အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ (ဗဟို) နေပြည်တော်၌ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ (ဗဟို) နေပြည်တော်၌ ကျင်းပ
Published 8 April 2018

နေပြည်တော်၌ ဧပြီ ၇ ရက်က NLD ပါတီ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ (ဗဟို) ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ် ညီလာခံ (ဗဟို) ကို ဧပြီ ၇ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့သည်။

အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ (ဗဟို) အခမ်းအနားတွင် ဦးဝင်းထိန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့်လူငယ်များအား အမှာစကားပြောကြားခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

သဘာပတိဦးဝင်းထိန်က “အခုတက်ရောက်လာတဲ့ လူငယ်တွေထဲမှာ ပညာတတ်တွေ တော်တော်ပါလာတယ်။ အတွေ့အကြုံရှိသူတွေဖြစ်နေတာ တွေ့ရတယ်။ ကြိုးစားကြပါ။ နောင်တစ်ချိန်မှာ ပါတီကိုဦးဆောင်နိုင်အောင်၊ နိုင်ငံကိုဦးဆောင်နိုင်အောင် ကြိုးစားစေချင်ပါတယ်။ အသက်ငယ်သော်လည်း ထက်မြက်တဲ့သူတွေပါတယ်ဆိုတာ ကြားရတော့ ဝမ်းသာမိပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေ ပါလာတော့ NLD ပါတီရဲ့ အလားအလာ ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပါတီရဲ့ အလားအလာကောင်းလာအောင် သားတို့သမီးတို့ အရည်အချင်းတိုးတက်အောင် ကြိုးစားကြရမယ်။ နှိမ့်ချတတ်အောင် ကြိုးစားကြရမယ်။ နေရာဆိုတာ လုပ်ယူလို့ရတာရှိသလို၊ လုပ်မယူဘဲ ရလာတာလည်းရှိတယ်။ အခုသမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ဆိုရင် သမ္မတဖြစ်မယ်ဆိုပြီး လုပ်လာခဲ့တာမဟုတ်ဘူး။ အခြေအနေ အချိန်အခါအရ ဖြစ်လာတာပါ။ သမ္မတအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူပြည်သားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟုပြောကြားသည်။

အဆိုပါလူငယ်ညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ လူငယ်ကိုယ်စားလှယ် ၂၆၀ ကျော် တက်ရောက်ခဲ့သည်။

“လူငယ်ကဏ္ဍက အရေးကြီးပါတယ်။ အရင်က ပါတီလူငယ်အနေနဲ့ ဝင်လုပ်ခဲ့တဲ့သူတွေက အခုဆိုရင် လူကြီးနေရာရောက်နေပါပြီ။ နေရာကို လုပ်ယူခဲ့တာမဟုတ်ပါဘူး။ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့သူတွေပါ။ အဲ့ဒီတော့ သူတို့လည်း ကျရာကဏ္ဍကနေ တာဝန်ထမ်းဆောင်ရင်း အခုထိလုပ်နေကြတာပါ။ လူငယ်တွေအနေနဲ့ နေရာရရေးကိုဦးတည်ပြီး အကောင်အထည်မဖော်စေချင်ပါဘူး။ ကျွန်တော်တို့တွေ နောက်လိုက်ကောင်းဖြစ်ဖို့လိုပါတယ်။ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်နေရာရောက်လာရင် ခေါင်းဆောင်ကောင်းဖြစ်လာမှာပါ။ ရိုးသားမှုနဲ့ လုပ်ရပါမယ်။ ရဲဘော် ရဲဘက်ကို ခုတုံးမလုပ်ရဘူး။ အပြန်အလှန် ယုံကြည်ရမယ်။ လေးစားရမယ်။ ပါတီအပေါ်မှာ ရိုးသားရမယ်” ဟု ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် ခေါင်းဆောင်က ချမှတ်ထားသည့် လမ်းစဉ်အတိုင်း လုပ်ဆောင်သင့်ကြောင်း၊ ပါတီအတွက် ဒေါင်ဒေါင်မြည်သည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဖြစ်အောင် တည်ဆောက်ရေးတွင် အင်အားများစွာလိုကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

“အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နေရတဲ့အခါမှာ ကျွန်တော်ပြည်ပရောက်တဲ့ နှစ်လတာကာလမှာ ဒီကိစ္စက ခေါင်းထဲမှာ အမြဲတမ်းဖြစ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်။ လုပ်တဲ့လုပ်ငန်းတွေက မှန်တယ်။ ပြည်သူလူထုကလည်း ထောက်ခံတယ်။ ဒါပေမဲ့ ပြည်ပဖိအားတွေ ပိုပိုပြီးများလာတယ်။ ပြည်တွင်းမှာလည်း လုပ်ငန်းတချို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ အနီးကပ်နေတဲ့ ကျွန်တော်တို့၊ ဝန်ကြီးချုပ်တွေ အားလုံးသိတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကြောင့်ပဲ။ ကျွန်တော်ဆိုရင် ဟိုမှာစဉ်းစားရင်းနဲ့ တစ်ချက်တစ်ချက်မှာ စိတ်တိုမိတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် ကောင်းအောင်လုပ်နိုင်ရဲ့သားနဲ့ ဒီကန့်သတ်ချက်တွေကြောင့် ရှေ့ကိုတိုးတိုင်းတိုးတိုင်း နောက်ကိုပြန်ပြန်ရောက်နေတာ” ဟု ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် မိမိတို့၏ အဓိကရည်မှန်းချက်သည် များစွာရှိပြီး ငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးသည် အင်မတန်အရေးပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အရေးပါသည့်အတွက် လူငယ်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်အချက်များက အနှောင့်အယှက်ပေးနေသည်၊ မည်သည့်အချက်များက ပြင်ရန်လိုသည်ကို လေ့လာရမည်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ လွှတ်တော်ပြင်ပမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ဆောင်ခဲ့ကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ၏ အဓိကကန့်သတ်ချက်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှသာ ပြင်၍ရမည်ဆိုသည့်အချက်ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

“လွှတ်တော်ထဲမှာက ၂၅ ရာခိုင်နှုန်းက တပ်မတော်သားတွေ။ ကျန်တာက ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ။ အဲဒီတော့ ကျွန်တော်တို့ပါတီက ၇၅ ရာခိုင်နှုန်းတောင် မပြည့်ဘူး။ အဲဒီတော့ ဒီဖွဲ့စည်းပုံဟာ လုံးဝပြင်လို့မရအောင်လုပ်ထားတဲ့ ဖွဲ့စည်းပုံလို့ တဖြည်းဖြည်းနဲ့ သဘောပေါက်လာတယ်။ သားတို့သမီးတို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြပါ။ ကိုယ့်ဒေသမှာ ဆွေးနွေးပြီးတော့ အဖြေရှာကြပါ။ ခေါင်းဆောင်တွေရဲ့နောက်က တက်တက်ကြွကြွပါကြပါ။ အသက်လေးဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေကနေ ပါတီကိုဆွဲတင်လာတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစွမ်းပဲ။ အဲဒီလို အခြေအနေကနေ အခုလိုတိုင်းပြည်ကိုတာ ဝန်ယူရတဲ့အခြေအနေရောက်လာတာ။ လေ့လာကြပါ” ဟု ဦးဝင်းထိန်က လူငယ်များအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ (ဗဟို) အခမ်းအနားတွင် ဗဟိုလူငယ်ဦးဆောင်အဖွဲ့ရွေးချယ်ခြင်း၊ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအကြိမ်အစည်းအဝေးကျင်းပ၍ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းနှင့် တာဝန်ခွဲဝေခြင်းများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent