သမ္မတဦးဝင်းမြင့်အပေါ် ဘာတွေမျှော်လင့်နေကြသလဲ

သမ္မတဦးဝင်းမြင့်အပေါ် ဘာတွေမျှော်လင့်နေကြသလဲ
Published 9 April 2018

နိုင်ငံတော်သမ္မတရာထူးတာဝန် စတင်ထမ်းဆောင်သည့် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ တွေ့ရစဉ်

“ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပြည်သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်”

ဒီစကားကိုတော့ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရာထူးရွေးချယ်ပွဲအပြီး မီဒီယာတွေကို သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့တာပါ။ များပြားလှတဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်ချိန်မှာ သူယုံကြည်ရသူ တစ်ယောက်ကို တာဝန်တချို့လွှဲပေးဖို့ အချိန်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးအပါအဝင် ဝန်ကြီးဌာနနှစ်ခုရဲ့ ပြည်ထောင်စုဝန်ကြီး ရာထူးနဲ့ဌာနအလိုက် ဖွဲ့စည်းထားတဲ့ ကော်မရှင်အများစုမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာတွေကို တာဝန်ယူထားတဲ့အတွက် ပြီးခဲ့တဲ့ အစိုးရ သက်တမ်းနှစ်နှစ်အတွင်းမှာ အစိုးရအဖွဲ့ စွမ်းဆောင်ရည်ဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ်မှာသာ တည်မှီနေတာကြောင့် ထင်သလောက် ခရီးမရောက်ခဲ့ဘူးလို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်ကို ခန့်အပ်ခဲ့တာကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ) ကို ကျော်လွှားနိုင်ဖို့အတွက် ဖြစ်တာကြောင့် ပြီးခဲ့တဲ့ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ ဦးထင်ကျော်အနေနဲ့ သမ္မတလုပ်ပိုင်ခွင့်တွေကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

NLD အစိုးရသက်တမ်း နှစ်နှစ်ပြည့်ခါနီးအချိန်မှာတော့ အစိုးရရဲ့ ကစားကွက်က ပြောင်းလဲခဲ့ပါတယ်။ သမ္မတဟောင်း ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီး သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ကို တင်မြှောက်ခဲ့ပါတယ်။ ဒါဟာ NLD အစိုးရအနေနဲ့ နိုင်ငံရေးကစားပွဲကို အငြိမ်ကစားနေရာကနေ အလှုပ်ကစားဖို့ ခြေလှမ်းစလိုက်တာလို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွှတ်တော်အတွင်း သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ ပြောဆိုလုပ်ကိုင်မှုတွေကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်တွေသာမက တခြားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကပါ လေးစားချီးကျူးရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီလို လွှတ်တော်အတွင်းမှာ ဥပဒေဘောင်အတွင်းကနေ သူမှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ရဲဝံ့ပြတ်သားစွာနဲ့ ပြောဆိုလုပ်ဆောင်ခဲ့တဲ့ ဦးဝင်းမြင့်အနေနဲ့ သမ္မတရာထူးရချိန်မှာ အရင်လို လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ နိုင်ငံရေးလေ့လာ စောင့်ကြည့်အကဲခတ်သူတွေက မေးခွန်းထုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းမြင့်အပေါ် တာဝန်ခွဲဝေမှု ဘယ်လောက်အထိ ပေးမလဲဆိုတဲ့အပေါ်မှာ မူတည်နေလို့ ဖြစ်ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်တချို့ကို လွှဲပြောင်းပေးဖို့ ဖြစ်နိုင်မှု ရှိ မရှိကတော့ အစိုးရသက်တမ်း နှစ်နှစ်ပြည့်မှာ သူပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကြည့်ရင်သိနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရနှစ်နှစ်ပြည့်မိန့်ခွန်းမှာ သမ္မတဦးဝင်းမြင့်အကြောင်းကို အထူးညွှန်းဆိုခဲ့ပြီး NLD ပါတီရဲ့ ဒုတိယမျိုးဆက်ကို သမ္မတအဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“သမ္မတကြီးဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စ အချိန်မှာပဲ ပါတီဝင် ဖြစ်လာပြီး ကိုယ်ရောစိတ်ပါ။ ကျွန်မတို့နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားများ အကျိုးဖြစ်စေမယ့် ပါတီလုပ်ငန်းတာဝန်များကို အကြီးအသေး၊ အမြင့် အနိမ့်မရွေးဘဲ ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူတို့ရဲ့ ဂုဏ်ရောင်ဟာ အရည်အချင်းပြည့်ဝ၊ ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တွေ မွေးထုတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယခု ကျွန်မတို့ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းက ပေါ်ပေါက်လာတဲ့ နိုင်ငံ့တာဝန်များကို သီလ၊ သမာဓိ၊ ပညာနဲ့ ထမ်းဆောင်နိုင်မယ့် နိုင်ငံတော်သမ္မတ တစ်ဦးကို ဒုတိယမျိုးဆက်လို့ ခေါ်ဆိုရမယ့် သူများအတွင်းက ခန့်အပ်နိုင်ခြင်းဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်များသာမက ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပထမမျိုးဆက်များ အားလုံးရဲ့ ဂုဏ်ရောင်ပဲ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားရာမှာ သမ္မတဦးဝင်းမြင့်ရဲ့ မိန့်ခွန်းက အရေးကြီးတဲ့အတွက် နားမထောင်ရသေးပါက ပြန်ဖတ်ကြဖို့ကိုလည်း တိုက်တွန်းထားပြီး သမ္မတမိန့်ခွန်း အပေါ်မှာ ထောက်ခံတာကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ လုပ်ငန်းတာဝန်တချို့ကို သမ္မတ ဦးဝင်းမြင့်ထံ လွှဲပြောင်းလုပ်ဆောင်စေမယ့် အရိပ်အယောင်တွေ တွေ့နေရတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်က ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတသစ် ဦးဝင်မြင့်အနေနဲ့ ပထမဦးဆုံး မိန့်ခွန်း ပြောကြားရာမှာ ဦးစားပေးရည် မှန်းချက်ပန်းတိုင် သုံးခုနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ကို ပြောကြားခဲ့ပါတယ်။ အစိုးရအဖွဲ့ ဦးစားပေးရည်မှန်းချက် ပန်းတိုင်သုံးခုအဖြစ် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့အချက်သုံးချက်ကို အဓိကထားပြီး ဆောင်ရွက်မယ်လို့ သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

