ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အကြံပြုချက်များကို ကနဦးရေးသားစဉ်က ရည်ရွယ်ချက်အတိုင်း ဘက်လိုက်မှုမရှိဘဲ မျှတစွာ အပြည့်အဝအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း OCHA ၏ လက်ထောက်အတွင်းရေးမှူးချုပ် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အကြံပြုချက်များကို ကနဦးရေးသားစဉ်က ရည်ရွယ်ချက်အတိုင်း ဘက်လိုက်မှုမရှိဘဲ မျှတစွာ အပြည့်အဝအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း OCHA ၏ လက်ထောက်အတွင်းရေးမှူးချုပ် ပြောကြား
Published 9 April 2018

လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စများအတွက် ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်၊ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင် နေရပ်စွန့်ခွာတိမ်းရှောင်သူစခန်းမှ ကလေးငယ်များအား ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်က တွေ့ဆုံနှုတ်ဆက်စဉ် (Photo: UN OCHA Myanmar)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အကြံပြုချက်များကို ကနဦးရေးသားစဉ်က ရည်ရွယ်ချက်အတိုင်း ဘက်လိုက်မှုမရှိဘဲ မျှတစွာ အပြည့်အဝအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း OCHA ၏ လက်ထောက်အတွင်းရေးမှူးချုပ် မစ္စအာရ်ဆူလာမြူလာက ဧပြီ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာမှု အရေးကိစ္စများဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်အခြေအနေ ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ၏ ခြောက်ရက်တာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ရာ ယင်းခရီးစဉ်နှင့်ပတ်သက်၍ United Nation OCHA Myanmar က ဧပြီ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ရခိုင်ပြည်နယ်ရှိ လူထုအသိုင်းအဝိုင်းအားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်သို့ ဦးတည်သည့် အရေးကြီးသောလမ်းညွှန်ချက်များကို အကြံပြုပေးထားပြီး အဆိုပါအကြံပြုချက်များကို ကနဦးရေးသားစဉ်က ရည်ရွယ်ချက်အတိုင်း ဘက်လိုက်မှုမရှိဘဲ မျှတစွာဖြင့် အပြည့်အဝ၊ အလုံးစုံ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်” ဟု မစ္စအာရ်ဆူလာမြူလာက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်နိမိတ် နှစ်ဖက်စလုံးတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ မတူညီသောနေရာများရှိ လူထုအသိုင်းအဝိုင်းအားလုံးဆီသို့ သွားရောက်နိုင်ရန် နိုင်ငံတော်အစိုးရက သူမကို သွားလာခွင့်ပြုခဲ့ခြင်းကို ဝမ်းမြောက်စွာ လက်ခံကြိုဆိုကြောင်း၊ သို့သော် အာဏာပိုင်များမှ မွတ်စလင်လူထု၏ သွားလာခွင့်အား ဆက်လက်ကန့်သတ်ချက်များ ထားရှိနေခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများကန့်သတ်မှုများ ဆက်လက်ကြုံတွေ့နေရခြင်းအပေါ် သူမအနေဖြင့် စိုးရိမ်ပူပန်မိကြောင်း OCHA ၏လက်ထောက်အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“အကြံပြုချက်များကို မှန်ကန်စွာဖြင့် အကောင်အထည်ဖော်၊ ဖြေရှင်းဆောင်ရွက်ပါက တိုင်းရင်းသား ရခိုင်လူမျိုးများ၊ မွတ်စလင်များ သို့မဟုတ် အခြားလူနည်းစုမှလူများ၊ မည်သူပင်ဖြစ်စေ ရခိုင်ပြည်နယ်ရှိ ထိခိုက်အလွယ်ဆုံး အခြေအနေရှိသော၊ အနွမ်းပါးဆုံးသော လူထုအသိုင်းအဝိုင်းအားလုံးမှ လူများ၏ဘဝများကို ကြီးမားစွာပြောင်းလဲစေပါလိမ့်မည်” ဟု OCHA ၏လက်ထောက်အတွင်းရေးမှူးချုပ်က ထပ်မံပြောကြားခဲ့သည်။

ခရီးစဉ်အစတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မစ္စအာရ်ဆူလာမြူလာသည် သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် ပဋိပက္ခများအဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကြိုးပမ်းမှုများ ပိုမိုအားကောင်းစေရန် ဆောင်ရွက်ချက်များ၏ အရေးပါမှုကို ဆွေးနွေးခဲ့ကြကြောင်း၊ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူ အားလုံးအနေဖြင့် ၎င်းတို့လိုအပ်သော လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနှင့် အကူအညီများရရှိစေရန်အတွက် ကုလသမဂ္ဂနှင့် ၎င်း၏လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မစ္စအာရ်ဆူလာမြူလာက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် OCHA ၏လက်ထောက်အတွင်းရေးမှူးချုပ်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနများမှဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့များနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သည့်အခြေအနေ၊ စိန်ခေါ်မှုများနှင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခွင့်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

OCHA ၏ လက်ထောက်အတွင်းရေးမှူးချုပ်သည် လူဦးရေ ၁၃၀,၀၀၀ ခန့် (အများစုမှာ ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟုခေါ်ဆိုသူများ) နေထိုင်လျက်ရှိသော စခန်းများသို့လည်းကောင်း၊ မောင်တောမြို့နယ်သို့လည်းကောင်း သွားရောက်ခဲ့ပြီး ယခင်နှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသော ဒေသခံလူထုများနှင့်လည်း တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အစိုးရက ဆောက်လုပ်လျက်ရှိသော ဒုက္ခသည်များကို ပြန်လည်လက်ခံမည့်နေရာနှင့် အိမ်အသစ်များ ပြန်လည်ဆောက်လုပ်သည့် စီမံချက်များသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မီးလောင်ပျက်စီးသွားသော သို့မဟုတ် ဘူဒိုဇာများဖြင့် ဖယ်ရှားခံရသော ရွာများကိုလည်း တွေ့မြင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စခန်းများရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် တွေ့ဆုံစကားပြောခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ပဋိပက္ခများသည် အရပ်သားများ နေထိုင်သည့်နေရာများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ စခန်းများအနီးတွင် ဖြစ်ပွားလျက်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လမ်းများ၊ ကွင်းပြင်များတွင် မြေမြှုပ်မိုင်းများ ချထားခြင်းကို ဆက်လက်ပြုလုပ်နေကြကာ လူများမှာ ၎င်းတို့၏အိမ်များမှ ဆက်လက်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပါသည်” ဟု OCHA ၏ လက်ထောက်အတွင်းရေးမှူးချုပ်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးစီမံကိန်းတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ လူဦးရေ ၈၃၂,၀၀၀ တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈၃ သန်းကို တောင်းခံထားပြီး မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများ အပူတပြင်းလိုအပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Most Read

Most Recent