သင့်လျော်ကောင်းမွန်သော ဒစ်ဂျစ်တယ်မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အလွန်ကောင်းမွန်သော အလားအလာများရှိနေဟုဆို

သင့်လျော်ကောင်းမွန်သော ဒစ်ဂျစ်တယ်မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အလွန်ကောင်းမွန်သော အလားအလာများရှိနေဟုဆို
Published 8 April 2018

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ပတ်သက်၍ Telenor ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

သင့်လျော်ကောင်းမွန်သော ဒစ်ဂျစ်တယ်မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အလွန်ကောင်းမွန်သော အလားအလာများရှိနေကြောင်း တယ်လီနော၏ ဒစ်ဂျစ်တယ်မြန်မာအစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်က သတ်မှတ်သော စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လွယ်ကူမှုအညွှန်း၊ ကုလသမဂ္ဂ၏ အီလက်ထရွန်နစ်အစိုးရအညွှန်း၊ ကွန်ရက်ချိတ်ဆက်ရန် အဆင်သင့်ဖြစ်မှုအညွှန်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်မှုအညွှန်းနှင့် ဖိုင်ဘာကေဘယ်ကြိုးများဖြင့် ချိတ်ဆက်အသုံးပြုနိုင်မှု အစရှိသည့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချခြင်းဆိုင်ရာ ညွှန်းကိန်းများတွင် ဒေသတွင်းရှိ အခြားနိုင်ငံများ၏ နောက်တွင်ရှိနေခြင်းမှာ စီးပွားတိုးတက်ဖွံ့ဖြိုးမှု နိမ့်ကျခဲ့ခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း သုံးသပ်ထားသည်။

သို့သော် ဆက်သွယ်ရေးကဏ္ဍတွင် ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများနှင့် မူဝါဒများကြောင့် မိုဘိုင်းဖုန်းများနှင့်ပတ်သက်သည့် အညွှန်းကိန်းများသည် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့်တန်းတူ သို့မဟုတ် ထိုနိုင်ငံများအား ကျော်လွှားလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆင်းမ်ကတ်သုံးစွဲမှုမှာ ၁၀၅ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး စမတ်ဖုန်းသုံးစွဲမှုမှာ ရာခိုင်နှုန်း ၈၀ ရှိနေကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ 3G၊ 4G ကွန်ရက်ဖြန့်ကြက်မှုတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုပင် ဦးဆောင်လျက်ရှိပြီး လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို မိုဘိုင်းကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

အခြေခံပြုပြင်ပြောင်းလဲမှုနှင့် ကန့်သတ်ချက်များ ဖယ်ရှားလိုက်ခြင်း၏ အကျိုးရလဒ်ကို သိသာထင်ရှားစွာ တွေ့မြင်နေရသကဲ့သို့ ထပ်မံဆောင်ရွက်ရန်လိုအပ်သည့် ပိုမိုတိုးတက်ပြီး ခေတ်မီဆန်းပြားသော ပြုပြင်ပြောင်းလဲမှုများစွာလည်း ရှိနေသေးကြောင်း သိရသည်။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို စမ်းသပ်ရန် တစ်မူထူးခြားသော ဝန်းကျင်ဖြစ်လာပြီး မှန်ကန်သည့်အခြေအနေများ ဖော်ဆောင်နိုင်ပါက မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးမှာ ဒေသတွင်းရှိ နိုင်ငံများကို ခုန်ပျံကျော်လွှားနိုင်မည့် အလားအလာများရှိနေကြောင်း ခန့်မှန်းသုံးသပ်ထားသည်။

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးအတွက် တည်တံ့ခိုင်မြဲသည့် လူမှုစီးပွားရေး ဘက်စုံတိုးတက်ဖွံ့ဖြိုးရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာနိုင်ရန် အလွန်အရေးပါသည်ဟု တယ်လီနောက ယုံကြည်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင် အရေအတွက်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၀၁၉၃ ခု၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၅၁၈၃ ခုသာရှိရာမှာ ၂၀၁၇-၂၀၁၈ တွင် ၁၉၀၉၀ အထိ တိုးတက်ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏အင်တာနက် Bandwidth ပမာဏမှာ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်က 55.82 Gbps ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် 206.10 Gbps၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် 324.10 Gbps အထိ မြင့်တက်လာကြောင်း သိရသည်။

Most Read

Most Recent