“သမ္မတသစ်တစ်ယောက်ရဲ့ မိန့်ခွန်းအနေနဲ့ ပြောသွားတဲ့ အချက်အလက်တွေက ကောင်းမွန်ပါတယ်။ ပြည်သူပြည်သားတွေ မျှော်မှန်းထားတဲ့အတိုင်းလည်း ပြောသွားတာဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ပဲ ပြောရမှာပေါ့” လို့ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက မတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကြပ်မတ်ရေး၊ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရေးနဲ့ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။

ဆက်လက်ပြီး သမ္မတသစ်က လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေကို မြှင့်တင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးပိုမိုနှိမ်နင်းရေး၊ ပြည်သူ့ဘဏ္ဍာငွေတွေ အလေအလွင့် ဆုံးရှုံးမှုမရှိစေဖို့ စီမံခန့်ခွဲရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့်အပြင် တောင်သူလယ်သမားများရဲ့ လူနေမှုဘ၀ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ ဘဝသာယာစိုပြည်ရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး တို့ကို ဖော်ဆောင်ရေးစတဲ့ အချက်တွေကိုလည်း ပြောကြားခဲ့ပါတယ်။

ပြည်သူတွေရဲ့ နား၊ မျက်စိဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားဖို့၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့၊ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်ပြီး နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ကိုလည်း သမ္မတ ဦးဝင်းမြင့် ဆက်လက်ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းကိုကြည့်ပါက NLD အစိုးရသက်တမ်း လက်ကျန်သုံးနှစ်အတွင်း နိုင်ငံအတွက် အရေးတကြီး လုပ်ဆောင်ရမယ့် အချက်တော်တော်များများကို ထည့်သွင်းပြောကြားသွားတာ တွေ့ရတဲ့အတွက် ပြည်သူတွေက အားရကျေနပ်စရာပါ။ ဒါပေမဲ့ သမ္မတသစ် ဦးဝင်းမြင့်အနေနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက အချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည် ဖော်နိုင်မလားဆိုတာကတော့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ဘာကြောင့်လဲဆိုတော့ သမ္မတဟောင်း ဦးထင်ကျော်အနေနဲ့ နှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေမှာ ဘာမှလောက်လောက်လားလား လုပ်မပြနိုင်ခဲ့တဲ့အပေါ် နိုင်ငံရေးလေ့လာသူတွေနဲ့ ပြည်သူတွေက အနည်းငယ် အားမလိုအားမရ ဖြစ်နေခဲ့ကြတာတော့ အမှန်ပါပဲ။

