မြောင်းမြကြိုးတံတား ပျက်စီးခဲ့သည်မှာ ငါးရက်ခန့်ကြာမြင့်ပြီ ဖြစ်သော်လည်း ပြည်သူများခရီးသွားလာမှု အဆင်ပြေစေရေး စေတနာရှင်တို့၏လုပ်အားဖြင့် အဓိကလုပ်ဆောင်နေရပြီး ကုန်စည်ပိုမိုတင်ဆောင်မှုကြောင့် စက်လှေတစ်စင်းနစ်မြုပ်

မြောင်းမြကြိုးတံတား ပျက်စီးခဲ့သည်မှာ ငါးရက်ခန့်ကြာမြင့်ပြီ ဖြစ်သော်လည်း ပြည်သူများခရီးသွားလာမှု အဆင်ပြေစေရေး စေတနာရှင်တို့၏လုပ်အားဖြင့် အဓိကလုပ်ဆောင်နေရပြီး ကုန်စည်ပိုမိုတင်ဆောင်မှုကြောင့် စက်လှေတစ်စင်းနစ်မြုပ်
Published 6 April 2018

လူမှုရေးအဖွဲ့အစည်းများမှ ဇက်တစ်စင်းဖြင့် မြောင်းမြမြို့ပြန်ကြားရေးဇက်ဆိပ်မှ ခရီးသည်များအား တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးနေစဉ်

မြောင်းမြကြိုးတံတား ပျက်စီးဆုံးရှုံးခဲ့သည်မှာ ငါးရက်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် စေတနာရှင်တို့၏ လုပ်အားအလှူဒါနဖြင့် ဇက်များ၊ စက်လှေများ အသုံးပြုကာ မော်တော်ယာဉ်နှင့် ခရီးသည်များ ပို့ဆောင်ပေးနေရပြီး အစိုးရပိုင်းမှ ဆောင်ရွက်နေသည့် ဇက်ဆိပ်များနှင့် ဇက်များမှာ ဧပြီ ၅ ရက် ညနေ ၃ နာရီခွဲမှသာ စတင်ပြေးဆွဲနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တံတား ပျက်စီးပြိုကျခဲ့သည့်နေ့မှစ၍ ပြည်သူများခရီးသွားမှု အဆင်ပြေစေရေးအတွက် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများ၏ စက်လှေများ၊ ဇက်ရေယာဉ်ငယ်များဖြင့် အခမဲ့ မြောင်းမြမြစ်ကို ဖြတ်ကူး၍ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ဧပြီ ၄ရက်မှ စတင်၍ စေတနာရှင်ပြည်သူများ၏ ကူညီမှုဖြင့် ဇက်ရေယာဉ်တစ်စင်းက မြောင်းမြမြို့ဘက်တွင် ပိတ်မိနေသော မော်တော်ယာဉ်များကို အခမဲ့ စတင်ပြေးဆွဲပေးခဲ့ကြောင်း၊ အစိုးရပိုင်းမှ စီမံဆောင်ရွက်ပေးနေသည့် ဇက်ဆိပ်များနှင့် ဇက်ရေယာဉ်များမှာ ဧပြီ ၅ ရက် ညနေပိုင်းမှသာ စတင်အသုံးပြု ပြေးဆွဲပေးခဲ့ပြီး မော်တော်ယာဉ်များ ရပ်နားခြင်း၊ ဇက်အတင်အချပြုလုပ်ခြင်းနှင့် ခရီးသည်များ ပို့ဆောင်ရေးတွင် စနစ်တကျဖြစ်စေရန် မီးသတ်တပ်ဖွဲ့၊  ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးမှုများ ရှိနေသော်လည်း စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များ ရှိနေကြောင်း၊ ဧပြီ ၅ရက် ညနေ ၄ နာရီအထိ မြောင်းမြမြို့ဘက်ကမ်းတွင် မော်တော်ယာဉ်အစီးရေ ၆၀ ကျော်၊ မြောင်းမြမြို့ တစ်ဖက်ကမ်းတွင် မော်တော်ယာဉ်အစီးရေ ၅၀ ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း၊ ကုန်စည်များသယ်ဆောင်ရန်အတွက် စက်လှေများကိုသာ အသုံးပြုနေရပြီး ကုန်စည်များ ပိုမိုတင်ဆောင်မှုကြောင့် ကျန်စစ်ဝင်းအမည်ရှိ စက်လှေတစ်စင်းမှာ ဧပြီ ၅ ရက် နံနက် ၁၁ နာရီတွင် ကုန်အတင်အချ ပြုလုပ်နေစဉ် နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ကို မြောင်းမြက အသိမိတ်ဆွေတွေက အကူအညီတောင်းလို့ ကျွန်တော့်ဆီ ကျွန်တော်ထည့်၊ ကျွန်တော့်ထမင်း ကျွန်တော်စားပြီး ပုသိမ်ကနေ ဇက်မောင်း လာပြီး လာကူညီပေးတာ။ ဆီကအစ ကျွန်တော့်ဘာသာ ထည့်ထားတယ်။ မနေ့ကတည်းက သယ်ပေးနေတာ။ အကြိမ်ရေ ဘယ်လောက်ဆိုတာတော့ မှတ်တောင် မမှတ်မိတော့ဘူး။ ဘယ်ဌာနနဲ့မှ ချိတ်ဆက်မထားဘူး။ ဒီက မခိုင်ဇင်ဦး (လွှတ်တော်ကိုယ်စားလှယ်)၊ ကိုလင်းလင်းတို့နဲ့ ချိတ်ဆက်ပြီး လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကူညီပေးနေတာ” ဟု ပုသိမ်မြို့မှ မြောင်းမြမြို့သို့လာရောက်၍ ကိုယ်ပိုင်ဇက်ရေယာဉ်ဖြင့် မော်တော်ယာဉ်များကို အခမဲ့ပြေးဆွဲပေးနေသူ ဦးဝင်းအောင်က ပြောကြားသည်။

