့်သွင်းစဉ်းစားပြီး သတင်းတည်ဆောက်ဖို့ လုံလောက်တဲ့အချိန်တစ်ခုကို သတ်မှတ်ပေးဖို့လိုသလို သတင်းရယူရမယ့် မြေပြင်အခြေအနေမှာလည်း ကြိုတင်စီစဉ်ထားတဲ့ လူတချို့ကို မေးမြန်းဖို့စီစဉ်ပေးထားတာထက် ကိုယ်တိုင်ကွင်းဆင်းနိုင်အောင် ဆောင်ရွက်ပေးဖို့ကိုလည်း လုပ်ဆောင်ပေးဖို့လိုပါတယ်လို့ အကြံပြုချင်ပါတယ်။

ဒါ့အပြင် သတင်းသမားတွေရဲ့ ကားတန်းနဲ့အတူ ပြည်ထဲရေးနဲ့တပ်မတော်က သတင်းတပ်ဖွဲ့တွေ သတင်းလိုက်ပါယူတဲ့အခါမှာ တချို့အရာတွေကို စီစဉ်တဲ့ပြန်ကြားရေးဟာ သတ်မှတ်ချက်တစ်ခုထားပေးဖို့ လိုပါတယ်။ သတင်းလိုက်ပါယူတဲ့အခါမှာ လှေဆိပ်အဆင်းအတက်၊ ကားတန်းအသွား အတက်အဆင်းတွေ၊ မီဒီယာသမားတွေ သတင်းရယူနေတာကို ဓာတ်ပုံရိုက်မှတ်တမ်းယူရုံနဲ့တော့ သတင်းသမားတွေကို အနှောင့်အယှက်မဖြစ်ပေမယ့် ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားနေတဲ့ သတင်းသမားတွေ ထမင်းစားနေတာကအစ မှတ်တမ်းယူနေတာကတော့ မဖြစ်သင့်တာကြောင့် ပြန်ကြားရေးအနေနဲ့ တားမြစ်ပေးဖို့ လိုအပ်ပါတယ်။

မတ် ၃၁ ရက်မှာတော့ ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း တောင်ပြိုလက်ဝဲကို သွားရောက်သတင်းရယူပြီး လမ်းတစ်လျှောက်က နယ်ခြားစောင့်စခန်းတွေ ဆောက်နေတာတွေကို ပြသခဲ့သလို တစ်ဖက်ကဝင်လာမယ့်သူတွေကို လက်ခံမယ့် လက်ခံရေးစခန်းက ဆောင်ရွက်ချက်တွေကို လိုက်လံရှင်းလင်းပြသခဲ့ပါတယ်။ ဒါ့အပြင် နယ်နိမိတ်မျဉ်းပေါ်မှာ နေထိုင်သူတွေရဲ့ အခြေအနေတွေကို လိုက်လံပြသပြီးနောက်မှာ မောင်တောကို ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။

အေးချမ်းပါစေ ရခိုင်မြေ

မောင်တောခရီးစဉ်ကို သတင်းသွားရောက်ရယူရာ လမ်းတစ်လျှောက်ဝဲယာမှာ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ပျက်စီးနေတဲ့ လူနေအိမ်တွေ၊ မီးလောင်ပျက်စီးနေတဲ့ မြင်ကွင်းတွေကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ခဲ့ရပြီး တိုက်ခိုက်ခံခဲ့ရတဲ့ နယ်ခြားစောင့်စခန်းတွေမှာလည်း ခြံစည်းရိုးကို ပိုမိုလုံခြုံစွာ ကာရံထားတဲ့အခြေအနေတွေ မြင်တွေ့ခဲ့ရပါတယ်။