ဒီလို သမ္မတတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရှိနေပါလျက်နဲ့ လုပ်မပြနိုင်ခဲ့တာက နိုင်ငံတာ်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ခွဲဝေပေးမှုဟာ အဓိကကျတယ်လို့ အားလုံးက ရှုမြင်ထားကြပါတယ်။ သမ္မတတစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ အကြောင်းအရာ ၁၄ ရပ် ရှိပါတယ်။

၁။ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဝန်ကြီးဌာနတွေကို သတ်မှတ်တာ၊ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်တာ၊ ဝန်ကြီးအရေအတွက် အတိုး အလျော့တွေ လုပ်နိုင်ပါတယ်။
၂။ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါမယ်။
၃။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပါတယ်။
၄။ ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ တံဆိပ်တွေ ချီးမြှင့်နိုင်သလို ချီးမြှင့်ထားတာတွေကို ရုပ်သိမ်းမှု လုပ်နိုင်ပါတယ်။
၅။ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံခြား တိုင်းပြည်တွေနဲ့ သံတမန် ဆက်သွယ်တာ၊ ဖြတ်တောက်တာ လုပ်နိုင်ပါတယ်။
၆။ နိုင်ငံခြားတိုင်းပြည်တွေမှာ နိုင်ငံကိုယ်စားပြုခန့်အပ်ထားတဲ့ သံတမန်တွေကို ခန့်အပ်တာ၊ ပြန်လည်ခေါ်ယူတာတွေ လုပ်နိုင်ပါတယ်။
၇။ ဥပဒေနဲ့အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးတွေကို ခန့်အပ်တာ၊ ထုတ်ပယ်တာတွေ လုပ်နိုင်ပါတယ်။
၈။ ဥပဒေနဲ့အညီ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ ဒါမှမဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်ချုပ်ဆိုတာ၊ အတည်ပြုတာ၊ ပယ်ဖျက်တာ၊ နုတ်ထွက်တာတွေ လုပ်နိုင်ပါတယ်။
၉။ ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးမှာ ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးကိုဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောတာ၊ သဝဏ်လွှာပို့တာတွေ လုပ်နိုင်ပါတယ်။
၁၀။ လိုအပ်ရင် ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူတာ၊ အထူးအစည်းအဝေး ခေါ်ယူတာတွေလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်နာယကကို အကြောင်းကြားနိုင်ပါတယ်။
၁၁။ ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့လိုအပ်တဲ့ (ဥပဒေကဲ့သို့ အာဏာတည်သော) အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်ခွင့် ရှိပါတယ်။
၁၂။ နိုင်ငံကျူးကျော် တိုက်ခိုက်ခံရတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။
၁၃။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းတဲ့ ဥပဒေတွေကို အရေးယူဆောင်ရွက်ပြီး လက်မှတ် ထိုးပိုင်ခွင့်ရှိပါတယ်။
၁၄။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖြစ်စေ၊ဥပဒေတာဝန် တရပ်ရပ်အရဖြစ်စေ အပ်နှင်းထားတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးဆောင်ရွက်မှု ဒါမှမဟုတ် ကျင့်သုံး ဆောင်ရွက်တဲ့ အနေနဲ့ လုပ်ခဲ့တာတွေအတွက် (ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ စွပ်စွဲပြစ်တင်ခြင်း ပြဋ္ဌာန်းချက်များမှအပ) မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးမှာမှ ဖြေရှင်းဖို့ တာဝန်မရှိပါဘူး။

အဲဒီ ၁၄ ချက်ကို အကြမ်းဖျင်း ကြည့်မယ်ဆိုရင် သမ္မတတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေဟာ တိုင်းပြည်အုပ်ချုပ်ရေးမှာတင်မကဘဲ အကြပ်အတည်း၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စတွေမှာပါ အဓိကကျတာကို အထင်အရှား တွေ့နိုင်ပါတယ်။

ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို ပေးထားပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သမ္မတရဲ့ အခန်းကဏ္ဍက မှေးမှိန်နေခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပဲ နိုင်ငံ့တာဝန်အများစုကို လုပ်ကိုင်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတသစ် ဦးဝင်းမြင့်အပေါ် ဘယ်လိုတာဝန်တွေ ခွဲပေးမလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