ကုန်စည်များ ပိုမိုတင်ဆောင်မှုကြောင့် ကြိုးဖြင့်ဆိုင်းထားသော စက်လှေတစ်စင်း နစ်မြုပ်နေသည်ကို တွေ့ရစဉ်

ခရီးသည်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် လူမှုရေးအဖွဲ့အစည်းများမှ အလှူရှင်များ၏ အလှူငွေလှူဒါန်းမှုဖြင့် မြောင်းမြမြို့ ပြန်ကြားရေးရုံး ဇက်ဆိပ်တွင် ဆက်သွယ်ရေးဌာန ဖွင့်လှစ်ကာ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကို ကိုအောင်မြေတို့ ညီအစ်ကိုသုံးယောက်က ၁၅ သိန်း မတည်ပြီးတော့ အခြားသော အလှူရှင်တွေကနေ ကုန်ကျစရိတ်တွေ လှူဒါန်းမှုနဲ့ အခုလို လုပ်ဆောင် ပေးနေတာပါ။ တစ်ဖက်ကမ်းကို ကူးချင်တဲ့ ကားတွေဆို ကျွန်တော်တို့ဆီမှာ စာရင်းလာပေးထားပြီးတော့ စီနီယာအလိုက် ကျွန်တော်တို့ ကူးပေးပါတယ်။ အစိုးရက စီစဉ်ထားတဲ့ ဇက်တွေကတော့ ရောက်နေပါပြီ။ ဒီညနေ စကူးပေးမယ်လို့ ပြောပါတယ်”ဟု ပြည်သူများ ခရီးသွားလာရေး အဆင်ပြေစေရန် လုပ်ဆောင်ပေးနေသည့် လူမှုရေးအဖွဲ့ များမှ ဦးဝင်းမြင့်ကပြောကြားသည်။

ပြတ်ကျသွားသော မြောင်းမြကြိုးတံတားနေရာတွင် ရေစူးအနက်များ တိုင်းတာပြီး ဖြစ်သောကြောင့် မြစ်ရေတက်ချိန်တွင် ရေယာဉ်ကြီးများကို မြစ်လမ်းကြောင်း သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့်များ ပြုထားပြီဖြစ်ပြီး မော်တော်ယာဉ်များ ဇက်ကူးသွားလာနိုင်ရေးအတွက်မူ အဆင်ပြေချော့မွေ့ခြင်း မရှိသေးဘဲ ဇက်ဆိပ်ဆင်းလမ်းများ လိုအပ်မှုကြောင့် မော်တော်ယာဉ်များမှာ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း တွေ့ရှိရသည်။

Most Read

Most Recent