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပြည်တွင်းကနေ ထွက်ခွာသွားသူတွေ ပြန်လည်ဝင်ရောက်လာရင် ထားရှိဖို့ဆာက်လုပ်နေတဲ့ အဆောက်အအုံတွေကိုလည်း မြင်တွေ့ခဲ့ရသလို အရင်တုန်းက ဒေသခံတွေ သွားလာလှုပ်ရှားပြီး လူစည်ကားခဲ့တဲ့နေရာတွေမှာ အဆောက်အအုံအပျက်တွေ မီးလောင်ထားတဲ့ ကွင်းပြင်တွေသာ လမ်းတစ်လျှောက်မြင်တွေ့ခဲ့မှုဟာ ရခိုင်မြေအတွက် စိတ်မချမ်းမြေ့ဖွယ် အရုပ်ဆိုးတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်နိုင်ငံကို အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ထွက်ပြေးသွားသူတွေကို ဇန်နဝါရီ ၂၃ ရက်က ပြန်လည်လက်ခံမှု စတင်ခဲ့ပေမယ့်လည်း အခုချိန်အထိ ပြန်လည်ဝင်ရောက် နေထိုင်သူတွေမရှိသေးသလို ပြန်လည်ဝင်ရောက်လာသူတွေ နေထိုင်ဖို့ နေအိမ်တွေကို တိုင်းနဲ့ပြည်နယ်အလိုက် အစိုးရအဖွဲ့တွေက လှူဒါန်းထားပြီး စာသင်ကျောင်း၊ ဆေးပေးခန်းတွေအပါအဝင် လူနေမှုအတွက် လိုအပ်နေတာတွေကို ဆောက်လုပ်နေတယ်ဆိုပေမယ့် အချို့နေရာတွေမှာတော့ ဆောက်လုပ်နေဆဲဖြစ်ပြီး မပြီးစီးသေးတာတွေလည်း တွေ့ခဲ့ရပါတယ်။

ပြည်တွင်းပြည်ပမီဒီယာတွေကို ခေါ်ယူပြီး သတင်းလိုက်ပါရယူခွင့် ပြုနေတယ်ဆိုပေမယ့် လက်ရှိအချိန်အထိ စီစဉ်ပေးသမျှခရီးစဉ်တွေက ပွင့်လင်းမြင်သာမှုဆိုတဲ့ရသကို သတင်းသမားတွေ ခံစားရတယ်လို့ မမြင်မိသေးသလို ဒီခရီးစဉ်တွေ စီစဉ်ပေးမှုကြောင့် ပြည်တွင်းပြည်ပမီဒီယာတွေက အစိုးရလုပ်ဆောင်ချက်တွေကို အကောင်းမြင်ထောက်ခံရေးသားနေတာမျိုး ဟုတ္တိပတ္တိမတွေ့ရသေးခြင်းဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစိုးရကစီစဉ်တဲ့ သတင်းယူခွင့်ခရီးစဉ်တွေရဲ့ အားနည်းချက်ကို ညွှန်းဆိုနေပါတယ်။

ရခိုင်ပဋိပက္ခပြန်လည်ဖြစ်လာပြီး မြန်မာနိုင်ငံကို စွပ်စွဲချက်မျိုးစုံ ဆင့်ကဲဖြစ်လာချိန်မှာ သာမန်ပြည်သူတွေတောင် သိခဲ့ကြတာ သုံးသပ်ခဲ့ကြတာက မြန်မာနိုင်ငံဟာ ရခိုင်အရေးမှာ အနောက်နိုင်ငံတွေရဲ့ မီဒီယာထောင်ချောက်ထဲမှာ ပိတ်မိသွားပြီး မီဒီယာစစ်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုတဲ့ ခံစားချက်ပါ။

ဒီလိုမီဒီယာစစ်ပွဲမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အရေးနိမ့်ခဲ့ရတာကို အစိုးရအနေနဲ့ ပြန်ပြီးအဖတ်ဆည်ချင်တယ်။ ရခိုင်အရေးမှာ ပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံက စွန့်ခွာထွက်ပြေးသူတွေကို ကြိုးစားပမ်းစားလက်ခံနေပြီဆိုတဲ့ အမြင်မျိုး နိုင်ငံတကာက သိရှိစေချင်တယ်ဆိုရင် လက်ရှိသတင်းယူဖို့ စီစဉ်ပေးထားတဲ့ အခြေအနေတွေကို ပြောင်းလဲပေးပါလို့ ပြန်ကြားရေးရဲ့ ဦးဆောင်မှုနဲ့အတူ သတင်းလိုက်ပါယူသူ တစ်ယောက်အနေနဲ့ တင်ပြချင်သလို ရခိုင်ပြည်နယ် အေးချမ်းပါစေလို့လည်း တစ်ဆက်တည်း ဆုတောင်းမိပါတယ်။

Most Read

Most Recent