“တစ်နည်းမဟုတ် တစ်နည်းတော့ တာဝန်ခွဲလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့သက်တမ်းကာလမှာ အပြောင်းအလဲ တစ်ခုကို ဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါမယ်။ ပိုပြီး အသက်အရွယ်ငယ်တယ်။ ကျန်းမာရေးလည်းကောင်းတယ်။ လွှတ်တော်မှာလည်း အတွေ့အကြုံရှိတယ်။ ဝန်ကြီးဌာနတွေကိုလည်း ခေါ်ယူတွေ့ဆုံမေးမြန်းလို့ရတဲ့ ပုဂ္ဂိုလ်က သမ္မတဖြစ်လာတယ်ဆိုတော့ တစ်ခုမဟုတ်တစ်ခု ပြောင်းလဲမှုတွေ ရှိလာမယ် ယူဆတယ်” လို့ မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရရှိထားတဲ့ အခွင့်အာဏာတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့မယ် ဆိုရင်တော့ အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူရရှိထားတဲ့ အခွင့်အာဏာပေ့ါ။ ဒီဟာကို မှန်မှန်ကန်ကန်နဲ့ အသုံးချပြီးတော့သွားမယ်။ နောက်တစ်ခုက တကယ် ပကတိဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ဘဝကို အမှန်တိုင်းသိမယ်။ မြင်မယ်။ အဲ့ဒီဟာတွေကို တွေ့တယ်မြင်တယ် တကယ်လုပ်ဆောင်သွားမယ်ဆိုရင်တော့ ပြောစရာမရှိပါဘူး။ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဦးသောင်းအေးက မတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်မှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူဦးဆောင်လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံခြားရေးရာနဲ့ ရခိုင်ကိစ္စကို ဖိဖိစီးစီး ကိုင်တွယ်နိုင်ဖို့အတွက် ကျန်တဲ့တာဝန်တွေကို သမ္မတဦးဝင်မြင့်ကို လွှဲပေးနိုင်တယ်လို့ နိုင်ငံရေးလေ့လ စောင့်ကြည်သူတွေက သုံးသပ်နေကြပါတယ်။

ဒီလိုသာ ဒေါ်အောင်ဆန်းစုကြည်က တာဝန်တချို့လွှဲပြောင်းပေးခဲ့ရင်တော့ သမ္မတဦးဝင်းမြင့် အနေနဲ့ အစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်သုံးခုဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက် မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး စတဲ့ အချက်တွေထဲက တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေးတာဝန်ကို အဓိကထားဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၁၀ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတဦးဝင်းမြင့်ဟာ တရားလွှတ်တော်ရှေ့နေ တစ်ယောက်လည်း ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။

“သူက ရှေ့နေတစ်ယောက် ဖြစ်တယ်။ သူကိုယ်တိုင်အဖိနှိပ်ခံ ရှေ့နေဗျာ။ မတရားတဲ့ ဘားကောင်စီဥပဒေနဲ့ လိုင်စင်ရုပ်သိမ်းခံရတယ်။ ထောင်ထဲလည်း နေခဲ့ရပြီးပြီ။ အဲဒီလို တရားစီရင်ရေးစနစ်က ဘယ်လိုလဲဆိုတာ သူကောင်းကောင်းသိတယ်။ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အတွေ့အကြုံတွေလည်း အများကြီး ရှိလာပြီ။ အဲဒီအခါကျတော့ သူ ဒီနေရာကို ရောက်တာ ကျွန်တော်တို့ ဝမ်းသာတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အပိုင်းမှာ ပိုပြီးတော့ လုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ တရားရုံးတွေသာမက တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကိုလည်း ပြုပြင် ပြောင်းလဲမှုလုပ်ဖို့ လိုအပ်တယ်လို့ ဦးသိန်းသန်းဦးက ဆက်ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ တရားရုံးတွေချည်း ပြောတာမဟုတ်ဘူး။ တရားရုံးတစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းဖြစ်တဲ့ ရဲတို့၊ ထွေအုပ်တို့ အကုန်လုံးပါတာပေါ့။ အဲဒါတွေက သူ့လက်အောက်မှာတော့ တိုက်ရိုက်မရှိဘူး။ ဒါပေမဲ့ သူကတော့ လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည် သတ္တိဗျတ္တိနဲ့ အဲဒီဟာတွေကို ကိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ အဓိက အဟန့်အတားက တရားရုံးတွေ၊ ရှေ့နေချုပ်ရုံးတွေ မဟုတ်ဘူး။ ရဲတို့ထွေအုပ်တို့ ဒီတရားဥပဒေ မစိုးမိုးတဲ့ ဌာနတွေ အများကြီးပဲ။ အဲဒါတွေကို သူ့ဘက်က လုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်တယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သမ္မတဦးဝင်းမြင့် အနေနဲ့ အစိုးရဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်ကြေညာပေးဖို့ကိစ္စကို လုပ်ဆောင်နိုင်ပါက အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု လျော့ကျသွားမယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။

“တရားဥပဒေစိုးမိုးရေး အပိုင်းမှာပဲ ဦးဝင်းမြင့် လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရှိစဉ်ကာလက အဆိုတင်သွင်းခဲ့တာရှိတယ်။ အစိုးရဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်ကြေညာဖို့ကို ပထမအကြိမ် လွှတ်တော်တုန်းက တင်ခဲ့တာရှိတယ်။ ဒါက တရားဥပဒေစိုးမိုးရေးအတွက် အင်မတန် အရေးကြီးတယ်။ အဲဒီအချိန်တုန်းကတော့ USDP လွှတ်တော်ဆိုတော့ အဆိုက မအောင်ခဲ့ဘူး။ သူ အခုသမ္မတဖြစ်တဲ့အချိန်မှာ ဒါကလည်း ဥပဒေအရ လုပ်ကိုလုပ်ရမယ့်အရာ။ ဒီကိစ္စလေးကို လုပ်ပေးနိုင်မယ်ဆိုရင် ကျန်တဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုသည် ပပျောက်သွားဖို့ မျှော်လင့်ချက်ရှိတယ်။ ပပျောက်တယ်ဆိုတာထက် လျော့ကျသွားဖို့ပေါ့နော်။ လျော့ကျသွားဖို့ အများကြီးရှိတယ်လို့ မျှော်လင့်ထားတယ်” လို့ ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

တရားဥပဒေ စိုးမိုးရေးအပြင် NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်း ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေကိုလည်း သမ္မတ ဦးဝင်းမြင့်လက်ထက်မှာ ပြန်လည်တည့်မတ်ပေးနိုင်လိမ့်မယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

Myanmar Insider စီးပွားရေး ဂျာနယ်က သုံးလတကြိမ် ပြုလုပ်တဲ့ စီပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ မတ်လအတွက်လုပ်တဲ့ စစ်တမ်းအရ စီးပွားရေးအခြေအနေ မကောင်းဘူးလို့ ၅၃ ရာခိုင်နှုန်းကျော်က ဖြေဆိုပြီး ရာခိုင်နှုန်း ၃၀ က အလွန်မကောင်းလို့ ဖြေဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် နောက်ဆုံးသုံးလမှာ လုပ်ခဲ့တဲ့စစ်တမ်းမှာတော့ ၆၃ ရာခိုင်နှုန်းလောက်က မကောင်းဘူးလို့ ဖြေဆိုပြီး ၁၈ ရာခိုင်နှုန်းကျော်က အလွန်မကောင်းဘူးလို့ ဖြေခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထက် မကောင်းဘူးဆိုတဲ့ ဖြေဆိုသူ တိုးလာခဲ့တာပါ။

နောက်ပြီး ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်း အလားအလာတွေအပေါ် ယုံကြည်မှုရှိသူကလည်း လျော့နည်းသွားပါတယ်။ လာမယ့်သုံးလမှာ စီးပွားရေးလုပ်ငန်းတွေမှာ ပိုပြီးရင်းနှီးမြှုပ်နှံမလားဆိုတဲ့ မေးခွန်းကိုတော့ ၃၃ ရာခိုင်နှုန်းကျော်က ရင်းနှီးမြှုပ်နှံတာ မလုပ်ဘူးလို့ ဖြေကြားပါတယ်။ ရာခိုင်နှုန်း ၃၀ ကတော့ ရင်းနှီးမြှုပ်နှံမယ်လို့ ဖြေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ယှဉ်ရင် ရင်းနှီးမြှုပ်နှံမှု မလုပ်မယ့်သူတွေ ပိုတိုးလာသလို အများအပြား ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့သူတွေလည်း ပိုတိုးလာခဲ့တာပါ။ ဖြေဆိုသူ အများစုဟာ အခွန်အပါအဝင် ကုန်ကျစရိတ်တွေကြောင့် စီးပွားရေး အလားအလာကို သက်ရောက်မှု တွေများနေတယ်လို့ ဖြေပါတယ်။ ဒီစစ်တမ်းဟာ အလုပ်သမား ဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိရှိတဲ့ လုပ်ငန်းရှင်တွေကို မေးမြန်းထားတာဖြစ်တယ်လို့ Myanmar Insider ဂျာနယ်ကဆိုပါတယ်။

ဒီလိုဖြစ်နေရတဲ့ မြန်မာ့စီးပွားရေး အခြေအနေသမ္မတ ဦးဝင်းမြင့်လက်ထက်မှာ ပြန်လည်တည့်မတ်အောင် လုပ်နိုင်မလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

“အဓိကကတော့ စီးပွားရေး အပိုင်းပေါ့။ တိုင်းပြည်ရဲ့ စီးပွားရေး ဦးမော့လာစေချင်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကလည်း စီးပွားရေးက အင်မတန်မှ နှေးကွေးနေတာကို တွေ့ရတယ်။ အားလုံးလည်း အသိပါပဲ။ ကျွန်မတို့ဖြစ်စေချင်တာကတော့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာအောင်ပေါ့။ စီးပွားရေးဦးမော့လာအောင် ပထမဆုံး ဆောင်ရွက်စေချင်တယ်” လို့ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားပါတယ်။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ တိုးတက်နိုင်မယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇော်က ဆိုပါတယ်။

“အစိုးရအဖွဲ့ ပြန်ဖွဲ့ရမယ်။ ဝန်ကြီးချုပ်တွေ လဲပေးရမယ်။ အဲဒါတွေမပါရင် တိုးတက်ဖို့ သိပ်မလွယ်ဘူး။ ဦးဝင်းမြင့် လုပ်ရဲမလား။ လုပ်တာကိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လွှတ်ပေးမလား” လို့ ဦးနေလင်းဇော်က မေးခွန်းထုတ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ သမ္မတဦးဝင်းမြင့် ပထမဆုံးမိန့်ခွန်းမှာ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ကြပ်မတ်ဖို့ လုပ်ဆောင်သွားမယ့်အပြင် အဂတိလိုက်စားမှုကိုလည်း ပိုမိုတိုက်ဖျက်ရေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တဲ့အပေါ် ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ခြေက ဗျူရိုကရေစီယန္တရားတွေမှာ မိုးကျရွှေကိုယ်တွေ၊ ကြိုးနီစနစ်တွေနဲ့ အဂတိလိုက်စားမှုတွေက အမြစ်တွယ်နေတဲ့အတွက် ဒီအပေါ်မှာ ပြုပြင်ပြောင်းလဲပေးဖို့ ပြည်သူတွေက တောင်းဆိုနေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလိုတောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ ပြောင်းလဲနိုင်မှု မရှိခဲ့တဲ့အပေါ် ပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူတွေက စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါတယ်။

“ကျွန်မတို့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပေါ့။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလည်း သေသေချာချာ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြောရမယ်ဆိုရင်တော့ အပြစ်ရှိလာတယ်ဆိုရင် ချက်ချင်းအရေးယူ ဆောင်ရွက်တာမျိုးတွေ။ မတိုးတက်တဲ့ဌာနတွေကို အပြောင်းအလဲတွေ လုပ်စေတာမျိုးတွေ တကယ်အလုပ်မလုပ်တဲ့ ဝန်ထမ်းတွေကို သေသေချာချာ ကိုင်တွယ်စေချင်တာပေါ့” လို့ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “နိုင်ငံရေးရော လွှတ်တော်အတွေ့အကြုံရော ရှိထားပြီဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာ ပိုပြီးတော့ နက်နက်နဲနဲ လုပ်နိုင်မယ်ထင်တယ်။ အဂတိတိုက်ဖျက်ရေးလည်း သူက နဂိုကတည်းက စိတ်သန်တယ်။ ပြောသွားတဲ့မိန့်ခွန်းမှာ လိုအပ်ချက်တွေ အကုန်လုံးပြောသွားတယ်။ အဲဒီမိန့်ခွန်းကို ကြည့်လိုက်ရင် သူ့သဘောထားကို တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အကောင်းကို ပိုမျှော်လင့်တာပေ့ါနော်။ ငြိမ်းချမ်းရေးအတွက်လည်း ပိုမျှော်လင့်တယ်။ သမ္မတသစ်လည်း ဖြစ်တယ်။ အရှိန်နဲ့အဟုန်နဲ့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ မတ် ၃၀ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပြီးဆုံးချိန်မှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်လို့ NLD အစိုးရ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေစောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparency International) ကနေ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းက နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် အဆင့် ၁၃၆ မှာ ရှိခဲ့ပါတယ်။ ဒါဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရသက်တမ်းငါးနှစ်အလွန် NLD အစိုးရလက်ထက်မှာ အညွှန်းကိန်းအဆင့် တက်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဂတိလိုက်စားမှု အဆိုးဆုံးစာရင်းမှာ မြန်မာနိုင်ငံက ပါဝင်နေဆဲဖြစ်ပါတယ်။ အဂတိလိုက်စားမှု အလိုက်စားဆုံးနိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြတဲ့အထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အဆင့်က ၁၃၆ ဆိုပေမဲ့ အမှတ် ၁၀၀ မှာ ၂၈ မှတ်သာရတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အောင်မှတ်မရသေးပါဘူး။

သမ္မတ ဦးထင်ကျော်ကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး မကြာခင်ထွက်ရှိလာတဲ့ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Transparency International) ကနေ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေပြ အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ မှာ ရှိခဲ့ပါတယ်။

ဒါကြောင့် အဂတိလိုက်စားမှု အခြေအနေနဲ့ ပတ်သက်လို့ NLD အစိုးရလက်ထက်မှာ အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆင့်သတ်မှတ်မှုက တက်လာတာကို တွေ့ရပါတယ်။ အဆင့်သတ်မှတ်မှု တက်လာပေမယ့် NLD အစိုးရလက်ထက်မှာလည်း အဂတိလိုက်စားမှု အလိုက်စားဆုံးနိုင်ငံတွေကို အနီရောင်နဲ့ ဖော်ပြတဲ့အထဲမှာ မြန်မာနိုင်ငံက ပါဝင်နေပါသေးတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ၂၀၁၈ ခုနှစ်မတ် ၁၃ ရက်က လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးက ဆွေးနွေးခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုပြီးပါက ကျော်စောသတင်းထွက်နေသူတွေကို ကော်မရှင်ကနေ စုံစမ်းစစ်ဆေးအရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရရှိလာမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက လွှတ်တော်အပြီးမှာ ပြောကြားထားပါတယ်။

လက်ရှိ အသစ်ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စွမ်းဆောင်ရည်ကလည်း လပိုင်းလောက်သာရှိသေးပေမဲ့ သိသိသာသာ တိုးတက်မှုတွေရှိနေသလို သမ္မတသစ်၊ ကော်မရှင်သစ်နဲ့ လွှတ်တော်ကနေ ဥပဒေသစ်ကို ပြင်ဆင်ပြဋ္ဌာန်းပြီးချိန်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စီးပွားရေးပညာရှင် ဦးမြင့် ပြောသလို ငါးကြီးကြီးတွေ ကြော်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးနဲ့ အဂတိလိုက်စာမှု တိုက်ဖျက်ရေးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေလို့ ဖြစ်ပါတယ်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု ရှိရပါမယ်။ တရားဥပဒေစိုးမိုးဖို့အတွက် အုပ်ချုပ်ရေးပိုင်းက အဂတိလိုက်စားမှု ကင်းရှင်းရမှာဖြစ်ပြီး အဂတိလိုက်စားမှုသာ ရှိနေမယ်ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိနိုင်သလို လူမှုစီးပွားကလည်း ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် သမ္မတဦးဝင်းမြင့် အနေနဲ့ အစိုးရသက်တမ်းရဲ့ လက်ကျန်သုံးနှစ်မှာ သူ ပထမဆုံးပြောကြားထားတဲ့ မိန့်ခွန်းထဲက ဦးစားပေး ရည်မှန်းချက်ပန်းတိုင်သုံးခုနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ရှစ်ချက်ထဲက ဘယ်အချက်တွေကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

“ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ ကတိပြုထားပါတယ်။

Most Read

Most Recent